ပိတ်သွားသော ဉာဏ်တံခါးများ

၂၀၁၅၊ ဇွန်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၄)မှ အမေ့ခံဆောင်းပါး ဖြစ်သည်။

မောင်ဥယျာဉ် ရေးသည်။

လူ့အဖွဲ့အစည်းအတွက်ကာလရှည်ကြာအသုံးတည့်ခဲ့တဲ့ ဝန်ဆောင်မှုလုပ်ငန်း တစ်ခု ရပ်နားသွားတာ ဝမ်းနည်းစရာ သိပ်ကောင်းတယ်။ ကမ္ဘာ့နိုင်ငံတွေမှာ အဲဒီဝန်ဆောင်မှုလုပ်ငန်းက ဘယ်တုန်း ကမှ မပေါ်ပေါက်ခဲ့ဘူး။ ကျွန်တော်တို့ ရွှေ ပြည်ကြီးမှာသာ ကံအားလျော်စွာ အခြေ အနေနဲ့ အချိန်အခါအရ ပေါ်ပေါက်ခဲ့တဲ့ လုပ်ငန်းဖြစ်တယ်။

ဘာလုပ်ငန်းဖြစ်လိမ့်မယ်လို့ မိတ်ဆွေ ထင်ပါသလဲ။

(၁) မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်ငှားရမ်းတဲ့ လုပ်ငန်း

(၂) ခွဲတမ်းနဲ့ ရောင်းချတဲ့ သမဝါယမအရောင်းဆိုင်

(၃) စာအုပ်အငှားဆိုင်

(၄) အုန်းပင်ပြုပြင်တဲ့လုပ်ငန်း

ဟုတ်ပါတယ်။ အဖြေမှန်က နံပါတ် ၃ ဖြစ်ပါတယ်။ စာအုပ် အငှားဆိုင်လုပ်ငန်းက ဒီနေ့ခေတ်မှာ မျိုးတုံးပျောက်ကွယ်တော့မယ့်အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်။ကျွန်တော်တို့ရဲ့ငယ်ဘဝအချိန်တော်တော်များများကို စာ အုပ်အငှားဆိုင်တွေက ဖဲ့ယူသွားတာ အမှတ်ရမိတယ်။ အထူး သဖြင့် နွေရာသီကျောင်းပိတ်ရက်တွေမှာ စာအုပ်အငှားဆိုင်တွေက ကျွန်တော်တို့အတွက် ဘူမိနက်သန်နေရာမှန်တွေပေါ့။အလယ်တန်းကျောင်းသားဘဝမှာ ကျွန်တော် ငှားဖြစ်တာ တွေက ကာတွန်းစာအုပ်တွေပါပဲ။ ကာတွန်းအောင်အောင်ရဲ့ ရွှေ ခေါင်းပြောင်၊ ဒီလုံး၊ မောင်စူပါတွေက ကျွန်တော်တို့အတွက် ဟီးရိုးတွေလေ။ ကာတွန်းဦးအောင်ရှိန်ရဲ့ ဦးစိတ်တိုနဲ့ မျောက်ညို၊ ဦးကပ်စေး၊ ခင်မောင်သိန်းထွန်းဝင်း၊ တိုက်ဂါးတို့ကလည်း ကာ တွန်းဇာတ်လိုက်ကျော်တွေပဲ။ ကာတွန်းသော်ကရဲ့ တောတွင်း သားလေးအရိုင်းကလည်း ထွက်တိုင်း ဖတ်ရတဲ့ ကာတွန်းစာအုပ်။

ကျွန်တော်တို့စာအုပ်ဆိုင်မှာ စာအုပ်ငှားဖတ်ချိန်က စာ အုပ်ငှားခက တစ်ရက်တစ်ကျပ်သာ ပေးရချိန်။ ရက်လွန်ကြေးက ငါးမူးထင်တာပဲ။ကာတွန်းတွေကို စာအုပ်အငှားဆိုင်က ငှားမဖတ်ခင်က ရွှေသွေးစာစောင်တွေ ဖတ်ခဲ့ရတာပေါ့။ နွေကျောင်းပိတ်ရက်တွေ ကို ဗြောင်းဆန်အောင် ဆော့လိုက်ကြ၊ ရွှေသွေးတို့၊ တေဇတို့၊ မိုး သောက်ပန်းတို့ ဖတ်လိုက်ကြနဲ့ ဟန်ကို ကျလို့။ ဘာသင်တန်း၊ ညာသင်တန်းမှလည်း တက်စရာမလိုသေးတဲ့ ခေတ်။ ကလေးတွေကို ကလေးတွေလို ကြီးပြင်းခွင့်ပေးတဲ့ ခေတ်လို့တောင် ပြောနိုင်တယ်။

ကစားတော့လည်း ဘယ်ကစားကွင်းမှ ငွေကုန်ကြေးကျခံ ပြီး မိဘတွေ လိုက်ပို့စရာမလိုဘူး။ ရပ်ကွက်ထဲက အရိပ်ကောင်း တဲ့ သစ်ပင်အောက်မှာ သူငယ်ချင်းတစ်သိုက် စုပြီး ကစားကြတာ ပဲ။ ရွှေသွေးစာစောင်ကတော့ သောကြာနေ့တိုင်း ထွက်တာ မှတ် မိနေတယ်။ ရွှေသွေးတစ်စောင်မှ ခုနစ်ဆယ့်ငါးပြား (သုံးမတ်)သာ ပေးရတယ်။ မုဆိုးကျော် တွတ်ပီရဲ့ ဖန်တီးရှင် ဆွေမင်း (ဓနုဖြူ)ကို ရွှေသွေးစာမျက်နှာတွေပေါ် မြင်တွေ့ခဲ့ဖူးတယ်။ သရုပ် ဖော်ပုံမှာ ခပ်ဖိုင့်ဖိုင့်ဆွဲထားတဲ့ မောင်ရိုးလည်း ရွှေသွေးမှာ တွေ့ခဲ့ ရတယ်။ ကျားကြီးရုပ်ဆိုး၊ မြွေကြီးလောရှည်တို့နဲ့ တွဲပြီး ထိုးကွင်း မင်ကြောင်ထိုး ဒူးလေးလက်နက် ပခုံးပေါ် တင်တဲ့ မုဆိုးကျော် ဖိုး ထော်ကိုလည်း ရွှေသွေးမှာပဲ ဖတ်ခဲ့ရတယ်။ ကာတွန်းဘိုဘိုက တော့ ရွှေသွေးရဲ့ နောက်ကျောဖုံးမှာ မကြာခဏပါလေ့ရှိတယ်။

ရွှေသွေးမှာ ကျွန်တော် အမှတ်ရနေတဲ့ ကာတွန်းဆွဲသူတစ် ယောက်ရှိတယ်။ သူ့ပုံတွေက ရွှေသွေးစာမျက်နှာရဲ့ ၅ နဲ့ ၆ မှာ ပါ တတ်တယ်။ လူရှည်တောင်တန်းဆိုတဲ့ ကာတွန်းဆရာ။ သူ့လက် ရာက သူများတွေနဲ့ မတူဘူး။ မျဉ်းဖြောင့်တွေကို အခြေခံပြီးဆွဲ ထားတာလေ။ရွှေသွေးဖတ်သက်လေးကြာတော့ ကာတွန်းတွေ ငှားဖို့ စာ အုပ်အငှားဆိုင်တွေကို ရောက်သွားကြတယ်။ ကာတွန်းတွေဖတ် ရတာ ငြီးငွေ့လာတော့ ရုပ်ပြလိုင်းဘက်ကို ကူးမိသွားတယ်။

ဘိုးသီလနဲ့ ပျံလွှားတို့ရဲ့ ပန်းချီဆရာက စောတင်မောင်၊ စိုင်းဗေဒါနဲ့ တင်မောင်ဝင်းကလည်း ကျွန်တော်တို့လူငယ်တွေရဲ့ အသည်းစွဲရုပ်ပြရေးသူတွေ။ စံရွှေမြင့်၊ ရာမ၊ နန်းဦး၊ ချစ်စမ်းမောင် တို့ကိုလည်း ကျွန်တော်တို့ လက်မလွှတ်နိုင်ကြဘူး။ ဘဝသရုပ် ဖော်တွေ အများဆုံးရေးတဲ့ ရုပ်ပြဇာတ်လမ်းက ပြည်မြို့သား ရုပ် ပြဆရာ မိုက်မိုက်(ပြည်)၊ ပြာဂလောင် ပြာလချောင်၊ အကောက်၊ သံခဲ၊ ရာမ၊ ကိုလေးပွ ဇာတ်ကောင်တွေကို ဖန်တီးတဲ့ ကာတွန်း ဆရာ တင်အောင်နီရဲ့ အသော့အထေ့တွေက ကျွန်တော်တို့ကို ဘဝင်ကျစေတယ်။ ကာတွန်းဆရာကံချွန်ရဲ့ ဘနဲ့ ဘွားစွာကလည်း လူငယ်ကြိုက်၊ လူကြီးကြိုက်ဖြစ်ခဲ့တယ်။

ကျွန်တော် စာအုပ်အငှားဆိုင်တွေဆီက ပထမဆုံး စငှား တဲ့ စာအုပ်ဟာ ရွှေဥဒေါင်းမဟုတ်ဘူး၊ မြသန်းတင့်မဟုတ်ဘူး၊ လူထုဒေါ်အမာစာအုပ်တွေလည်း မဟုတ်ခဲ့သလို ပါရဂူရဲ့စာအုပ်တွေလည်း မဟုတ်ခဲ့ဘူး။ ကျွန်တော်မရှက်ပါဘူး၊ ကာတွန်းစာအုပ် တွေကိုသာ အရင်ငှားဖတ်ခဲ့တာပါ။

ကာတွန်းတွေ ငှားတယ်။ နောက်တော့ ရုပ်ပြတွေ ပြောင်း  ငှားတယ်။ နောက်ပိုင်းမှာ ဝတ္ထုတွေဘက် ခြေဦးလှည့်သွားတယ်။ အချစ်ဝတ္ထုတွေကို ခုံခုံမင်မင်ဖတ်ခဲ့တာပေါ့။ နွမ်ဂျာသိုင်း၊ မောင် စိန်ဝင်း၊ ငြိမ်းကျော်၊ လယ်တွင်းသားစောချစ်၊ နုနုရည်(အင်းဝ)၊ ဂျူး၊ တာရာမင်းဝေ၊ မင်းခိုက်စိုးစန်တို့အထိ ဖတ်ခဲ့တာပါပဲ။ စုံ ထောက်ဝတ္ထုတွေဆို ကြိုက်မှ ကြိုက်ပေါ့။ မင်းသိင်္ခ၊ အောင်ဇင်၊ မြတ်ထွန်းသစ်တို့ရဲ့ ဇာတ်ကောင်တွေဆို သိပ်သဘောကျခဲ့တာ ကလား။ မင်းသိင်္ခဆိုရင် ဆားပုလင်းနှင်းမောင်၊ အောင်ဇင်ရဲ့ ဇာတ်လိုက်က အိုင်အိုမင်းအောင်၊ ဘပ်ကလေးဘကျော်ကတော့ မြတ်ထွန်းသစ်ရဲ့ ဇာတ်လိုက်တွေ ဖြစ်ကြတယ်။

ကျွန်တော်တို့စာအုပ်အငှားဆိုင်တွေက စာအုပ်အငှားဖတ် တဲ့ အချိန်က ညနေစောင်းရင် ရေမိုးချိုးပြီး စာအုပ်ဆိုင်ဘက် သွားလိုက်ရမှ နေသာထိုင်သာ ရှိတယ်။ တစ်ခါတလေ အလုပ်များ ပြီး မအားလို့ စာအုပ်ဆိုင်ဘက် မရောက်ရင်ဘဲ တစ်ခုခုလိုနေ သလို ခံစားကြရတယ်။ လေ့လာသင်ယူစရာ၊ ဖျော်ဖြေစရာက လည်း စာအုပ်က လွဲရင် ဘာမှ ဟုတ်တိပတ်တိ မရှိဘူး။ အခုခေတ် လို ဖုန်းပွတ်ပြီး ဖေ့စ်ဘွတ်ခ်သုံးလို့လည်း မရဘူး။ ရမ်စတေရှင်တို့၊ ဘီယာဂါးဒင်းန်တို့ သွားရအောင်လည်း ဆိုင်တွေက မရှိဘူး။ အဲဒီ ခေတ်ကတော့ လူတိုင်းနီးပါး အချိန်တွေက အထိုက်အလျောက် တော့ ပိုကြတာချည်းပဲ။

ဝတ္ထုတွေထဲမှာ ကျွန်တော်သဘောကျတဲ့ ဝတ္ထုဇာတ်လမ်း တွေထဲမှာ သိုင်းဝတ္ထုတွေလည်း ပါတယ်။ မောင်နှင်းဆွေ၊ နေ လင်းအောင်၊ မိုးကျော်သူ၊ နန္ဒကျော်သူတို့ဟာ စာအုပ်အငှားဆိုင် တွေရဲ့ ထမင်းအိုးကို ပွက်စေခဲ့တဲ့ စာရေးဆရာတွေပေါ့။ အလယ် တန်းကျောင်းသားဘဝ နွေကျောင်းပိတ်ရက်တွေမှာ သိုင်းဝတ္ထု တွေ ဖတ်ပြီး အချိန်ကုန်ခဲ့ရတာ မှတ်မိနေတယ်။

အရေးတော်ပုံကာလ စာအုပ်အငှားဆိုင်တွေဟာ အဲဒီ ခေတ်က တက်ကြွ­­­တော်လှန်သောလူငယ်တွေအတွက် လေ့ကျင့် ရေးစင်တာတစ်ခုပဲ။ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ လင်းယုန် မောင်မောင်စတဲ့ စာရေးဆရာတွေရဲ့ စာအုပ်တွေက လူငယ်တွေ အတွက် သင်ရိုးညွှန်းတမ်းတွေ ဖြစ်ခဲ့တယ်။ ကိုယ့်အစုလေးတွေနဲ့ ကိုယ့်စာအုပ်အပေါ် သဘောထားမှတ်ချက်တွေ၊ ထင်မြင်ချက် တွေ ပေးခဲ့ကြတယ်။

စာအုပ်အငှားဆိုင် တော်တော်များများရဲ့ ပိုင်ရှင်တွေက တော့ စာပေပိုး အနည်းနဲ့ အများရှိကြတာချည်းပဲ။ စာရေးဆရာ ဆူးငှက်လည်း ရပ်ကွက်မှာ စာအုပ်အငှားဆိုင် ဖွင့်ခဲ့တယ်။ မောင် ဖူလုံ(ပုသိမ်ကြီး)လည်း မနေ့တစ်နေ့ကအထိ မင်းတဲအီကင်းရပ် ကွက်မှာ စာအုပ်အငှားဆိုင်ဖွင့်ခဲ့တယ်။ စာရေးဆရာကြည်လင် အေးလည်း တောင်ကြီးမြို့မှာ စာအုပ်အငှားဆိုင် လုပ်ခဲ့သေးတာ ပေါ့။ ဒါပေမဲ့အခုသူတို့အားလုံးစာအုပ်အငှားဆိုင်လုပ်ငန်းမလုပ်ကြတော့ဘူး။ကျွန်တော်တို့ငယ်ငယ်က စာအုပ်အငှားဆိုင်တွေက စာ အုပ်နဲ့အတူ ကက်ဆက်တိပ်ခွေကိုပါ တွဲပြီး ငှားကြတယ်။ ဇာတ် လမ်းတိပ်ခွေတွေ၊ သီချင်းခွေတွေလည်း ပါတာပေါ့။ ကက်ဆက် ကလည်း အိမ်တိုင်းရှိတာ မဟုတ်ဘူး။ ကက်ဆက်ခွေငှားပြီးရင် လက်ဖက်ရည်ဆိုင် သွားဖွင့်ခိုင်းရတာ။

အဲဒီခေတ်က လူငယ်တွေ ဖျော်ဖြေရေးအဖြစ် သီချင်းနား ထောင်ချင်ရင်တောင် ကက်ဆက်တိပ်ခွေ အပိုင်မဝယ်နိုင်ကြဘူး။ ကက်ဆက်ဝယ်နိုင်တဲ့သူကလည်း ရပ်ကွက်ထဲ လက်ချိုးရေတွက် လို့ရတယ်။  အဲဒါ မြန်မာ့နည်း၊ မြန်မာ့ဟန် ဆိုရှယ်လစ်ကြီးပါပဲ။ ခင်ဗျားတို့ယုံချင်ယုံ၊ မယုံချင်နေ အဲဒီခေတ်က လူငယ်တွေ အဲဒီ လို တကယ်ဖြတ်သန်းခဲ့ကြရတယ်။ စာအုပ်ငှား၊ တိပ်ခွေငှားတဲ့ ဝန်ဆောင်မှုလုပ်ငန်းဆိုတာ ရွှေပြည်ကြီးမှာ ဆယ်စုနှစ်နဲ့ ချီပြီး ကြာအောင် ရပ်တည်ခဲ့တယ်။

အဲဒီတုန်းက ဖောက်သည်ကောင်းရထားတဲ့ စာအုပ်အငှား ဆိုင်တွေဟာ တစ်ရက်ကို လူ ၂ဝဝ လောက်အထိ ငှားခဲ့ကြရတယ်။ စာအုပ်ငှားသူတချို့က တစ်ယောက်ကို နှစ်အုပ်၊ သုံးအုပ်ငှားတာ ရှိသေးတယ်။ ကက်ဆက်တိပ်ခွေဆိုတာ တစ်နှစ်လုံးနေလို့ လက် နှစ်ဖက်ပြည့်အောင် မထွက်ဘူး။ ကိုင်ဇာရဲ့ တူနှစ်ကိုယ်တိုင်းပြည် သီချင်းဆိုရင် အဲဒီခေတ် အဲဒီအခါက ပေါက်သီချင်းပေါ့။

စာအုပ်တွေကလည်း နည်းနည်းနဲ့ ကျဲကျဲသာ ထွက်ချိန်ဖြစ် တယ်။ သပြေမဂ္ဂဇင်းဆိုရင် စာအုပ်ဆိုင်တွေမှာ တစ်လ သုံးအုပ် လောက် တင်ရချိန်ဖြစ်တယ်။ ငှားချင်သူ များလွန်းလို့ သပြေဟာ မှောင်ခိုမဂ္ဂဇင်းအဖြစ် လျှမ်းလျှမ်းတောက်နေချိန်လေ။ ကျွန် တော့်ဦးလေးတစ်ယောက်က သပြေရဲ့ အခိုင်အမာပရိသတ်။ ကျွန်တော်တို့ကတော့ သူငှားလာတဲ့ သပြေကိုပဲ အိမ်မှာ အလု အယက်ဖတ်ကြရတယ်။ (မိုးဝေတို့၊ ရှုမဝတို့ ခေတ်ကောင်းချိန်ကို တော့ ကျွန်တော်တို့ မမီလိုက်ဘူး)

ကျွန်တော်တို့ စာအုပ်အငှားဆိုင် ကိုယ်တိုင် ငှားရမ်းချိန်မှာ တော့ မဟေသီနဲ့ ရွှေအမြုတေက တော့ပ်တန်း စာရင်းဝင်ဖြစ်နေ ကြပြီ။ စီးပွားရေးမဂ္ဂဇင်းတွေလည်း အပြိုင်အဆိုင် ရေးသားနေ ကြတဲ့ အချိန်ဖြစ်တယ်။ ဓန၊ မြန်မာ့ဓန၊ ကြီးပွားရေး၊ ကြော်ငြာနဲ့ ဈေးဝယ်လမ်းညွှန်တွေက ဈေးကွက်စီးပွားရေးနဲ့အတူ စာပေ လောကမှာ အားကောင်းမောင်းသန် ခုတ်မောင်းနေကြတယ်။

၁၉၉ဝ ပြည့်လွန်နှစ်တွေမှာ ဝတ္ထုတိုမဂ္ဂဇင်း၊ ကဗျာမဂ္ဂဇင်း ဆိုတာတွေလည်း ထုတ်ခဲ့ကြတာပဲ။ မော်ဒန်စာပေယဉ်ကျေးမှုဆို တဲ့ အလံတော်ကို ကိုင်ပြီး ချီတက်လာတဲ့ မဂ္ဂဇင်းနှစ်စောင်က ဟန်သစ်နဲ့ သရဖူ၊ အဲဒီမဂ္ဂဇင်းနှစ်စောင်က အတိုင်းအတာတစ်ခု အထိ စာပေလောကအပေါ်မှာ ဂယက်ရိုက်ခဲ့တာ အမှန်ပါပဲ။

မိန်းကလေးပရိသတ်အတွက် သီးသန့်ရည်ရွယ်တဲ့ အပျို စင်၊  အပျိုမဆိုတဲ့ မဂ္ဂဇင်းတွေလည်း ထွက်ခဲ့တယ်။ မှုခင်းအသား ပေးမဂ္ဂဇင်းတွေ ဖြစ်တဲ့ ပြစ်မှု၊ ဖြစ်ရပ်မှန်၊ မှုခင်းစတဲ့ မဂ္ဂဇင်းတွေ ကိုလည်း စာအုပ်အငှားဆိုင်ရှင်တွေ ကြိုက်ကြတယ်။စာပေအနုပညာကို ဇောင်းပေးတဲ့ စာပေဂျာနယ်၊ ပင်လယ် ဝါနီပြာတို့လည်း ရှိတာပေါ့။ ကဏ္ဍစုံတဲ့ မဟာ၊ ရုပ်ရှင်အမြုတေ၊ ရင်ခုန်သံ၊ နွယ်နီ၊ ရနံ့သစ်၊ ရတနာသစ်၊ လှိုင်းသစ်၊ ရွှေအောင်လံ၊ ရုပ်ရှင်အောင်လံ၊ ရုပ်ရှင်မျက်မှန်၊ ရုပ်ရှင်သစ္စာ၊ နတ်ရေကန်၊ မြတ် ကြေးမုံ၊ ပုလဲ၊ မြရိပ်ညိုဆိုတာတွေလည်း ရှိသေးတယ်။အဲဒီခေတ်က မဂ္ဂဇင်းတွေက အခုခေတ်လို မဂ္ဂဇင်းနာမည် ကို ဘိုနာမည်တွေ မပေးဘဲ မြန်မာလိုပဲ ရိုးရိုးရှင်းရှင်းပေးခဲ့ကြတယ်။

ထားပါတော့လေ။ ဘယ်လိုပဲဖြစ်ဖြစ် စာအုပ်အငှားဆိုင် လုပ်ငန်းကတော့ မျက်စိရှေ့မှာတင် ရော်ရွက်ဝါတွေလို ဖြုတ်ဖြုတ် ကြွေကုန်တာကို စိတ်မကောင်းဖွယ် မြင်တွေ့နေရတယ်။ စာအုပ် အငှားဆိုင်တွေ ပြုတ်တာ လူတွေ ဝင်ငွေကောင်းပြီး စာအုပ်တွေ ဝယ်ဖတ်လာကြလို့ မဟုတ်တာတော့ သေချာတယ်။ နာမည်ရှိပြီး သား ဈေးကွက်ဝင် စာရေးဆရာတစ်ယောက် အုပ်ရေ ၁,ဝဝဝ ကုန်ဖို့ ဖျစ်ဖျစ်မြည်အောင် ရောင်းချနေရတာကလား။ ဒီလိုအခြေ အနေမျိုးမှာ စာအုပ်အငှားဆိုင်လုပ်ငန်း ရှင်သန်နေဖို့ ကောင်းပေ မယ့် လက်တွေ့မှာ စာအုပ်အငှားဆိုင်တွေ ယုတ်လျော့လာနေ တယ်။ ကျွန်တော့်မျက်စိရှေ့မှာတင် တစ်ဆိုင်ပြီး တစ်ဆိုင် ပြုတ် ကုန်တာ မနည်းတော့ဘူး။

တချို့ကတော့ စာအုပ်အငှားဆိုင်တွေ ပြုတ်ရတာဟာ လျှပ်စစ်ပစ္စည်းတွေကြောင့်လို့ ဗီစီဒီစက်တွေနဲ့ လက်ကိုင်ဖုန်း (အန်းဒရိုက်)တွေကို လက်ညှိုးထိုးတယ်။ ဟုတ်သင့်သလောက် ဟုတ်နိုင်ပေမယ့် အပြည့်အဝမှန်တယ်လို့ ကျွန်တော် မယုံကြည် ဘူး။ ကျွန်တော်တို့ထက် အစစအရာရာ နည်းပညာသာတဲ့ နိုင်ငံ တွေမှာ စာအုပ်တွေ ရောင်းနေရတာပဲ။ ရောင်းအားကျတယ်လို့မှ မရှိတာ။ (သူတို့ဆီမှာတော့ စာအုပ်အငှားဆိုင်လုပ်ငန်း အရင်က တည်းက မရှိခဲ့ဘူး။ စာကြည့်တိုက်သွားဖတ်သူနဲ့ စာအုပ်ဝယ်ဖတ် သူပဲ ရှိတယ်)

ကျွန်တော်တို့ဆီမှာလည်း စာကြည့်တိုက်တွေ ဖွင့်နေကြ ပေမယ့် လူတော်တော်များများက စာကြည့်တိုက်ကို မသုံးကြ ဘူး။ အထူးသဖြင့် အရပ်ထဲက လူတွေမှာ စာကြည့်တိုက် အလာ ဂျီရှိကြတယ်။ စာအုပ်အငှားဆိုင်တွေကို ဝင်ရဲထွက်ရဲ ရှိကြပေမယ့် စာကြည့်တိုက်တွေဆီကို သူတို့ မသွားဝံ့ကြဘူး။ စာကြည့်တိုက် ဝန်ထမ်းတွေ အပေါက်ဆိုးလို့ မဟုတ်ဘဲ သူတို့မှာရှိတဲ့ အငုံ့စိတ်က သူတို့ရဲ့ ခြေထောက်တွေကို စာကြည့်တိုက်တွေဆီ ခြေဦးလှည့်ခွင့် မပေးကြဘူး။

ကျွန်တော့်မိတ်ဆွေ စာအုပ်အငှားဆိုင် ဆယ့်လေးငါးဆိုင် ကတော့ ပြုတ်သွားပါပြီ။ လက်ကျန်ဆိုင်တစ်ဆိုင်တော့ ရှိနေသေး လို့ ဖြေသာပါသေးတယ်။ စာအုပ်ဖြန့်ချိရေးပိုင်ရှင်ရဲ့  သမီးဖြစ်သူ ဖွင့်ထားတဲ့ အငှားဆိုင်မို့ စာအုပ်တော်တော်များများတင်တဲ့ဆိုင် လို့ ဆိုနိုင်တယ်။ ဒါတောင်မှ ကျွန်တော် လစဉ် ပင်တိုင်ရေးနေတဲ့ မော်ကွန်းမဂ္ဂဇင်း ရှိချင်တဲ့အခါမှ ရှိတယ်။ ဒီဆိုင်လေး သက်ဆိုး ရှည်စေချင်တဲ့ အထဲမှာ သူတို့မိသားစုနဲ့အတူ စာအုပ်ငှားတဲ့သူ အနေနဲ့ ကျွန်တော်လည်း ပါဝင်တယ်။

ဒီနေ့ခေတ်မှာ စာအုပ်တွေကလည်း နေ့စဉ် ဟောတစ်အုပ် ဟောတစ်အုပ်ဆိုသလို နေ့စဉ်ထွက်နေတော့ စာအုပ်အငှားဆိုင် ရောက်မှပဲ ကောက်မြည်းကြည့်နိုင်တော့တယ်။ ဝယ်သင့်တယ် ထင်ရင်လည်း ငှားဖတ်ပြီးမှပဲ ဝယ်လိုက်တော့တယ်။ အခုတော့ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီစာအုပ်အငှားဆိုင်လေးကို မရောက်တာ နည်းနည်းကြာသွားပြီ။ လမ်းမသင့်တာလည်း ပါ တယ်။ အလုပ်ရှုပ်နေလို့ဆိုပြီး အကြောင်းပြရင်လည်း ရတယ်။ တကယ်တော့ ကျွန်တော်ကိုယ်တိုင်က စာဖတ်ဖို့ ပျင်းနေတာပါ။ ဒါပေမဲ့ ဒီလဆန်းရင်တော့ ဘယ်လောက်အလုပ်ရှုပ်ရှုပ် စာအုပ် အငှားဆိုင်ကို ရောက်အောင်သွားမယ်။ မဂ္ဂဇင်းတွေ ငှားခဲ့မယ်။ ဖတ်ဖြစ်အောင် ကြိုးစားဖတ်မယ်။ မိတ်ဆွေတွေနဲ့ ဝေဖန်ရေး လေကန်ရေးလုပ်မယ်။ မိတ်ဆွေတို့လည်း မဂ္ဂဇင်း လေး၊ ငါးအုပ် လောက်တော့ အချိန်ပေးပြီး ဖတ်ခဲ့ကြပါ။ တွေ့တဲ့အခါ မဂ္ဂဇင်းထဲ က အကြောင်းအရာတွေကို အရင်လို အာပေါင်အာရင်းသန်သန် ပြောကြသေးတာပေါ့ ။         ။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."