အက ျို းမမေ ျှာ် နှိုးဆော်သူများ

အက ျို းမမေ ျှာ် နှိုးဆော်သူများ

နိုဝင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၉) မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။

မောင်ဥယျာဉ် ရေးသည်။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ရပ်ရေးရွာရေးအတွက် အသုံး တည့်တဲ့သူတွေ ရှိခဲ့ဖူးတယ်။ ရပ်ကွက်တိုင်းနီးပါးမှာ အဲဒီလိုလူ တွေရဲ့ အခန်းကဏ္ဍက တကယ်အရေးပါခဲ့တယ်။ သူတို့က ဘွဲ့တွေ၊ ဒီဂရီတွေ တစ်သီတစ်တန်းကြီး ရချင်မှ ရပါလိမ့်မယ်။ လူကုံထံ အသိုင်းအဝိုင်းကလည်း မဟုတ်ဘူး။ ဆွေကြီးမျိုးကြီးတွေ ရှိလို့ လည်း မဟုတ်ဘူး။ အာဏာပါဝါ ဆုပ်ကိုင်ထားနိုင်ကြသူတွေလို့ ထင်ရင်လည်း မှားပါလိမ့်မယ်။ သူတို့က ရပ်ကျိုးရွာကျိုး အတွက် အကျိုးမမျှော်လင့်ဘဲ နှိုးဆော်ကြတဲ့ ရွာဆော်တွေသာ ဖြစ်ကြပါတယ်။

အခု ၂၁ ရာစုခေတ်မှာတော့ ရွာဆော်တွေရဲ့ အခန်းကဏ္ဍ က မှေးမှိန်ခဲ့ရပါပြီ။ လူတွေကိုယ်တိုင်က မအားလပ်တာရော၊ ဆယ်သွယ်ရေးကဏ္ဍ အရင်ထက် ပိုကောင်းလာတာကြောင့်ရော ရွာဆော်လုပ်ကြမယ့်သူတွေ ကိုယ်တိုင်က ရပ်ရေးရွာရေးလုပ်ဖို့ အချိန်မပေးနိုင်တော့ဘဲ ဝင်ငွေရတဲ့ အလုပ်တစ်ခုခုမှာ မဖြစ်မနေ ဝင်ရောက်လုပ်ကိုင်နေကြရတော့ ရွာဆော်လုပ်ငန်းက အလိုလို နေရင်း ပျောက်ကွယ်သွားရသလို ဖြစ်သွားတယ်။

အရင်ခေတ်တွေကတော့ ရပ်တိုင်းရွာတိုင်းမှာ ရွာဆော် တွေ ရှိခဲ့ကြတယ်။ ရပ်ထဲရွာထဲမှာ ဘာပွဲလမ်းရှိရှိ သူတို့က ဆော် သြပေးရတယ်။ ဘာအခကြေးငွေမှ မရဘဲ အများပြည်သူဝန် ဆောင်မှုလုပ်ငန်းကို စေတနာပါပါ လုပ်ပေးကြသူတွေသာ ဖြစ် တယ်။ အမျိုးသားတွေသာ ရွာဆော်အလုပ် လုပ်ကြတယ်။ အများအားဖြင့်တော့ ရပ်ရွာရဲ့ ငယ်မွေးခြံပေါက် လူကြီးပိုင်း (အသက် ၄ဝ နှစ်အထက်) တွေသာ ရွာဆော်အလုပ် လုပ်ကြတယ်။

ရွာဆော်လုပ်ကြသူတွေက ရုပ်ရည်ချောမောဖို့ မလိုပေ မယ့် အသံသြဇာတော့ ကောင်းဖို့ လိုတယ်။ ကျွန်တော် ကြုံခဲ့ဖူးတဲ့ ရွာဆော်နှစ်ယောက် ရှိတယ်။ တစ်ယောက်က အသက် ၅ဝ ကျော် ၆ဝ နီးပါး အသံသြဇာကောင်းကောင်း အိမ်ထောင်ဦးစီးတစ် ယောက်ဖြစ်ပြီး စက်ရုံလုပ်သားကြီးတစ်ယောက် ဖြစ်တယ်။ သူ့ မှာ သားသမီးတွေလည်း တစ်လှေကြီး မွေးထားသေးတယ်။ အသောက်အစားကင်းပေမယ့် ဒါဇင်ဝက်လောက်ရှိတဲ့ သားသမီး တွေအတွက် နေ့စဉ်ရုန်းကန်နေရတယ်။ ရပ်ရေးရွာရေးမှာ တက် တက်ကြွကြွ အမြဲပါဝင်တယ်။ ရွာဆော်လုပ်တဲ့အခါ အသံသြသြနဲ့ ဆော်သြလေ့ရှိတယ်။

နောက်တစ်ယောက်ကတော့ အသက် ၄ဝ ဝန်းကျင် လူပျို ကြီး။ သူအော်ရတဲ့အခါတွေမှာ ပါးစပ်နား လက်ဝါးနှစ်ဖက်ကို အော်လံလိုလုပ်ပြီး အသံပြဲကြီးနဲ့ အော်တော့တာပဲ။ လူပျိုကြီးက တော့ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ဘာအလုပ်မှ မည်မည် ရရ မလုပ်ဘူး။ ကျွန်တော်တို့ ကျောင်းပြီး ဘွဲ့ရလို့ လုပ်ငန်းခွင်ဝင် တော့လည်း ဘာလုပ်ငန်းလုပ်တာမှ မတွေ့မိဘူး။ ပေါ်ကြော့နေ တာလည်း မဟုတ်ပြန်ဘူး။ ရပ်ရေးရွာရေးမှာတော့ စိတ်ပါလက်ပါ ဝင်လုပ်နေပြန်ရော။ ပုံမှန်ဝင်ငွေရတဲ့ လုပ်ငန်းကျပြန်တော့လည်း မည်မည်ရရ ပြစရာက မရှိဘူး။

ရွာဆော်လုပ်ကြတဲ့သူတွေက ရပ်ကွက်အုပ်ချုပ်ရေးတွေနဲ့ ပလဲနံပသင့်ကြရသလို ရပ်ရွာလူထုနဲ့လည်း ဖော်ဖော်ရွေရွေ ခင်ခင်မင်မင်ရှိကြရတယ်။ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းနဲ့ ပလဲနံပ သင့်တယ်ဆိုလို့ အုပ်ချုပ်ရေးပိုင်းက လူတွေကို ဖားယားနေရတာ တော့လည်း မဟုတ်ဘူး။ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ လက် ကိုင်တုတ်လို့လည်း မဆိုနိုင်ဘူး။ ရွာဆော်လုပ်လို့ ဝန်ဆောင်ခဆို ပြီး ဝင်ငွေရပေါက်ရလမ်းလည်းရှိတာ မဟုတ်ကြဘူး။ ရပ်ကွက် ဥက္ကဋ္ဌက ခင်လို့မင်လို့ တိုက်တဲ့ လက်ဖက်ရည်လောက် သောက် ချင်သောက်မယ်၊ ဆေးလိပ်လေး တစ်လိပ်စ၊ နှစ်လိပ်စ ကောက် ဖွာချင်ရင် ဖွာမယ်၊ ကွမ်းလေးတစ်ယာ၊ နှစ်ယာ ကောက်ဝါး ကောင်း ဝါးပေလိမ့်မယ်။ ဒါပါပဲ။ ဒါ့ထက် မပိုကြပါဘူး။ ကျွန်တော် ကိုယ်တိုင် ကြုံဖူးတဲ့ ရွာဆော်ကြီးတစ်ယောက်ဆို ရပ်ရေးရွာရေး ဝါသနာကြီးလွန်းလို့ လုပ်နေတာပဲ ရှိတယ်၊ ဘာခံစားခွင့်မှ ရှိတာ လည်း မဟုတ်ဘူး။ အဲဒီအချိန်က စီမံကိန်းစီးပွားရေးစနစ်ကို ဖော် ဆောင်နေချိန်ဆိုတော့ ပိုဆိုးတာပေါ့။

သူ့ကြည့်လိုက်ရင် စွပ်ကျယ်လက်စက ဝတ်တဲ့အခါ ဝတ် တယ်၊ စွပ်ကျယ်မဝတ်တဲ့အခါ အပေါ်ပိုင်းဗလာနဲ့ ခါးဝတ်ပုဆိုးကို တော့ နှစ်နံစပ် ကွက်တုံးပုဆိုးကိုသာ ခပ်တိုတို ဝတ်ဆင်ထားလေ့ ရှိတယ်။ ပခုံးပေါ်မှာ တဘက်တစ်ထည် အမြဲလွှားထားတာ ရွာ ဆော်ကြီးရဲ့ ပုံစံပဲ။ ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်ရောက်ရင် ကျွဲ ကော်ကိုင်းမျက်မှန်အထူကြီးတပ်လို့ ရပ်ကွက်ထဲက လက်ဖက် ရည်ဆိုင်မှာ တစ်နေကုန် ကျောက်ချထိုင်တယ်။ ဗလာစာအုပ်တစ် အုပ်ရယ်၊ ခဲတံ နီပြာတံတစ်ချောင်းရယ်၊ ကံကြမ္မာလက်မှတ်တွေ ပေါ်မှာ ရောင်စုံခြယ်လို့ တွက်ရေးက စက်သူဌေးလုပ်နေလေ့ရှိ တယ်။ ဆေးပေါ့လိပ်ကြီး လက်ကြားညှပ် မီးခိုးချောင်းချောင်းထ အောင် ဖွာရင်း စဉ်းစားခန်းဝင်တဲ့အခါလည်း ရှိတာပဲ။

တကယ်တော့ ရွာဆော်ဆိုတာ အများပြည်သူအကျိုးကို သယ်ပိုးပေးရတဲ့ ဝန်ဆောင်မှုတစ်မျိုးသာ ဖြစ်တယ်။ အခုခေတ် လို ဝန်ဆောင်မှုဆိုတဲ့ ဝေါဟာရ ဖောဖောသီသီ မသုံးခင်ကတည်း က မြန်မာ့လူ့အဖွဲ့အစည်းမှာ ပေါ်ပေါက်ခဲ့ကြသူတွေ ဖြစ်တယ်။

မနေ့တစ်နေ့ကလောက်အထိ ရွာဆော်လုပ်ခဲ့ကြတဲ့သူတွေ ရှိခဲ့သေးတယ်။ ဒီဘက် လေး၊ ငါးနှစ်အတွင်းမှာ ပျောက်ကွယ်သွား ကြရတာပါ။ အရင်ကတော့ သြင်္ကန်အတွက် အစည်းအဝေးခေါ် တော့လည်း သူတို့ပဲ ရပ်ကွက်ထဲ လှည့်ဆော်သြရတာပါပဲ။ အလှူ၊ အစည်းအဝေး၊ ရပ်ကွက်ထဲက လူူတွေ ဖိတ်ချင်ရင်လည်း သူတို့ကို အားကိုးကြရတာပဲ။

ရပ်ကွက်ထဲ သာရေးနာရေးရှိတော့လည်း အရပ်ထဲ ခြေတို အောင် လျှောက်ပြီး တစ်အိမ်တက်ဆင်း ဖိတ်ကြရပြန်တယ်။ ကျွန်တော်တို့ခပ်ငယ်ငယ် ကလေးဘဝတုန်းကတော့ သြင်္ကန်နားနီးလို့ ရွာဆော်ကြီးက အရပ်ထဲ သြင်္ကန်အစည်းအဝေး လိုက်ဖိတ်ရင် ပျော်နေတော့တာပေါ့။ ဒီလိုအစည်းအဝေးခေါ်တယ် ဆိုတာ သြင်္ကန်ရောက်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်လား။ သြင်္ကန်အစည်းအဝေးက သြင်္ကန်မတိုင်ခင် တစ်ပတ်၊ ဆယ်ရက် လောက်အလိုမှာ လုပ်လေ့ရှိတယ်။ ရွာဆော်ကြီးက အစည်း အဝေးမလုပ်ခင် နှစ်ရက်လောက်အလို ညနေပိုင်း နေညိုချိန် လောက်မှာ ရပ်ကွက်ထဲလှည့်ပြီး အစည်းအဝေးဖိတ်တယ်။

”ရပ်ကွက်အတွင်း မှီတင်းနေထိုင်ကြသော လုပ်သားပြည် သူအပေါင်းတို့ခင်ဗျား၊ မဟာသြင်္ကန်အထူးအစည်းအဝေး ကျင်းပ ပြုလုပ်မည် ဖြစ်ပါသဖြင့် လာမည့် ဥပုသ်နေ့ ညနေ ၅းဝဝ နာရီ အချိန်မှာ ဥက္ကဋ္ဌနေအိမ်သို့ တစ်အိမ်တစ်ယောက် ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် ခင်ဗျား”

ကျွန်တော်တို့ ကလေးတစ်သိုက်ကတော့ ရွာဆော်ကြီး အသံ ကြားလိုက်ရကတည်းက သြင်္ကန်လေညင်းတွေ ရှူ ရှိုက် လိုက်ရသလို ကြက်သီးတွေ တဖြန်းဖြန်းထစမြဲ။ မရောက်သေးတဲ့ သြင်္ကန်အတွက် ကြိုပြီး ပျော်နေကြပြီ။ ဈေးချိုသံဖြူတန်းက ဝယ် လာတဲ့ ရေပြွတ်တွေ၊ ရေသေနတ်တွေနဲ့ အလုပ်ရှုပ်နေကြပြီ။ အစ် ကိုအရွယ်ကာလသားတွေက သြင်္ကန်သံချပ်အတွက် အချောသပ် ကြတဲ့ ကာလတွေပေါ့။ ဦးလေးတွေ၊ ဦးကြီးတွေကတော့ သြင်္ကန် ပိတ်ရက်ရှည်တွေအတွက် အခုကတည်းက ပြင်ဆင်ကြရတဲ့ အချိန်လည်း ဖြစ်တယ်။

သြင်္ကန်အစည်းအဝေးဆိုတာလည်း ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ သြင်္ကန်ရက်တွေအတွက် သီလပွဲကုသိုလ်ရှင် ရွေး ချယ်တာ၊ နှစ်ဆန်းတစ်ရက်နေ့ ညနေ ပရိတ်တရားပွဲအတွက် တာဝန်ခွဲဝေတာလောက်ပါပဲ။ အစည်းအဝေးမှာလည်း ရွာဆော် ကြီး ဆော်သြသလို တစ်အိမ်တစ်ယောက် တက်ကြ၊ ဝိုင်းဝန်းဆွေး နွေးအကြံပြုကြနဲ့ ပျော်စရာကောင်းတဲ့ အစည်းအဝေးတွေ ဖြစ်ခဲ့ ကြတယ်။

သာရေး၊ နာရေးရှိတော့လည်း ရွာဆော်ကြီးတွေကပဲ ဖိတ် မန္တကပြုပေးခဲ့ကြသေးတာပါ။ ကလေးပုခက်တင် ကင်ပွန်းတပ် တာက အစ ရှင်ပြုနားသ အလှူမင်္ဂလာဆောင်အဆုံး ဖိတ်ကြား ရေးကို သူတို့ပဲ တာဝန်ယူသွားကြတယ်။ အဲဒီတုန်းက လူတွေက လည်း ချောင်ချောင်လည်လည်ရှိတော့ ရွာဆော်တွေက ဗျို့ဟစ် လိုက်ရင် ရောက်ချလာကြတာချည်းပဲ။ ဘာပွဲလမ်းလုပ်လုပ် စည် စည်ကားကား သိုက်သိုက်ဝန်းဝန်းတော့ ရှိကြတယ်။ ဖိတ်စာ ဓလေ့ ရှိနေပြီ ဖြစ်ပေမယ့် ကာယကံရှင်နေထိုင်တဲ့ ရပ်ရွာအတွက် ဖိတ်စာတွေနဲ့ တကူးတက ဖိတ်ကြားနေစရာ မလိုဘူး။ ပွဲလေး လမ်းလေးရှိလို့ ရွာဆော်တွေက ဗျို့ဟစ်လိုက်ရင် ‘ကလေးလက် တို့  အိမ်ဘူးစို့ ခွေးအို့အို့’ဆိုသလို ရောက်ချလာကြတယ်။

နာရေးပို့စရာရှိရင်လည်း ရွာဆော်တွေကပဲ လိုက်ပါပို့ ဆောင်ကြဖို့ ဆော်သြကြတယ်။ မြန်မာလူ့အဖွဲ့အစည်းကလည်း မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုတဲ့ ဆိုရိုးလိုလို နီတိလို လိုတွေနဲ့ ယဉ်ပါးခဲ့ကြရတော့ နှစ်ခါခေါ်စရာမလိုဘူး။

အခုခေတ်ကတော့ လမ်းထိပ်တိုင်းနီးပါး ကွန်ပျူတာစာစီနဲ့ မိတ္တူဆိုင်တွေက ရှိနေတော့ ဘာလေးလုပ်လုပ် ဖိတ်စာနဲ့ ဖြစ်လာ ကြပြီ။ ဆိုင်ဖွင့်ပွဲလည်း ဖိတ်စာနဲ့၊ အိမ်တက်လည်း ဖိတ်စာနဲ့၊ အစည်းအဝေးလုပ်လည်း ဖိတ်စာနဲ့ ဖြစ်လာတယ်။ ဖိတ်စာတွေ ပေါ်လာတော့ ရွာဆော်တွေရဲ့ အခန်းကဏ္ဍကလည်း အလိုလိုမှေး မှိန်လာတယ်။

ဖိတ်စာနဲ့ ဖိတ်တာ စနစ်ဇယားကျတာလည်း အမှန်ပါပဲ။ လာစေချင်သူကို ရွေးချယ်ပြီး ဖိတ်ခွင့်ရတော့ လေးစားကြောင်း ပြသရာလည်း ရောက်တာပေါ့။ ဒါပေမဲ့ ဖိတ်စာနဲ့ ဖိတ်တဲ့အခါ အရေးတကြီး သတိထားရမယ့် အချက်တော့ ရှိတယ်။

အဲဒါကတော့ မဖြစ်မနေ ဖိတ်သင့်တဲ့သူတွေ မကျန်အောင် သတိထားပြီး မမေ့မလျော့ဖို့ လိုပါတယ်။ ဆွေမျိုးအရင်းအချာတွေ များ ဖိတ်ဖို့ ပေါ့လျော့ခဲ့ရင် တစ်သက်လုံး မခေါ်နိုင် မပြောနိုင်ဖြစ် ပြီး ဆွေခန်းမျိုးခန်း ပြတ်သွားနိုင်တယ်။

ကွန်ပျူတာမိတ္တူတွေ ပေါ်လာတာရယ်၊ ရယ်ဒီမိတ်ဖိတ်စာ တွေ အလွယ်တကူ ဝယ်လို့ရလာတာရယ်က ရွာဆော်တွေ ကွယ် ပျောက်ဖို့ အဓိက အကြောင်းရင်း ဖြစ်လာတယ်။ ဒီအထဲက အစစအရာရာ တိုင်းကာထွာကာ လုပ်နေကြရတော့ ရွာဆော် တွေ အားကိုးပြီး ဗျို့ဟစ်ဖို့ဆိုတာ တော်ရုံလူက မစဉ်းစားရဲဘူး။ ဖိတ်သင့်တဲ့လူလောက်ကိုပဲ သေချာရွေးချယ်စိစစ်ပြီး ဖိတ်ကြရ တော့တယ်။

အရင်တုန်းကတော့ နွေလည်း နွေအလျောက် မီးဘေး မပေါ့ဆကြဖို့ ရွာဆော်တွေကပဲ ရွာရိုးကိုးပေါက် လျှောက်ပြီး အော်ခဲ့ကြရတာပေါ့။ နွေကျောင်းပိတ်ရက်တွေရဲ့ အစောပိုင်းကာ လတွေမှာ ရွာဆော်ကြီးအော်တာ အမှတ်ရမိတယ်။

”ရပ်ကွက်အတွင်းမှ လုပ်သားပြည်သူအပေါင်းတို့ ခင်ဗျား၊ နွေဦးကာလရောက်ရှိလာပါသဖြင့် မီးအသုံးပြုရာတွင် ဂရုတစိုက်  အသုံးပြုကြပါရန် လေးစားစွာ အသိပေးကြေညာအပ်ပါသည် ခင်ဗျား။ မီးဖိုများကို ညနေ ၆းဝဝ နာရီ နောက်ဆုံးထား အသုံးပြု ပါရန်နှင့် လိုက်လံစစ်ဆေးတဲ့အခါ ၆းဝဝ နာရီနောက်ပိုင်း အသုံး ပြုမှုများကို စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း ကြေ ညာအပ်ပါတယ် ခင်ဗျား။ အိမ်ထောင်စုတိုင်း မီးဘေးကြိုတင်ကာ ကွယ်ရေးအတွက် သဲအိတ်သုံးအိတ်၊ ရေအိတ်သုံးအိတ် ချိတ်ဆွဲ ထားကြဖို့ နှိုးဆော်အပ်ပါသည် ခင်ဗျား”

ရွာဆော်ကြီးက ဘာပဲကြေညာကြေညာ လုပ်သားပြည်သူ များဆိုပြီး အာလုတ်စကားကို သုံးတယ်။ အဲဒီတုန်းကတော့ လုပ် သားပြည်သူတို့၊ ကျေးဇူးရှင် တောင်သူဦးကြီးများတို့ တွင်တွင်သုံး တဲ့ ကာလတွေပေါ့။

ရွာဆော်ဆိုတာ ရပ်ရွာရဲ့ ပြန်ကြားရေးအရာရှိတွေပါပဲ။ ရပ်ကွက်သူရပ်ကွက်သားတွေ သိသင့်သိထိုက်တာတွေကို ထုတ် ပြန်ပေးကြသူတွေသာ ဖြစ်ကြတယ်။ ရပ်ရွာအတွက် အကျိုးရှိရာ ရှိကြောင်း သတင်းတွေ ဆောင်ယူလာကြတဲ့အခါလည်း ရှိသလို ရပ်ရွာက လူတွေ စိတ်ကသိကအောက်ဖြစ်စရာ သတင်းအချက် အလက်တွေကို ဆော်သြရတဲ့အခါတွေလည်း ရှိတာပဲ။

”တနင်္ဂနွေနေ့ မနက် ၄းဝဝ နာရီတိတိတွင် ရပ်ကွက်ရုံးရှေ့ ၌ တစ်အိမ်တစ်ယောက် စု၍ လူထုထောက်ခံပွဲသို့ လိုက်ပါကြရန် အသိပေးအပ်ပါသည် ခင်ဗျား”ဆိုတဲ့ ကြေညာချက်တွေဆိုရင် ရပ်ကွက်ထဲက လူတွေက ရွာဆော်ကြီးကို မေတ္တာပို့ကြပြီ။ အဲဒီ ကြေညာချက်ရဲ့ နောက်ဆုံးဝါကျက အကယ်၍ မလိုက်ပါက မလိုက်သူ၏ တာဝန်သာ ဖြစ်ကြောင်းဆိုတော့ မုဆိုးမရော၊ သူဌေးရော ဘယ်သူမှ အတွန့်မတက်ရဲတော့ဘူး။ လင်းကြက် မတွန်ခင် ထပြီး မြွေမကြောက်၊ ကင်းမကြောက် ရပ်ကွက်ရုံးရှေ့ သွားကြရစမြဲ။

အခုတော့ ရွာဆော်တွေလည်း ရပ်ကွက်တွေမှာ မတွေ့ရ သလောက် နည်းလာတယ်။ တစ်ဝမ်းတစ်ခါးအတွက် လုပ်နေကြ ရလို့ ရပ်ရေးရွာရေး အချိန်မပေးနိုင်တာလည်း ပါနိုင်တယ်။ အရင် ခေတ်ကလို ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွား အငှားမကျောင်း ချင်တာလည်း ပါမှာပေါ့။

ရွာဆော်တွေက ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ တကယ် အသုံးတည့်ခဲ့ရုံသာမက အမှန်လည်း အကျိုးရှိခဲ့တာ အသေ အချာပါပဲ။ အခုတော့ ခေတ်စနစ်ရဲ့ ဝါးမျိုမှုအောက်မှာ ရွာဆော် တွေလည်း ဒရောသောပါး ပါသွားကြရရှာတယ်။ ဘာပဲဖြစ်ဖြစ် ရွာဆော်တွေက လွမ်းတတ်ရင်တော့ လွမ်းချင်စရာ။      ။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."