တို့ဗမာ အစည်းအရုံးရဲ့ ဘူမိနက်သန်နေရာ

 စက်တင်ဘာလထုတ်-၂၀၁၃၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၈)မှ အမေ့ခံ ဆောင်းပါးဖြစ်ပါသည်။

ညလယ်မိုး ရေးသည်။

(၁) သမိုင်းကို သင်ရခြင်းအကြောင်းအရင်းက မအအောင်လို့ ပဲတဲ့။

နာမည်ကျော် သမိုင်းသုတေသနပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်း ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။ စကားလုံး အတိအကျမဟုတ်ပေမယ့် အဓိပ္ပာယ်ကတော့ အဲဒီအတိုင်းပါပဲ ။ ဆရာကြီးဆိုလိုသည့်သဘောက သမိုင်းကို ဖတ်ရှုလေ့လာ၊ အကောင်းအဆိုး၊ အကြောင်းအကျိုးတွေကို ဆင်ခြင်သုံးသပ်ပြီး ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ ကြုံဆုံလာမယ့် ကိစ္စရပ်တွေအတွက် အဖြေထုတ်ကြပါ။ ရှောင်ရမယ့် အချက်တွေကို သင်ခန်းစာယူပြီး ရှောင်ကြ၊ ဆောင်ရမယ့်အချက်တွေအတွက် နမူနာယူပြီး ဆောင် ကြပါလို့ ပြောလိုရင်းဖြစ်ပါတယ်။ သမိုင်းဆိုသည်မှာ ဖျောက်ဖျက် သင့်တဲ့အရာ မဟုတ်၊ ပြောင်းလဲသင့်တဲ့ အရာမဟုတ်ပါ။ သမိုင်း ကို လေ့လာတဲ့အခါမှာ ဖြစ်စေ၊ မှတ်တမ်းတင်သည့်အခါမှာ ဖြစ် စေ အချက်အလက်၊ အဖြစ်အပျက်တို့ကို အရှိအရှိအတိုင်း၊ အမှန် အမှန်အတိုင်း လေ့လာမှတ်တမ်းတင်ကြရမှာဖြစ်ပါတယ်။

ကိုယ့်လူမျိုးမို့လို့၊ ကိုယ့်နိုင်ငံအကြောင်းဖြစ်နေလို့၊ ကိုယ်နဲ့ ဆွေမျိုးတော်နေလို့၊ ကိုယ့်အပေါ် ကျေးဇူးရှိလို့ဆိုပြီး အကောင်း တွေချည်း ဖော်ထုတ်ပြီး အဆိုးတွေကို ဖုံးဖိမထားသင့်ပါ။ကောင်း ကောင်းဆိုးဆိုး အချိန်ကာလတစ်ခုမှာ ဖြစ်ပျက်ခဲ့သမျှကို ပကတိ အခြေအနေအတိုင်း မှတ်တမ်းတင်မှသာ တန်ဖိုးရှိတဲ့ သမိုင်းမှတ် တမ်း ဖြစ်ပါလိမ့်မယ်။ မလိုတမျိုး လိုတမျိုးနဲ့ ချုံ့ကာချဲ့ကာ ရေး သားခဲ့ရင်တော့ သမိုင်းတန်ဖိုးမဲ့ကာ ပုံဖျက်ထားတဲ့ မှတ်တမ်းတစ် ခုအနေနဲ့သာ ဖြစ်နိုင်ပါလိမ့်မယ်။ သမိုင်းကို အမှန်အတိုင်း မြင်နိုင်ပါမှ ထိုသမိုင်းကို လေ့လာထားကြတဲ့ နောင်လာနောက် သားတွေအနေနဲ့ သင်ခန်းစာယူစရာအမှားတွေကို ထပ်ပြီး       မကျူးလွန်ဖြစ်အောင် ရှောင်နိုင်မှာဖြစ်ပါတယ်။ သမိုင်းဘီးတစ် ပတ်လည်တယ် ဆိုတဲ့ စကားကို ကြားဖူးကြမယ်ထင်ပါတယ်။အတိတ်ကာလတုန်းက အဖြစ်အပျက်နဲ့ ဆင်တူတဲ့ အဖြစ်အပျက် တွေဟာ အချိန်ကာလတစ်ခုရောက်ရင် ပြန်ဖြစ်လာတတ်တဲ့ သဘောရှိတယ်လို့ ဆိုလိုတာပါ။ အတိတ်ကာလသမိုင်းကို အမှန် အတိုင်း မှတ်တမ်းတင်ထားမယ်၊ အရှိအတိုင်း လေ့လာထားမယ် ဆိုရင် သမိုင်းဘီးတစ်ပတ်လည်ပြီး အလားတူအဖြစ်မျိုးနဲ့ ကြုံ တဲ့အခါ အတိတ်ကာလက အားနည်းချက်တွေကို ပြုပြင်ပြီး အမှားမဖြစ်အောင် ရှောင်နိုင်မှာပေါ့။ သမိုင်းကို ပုံဖျက်ပြီး အား လုံးကောင်းပါသည်ခင်ဗျားလို့ ရေးထားတာမျိုးတွေကို လေ့လာ ထားမိရင်တော့ သမိုင်းဘီးတစ်ပတ်အလည်မှာ အရင်တုန်းက အမှားမျိုးတွေကို ထပ်ထပ်ပြီး ကျူးလွန်မိကြမှာပါ။ ဒီတော့ တိုင်း ပြည်တစ်ပြည်၊ လူမျိုးတစ်မျိုးရဲ့ သမိုင်းဆိုတာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတော်ကြောင်း၊ တတ်ကြောင်း ြ<ွကားဖို့၊ ဝါဒဖြန့်ဖို့ သက်သက်မဟုတ်ဘဲ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးတွေရဲ. အဖြစ် မှန်ကို နောင်လာနောက်သားတွေ တိတိကျကျ လေ့လာ ဆင်ခြင် နိုင်ဖို့အတွက်ပဲ ဖြစ်သင့်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် ရှေ့ က လူတွေရဲ့ အတွေ့အကြုံကို နှောင်းလူတွေ အရင်းအတိုင်း သိနိုင်အောင် မှတ်တမ်းတင်ဖော်ထုတ်တာကို သမိုင်းလို့ ခေါ်ရမှာဖြစ်ပါတယ်။

( ၂ )

အားလုံးသိထားပြီးတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံ ဟာ အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲအပြီး ၁၈၈၅ ခုနှစ်မှာ အင်္ဂလိပ် ကိုလိုနီလက်အောက်ကို တစ်နိုင်ငံလုံး ကျရောက်ခဲ့ရပါတယ်။ ဒါ ဟာလည်း အဲဒီအချိန်၊ အဲဒီကာလတုန်းက ကျွန်တော်တို့ရဲ့ ဘိုး ဘွားဘီဘင်တွေဟာ ပဒေသရာဇ်စနစ်ကို ကျင့်သုံးပြီး ကိုယ့်တိုင်း ပြည်ထဲမှာပဲ ကိုယ်နေ၊ ပြင်ပက္ဘာနဲ့ အထိအတွေ့နည်းပါး၊ ခေတ် မီပညာရပ်တွေကို မလေ့လာနိုင်ခဲ့တဲ့ အားနည်းချက် အမှားတွေ ကြောင့် ကိုယ့်ထက် နည်းဗျူဟာ၊ လက်နက်ကိရိယာ အစစအရာ ရာ သာလွန်တဲ့ လူမျိုးတွေရဲ့လက်အောက်ကို ကျရောက်ခဲ့ရတာ ပဲ ဖြစ်တယ်ဆိုတာကို မမေ့မလျော့ သင်ခန်းစာ ယူရမှာပဲ ဖြစ်ပါ တယ်။ ကျွန်တော်တို့မြန်မာတွေဟာ ကိုယ့်တိုင်းပြည်ထဲမှာပဲ ကိုယ်နေ၊ သူများနိုင်ငံ အခြေအနေတွေကို မလေ့လာ၊ ခေတ်မီ ပညာရပ်တွေကို မစူးစမ်းဘဲနဲ့ ကိုယ့်ဘာသာကိုယ် ကျေနပ်နေခဲ့ ကြလို့ ကိုယ့်ထီး၊ ကိုယ့်နန်းနဲ့ နေနေကြရာက သူတစ်ပါးကျွန်ဘဝ ကို ရောက်ခဲ့ကြရတာပါ။ အဲဒီလို သူတစ်ပါးလက်အောက်မှာ ကျွန်ဘဝရောက်နေတုန်းမှာပဲ…

”ဗမာပြည်သည် တို့ပြည်

ဗမာစာသည် တို့စာ

ဗမာစကားသည် တို့စကား

တို့ပြည်ကို ချစ်ပါ

တို့စာကို ချီးမြှင့်ပါ

တို့စကားကို လေးစားပါ”ဆိုတဲ့ ကြွေးကြော်သံနဲ့ အသင်း တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီအသင်းကြီးကတော့ တို့ဗမာ အစည်းအရုံးလို့ ခေါ်တဲ့ အသင်းကြီးပါပဲ။ တို့ဗမာအစည်းအရုံးဟာ အထက်ပါကြွေးကြော်သံတွေနဲ့ မြန်မာပြည်သူလူထုကို ဇာတိ သွေး၊ ဇာတိမာန်တွေ တက်ကြွလာအောင်လို့ လှုံ့ဆော်ပေးခဲ့ပါ တယ်။ တို့ဗမာအစည်းအရုံးအဖွဲ့ဝင်တွေဟာလည်း ကိုယ့်နာမည် ရှေ့မှာ သခင်ထည့်ပြီး အချင်းချင်း ခေါ်ဝေါ်ကြပါတယ်။ မြန်မာ နိုင်ငံရဲ့ အရှင်သခင် အစစ်အမှန်ဟာ မြန်မာတွေပဲဖြစ်ရမယ်ဆိုတဲ့  အဓိပ္ပာယ်နဲ့ နာမည်ရှေ့မှာ သခင်တပ်ခေါ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလို သခင်တပ်ခေါ်ခြင်းအားဖြင့် ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့် ထီးကိုယ့်နန်းနဲ့ နေခဲ့ကြတာကို အမှတ်ရပြီး သခင်စိတ်ဓာတ် နိုး ကြားလာစေဖို့ ရည်ရွယ်ခဲ့ကြတာ ဖြစ်ပါတယ်။ တို့ဗမာအစည်း အရုံးကို ၁၉၃ဝ ခုနှစ်၊ မေလ ၃ဝ ရက်နေ့မှာ သခင်ဗသောင်းဦး ဆောင်တဲ့ မျိုးချစ်လူငယ်တစ်စုက စတင်တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ တို့ဗမာအစည်းအရုံးက တို့ဗမာသီချင်းကိုလည်း ရေးသားစပ်ဆိုခဲ့ကြပါတယ်။ ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေ တဲ့ သီချင်းဖြစ်လို့ မြန်မာပြည်သူလူထုကြားမှာ အလွန်ရေပန်းစား ခဲ့ပါတယ်။ အခုလက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံတော်သီချင်းဟာ အဲဒီ တို့ဗမာသီချင်းကို အခြေခံရေးဖွဲ့ထားတဲ့ သီချင်းဖြစ်ပါတယ်။

တို့ဗမာအစည်းအရုံးဟာ တို့ဗမာသတင်းစာ၊ နဂါးနီစာဖတ် အသင်း စတာတွေကိုလည်း တည်ထောင်ခဲ့ပါတယ်။ အင်္ဂလိပ်ကို လက်နက်ကိုင် တော်လှန်နိုင်ဖို့ ဂျပန်ပြည်မှာ စစ်ပညာသင်ယူရေး အတွက် စီစဉ်ကြိုးစားခဲ့တာလည်း တို့ဗမာအစည်းအရုံးကပဲ ဖြစ် ပါတယ်။ ဂျပန်ပြည်ကို ပထမဆုံး စစ်ပညာသင်ဖို့ လျှို့ဝှက်သွား ရောက်ခဲ့ကြတဲ့ ရဲဘော်သုံးကျိပ်ဟာလည်း တို့ဗမာအစည်းအရုံး ဝင် လူငယ်တွေပါပဲ။ တစ်နည်းအားဖြင့် ပြောရရင်တော့ ဒီနေ့ မြန်မာ့တပ်မတော်ကို စတင်မွေးဖွားပေးလိုက်တဲ့ အသင်းကြီးဟာ တို့ဗမာအစည်းအရုံးပဲ ဖြစ်ပါတယ်။

(၃)

၂ဝဝဝ ပြည့်နှစ် ကာလတစ်ဝိုက်က ကျွန်တော်ဟာ ပုဇွန် တောင်မြို့နယ်၊ ရေကျော်လမ်းမပေါ်က တိုက်ခန်းတစ်ခန်းမှာ နေ ထိုင်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်နေခဲ့တာကတော့ ကန်ထရိုက်တိုက် တစ်ခုရဲ့ အခန်းတစ်ခန်းဖြစ်ပြီး အမှတ် ၇၄၊ ရေကျော်လမ်းမမှာ ရှိ ပါတယ်။ တိုက်အောက်ဆုံးထပ်မှာ မိုးသီးအထူးကုဆေးခန်းဆို တာ ရှိပါတယ်။ ရှေ့မျက်နှာချင်းဆိုင်မှာတော့YMBA အသင်း ခန်းမကြီး ရှိပါတယ်။ အဲဒီကန်ထရိုက်တိုက်ရဲ့ ဘေးကပ်လျက် အမှတ် ၇၆၊ ရေကျော်လမ်းမဆိုတဲ့ အိမ်ကတော့ ရှေးပုံစံ နှစ်ထပ် ပျဉ်ထောင်အိမ်ကြီး ဖြစ်ပါတယ်။ ငွေကြေးအတန်အသင့် ကြွယ်ဝ ပုံရပေမယ့် ရှေးဟောင်းပုံနှစ်ထပ် ပျဉ်ထောင်အိမ်ကြီးကိုတော့ မူလအတိုင်းပဲ ထားပြီး ပြင်မဆောက်ကြပါဘူး။ ခြံဝင်းတံခါးတိုင် ပေါ်က ခြံနံပါတ်ပြားလေးကလည်း အင်္ဂလိပ်ခေတ်တုန်းက နံပါတ် ပြားလေးပါ။ နက်ပြာရောင်ပေါ်မှာ အဖြူရောင်နဲ့ အင်္ဂလိပ်ဂဏန်း ၇၆ လို့ ဖောင်းကြွစာလုံးနဲ့ ရေးထားတာကို အမှတ်ထင်ထင် ဖြစ် မိပါတယ်။

နောက်တော့ ကျွန်တော်လည်း အဲဒီကန်ထရိုက်တိုက်ကနေ တခြားတစ်နေရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။ အဲဒီလို ပြောင်းရွှေ့ ခဲ့ရပြီးမှ ဆရာကြီး ဒဂုန်တာရာရဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာ အမှတ် ၇၆၊ ရေကျော်လမ်းမဆိုတာ တို့ဗမာအစည်းအရုံးဖွင့်ခဲ့တဲ့ လိပ်စာဆိုပြီး ရေးထားတာ ဖတ်မိပါတယ်။ အဲဒီကျတော့မှ ကျွန် တော်စိတ်ဝင်စားမိခဲ့တဲ့ ရှေးဟောင်းနှစ်ထပ်အိမ်ကြီးဟာ တို့ဗမာ အစည်းအရုံး အဆောက်အအုံကြီးပါလားလို့ သိလိုက်ရပါတယ်။ စိတ်ထဲမှာလည်း နှမြောသလိုလို၊ ဝမ်းနည်းသလိုလို ဖြစ်မိပါတယ်။ တစ်ခုဖြေသာတာက အဆောက်အအုံဟောင်းကို ဖြိုဖျက်ပြီး ကန်ထရိုက်တိုက် ဆောက်မပစ်သေးတာကိုပါပဲ။

တကယ်ဆိုရင် တို့ဗမာအစည်းအရုံးဆိုတာ ကျွန်တော်တို့ နိုင်ငံ လွတ်လပ်ရေးအတွက် အရေးပါတဲ့နေရာမှာ ရှိခဲ့တဲ့ အသင်း ကြီး မဟုတ်ပါလား။ သူ့ကျွန်ဘဝရောက်နေတဲ့အချိန်မှာ မြန်မာ ပြည်သူတွေ ဇာတိသွေးဇာတိမာန် တက်ကြွစေဖို့ လှုံ့ဆော်ပေးခဲ့ တဲ့ အသင်းကြီးပါ။ အခုလက်ရှိ နိုင်ငံတော်သီချင်းရဲ့ မူလဇာစ်မြစ် တို့ဗမာသီချင်းကို စတင်ရေးစပ်ပေးခဲ့တဲ့ အသင်းကြီးပါ။ အခု လက်ရှိ မြန်မာ့တပ်မတော်ကို စတင်မွေးဖွားပေးခဲ့တဲ့ အသင်းကြီး လည်း ဖြစ်ပါတယ်။ အခုတော့ အဲဒီလို သမိုင်းဂုဏ်ရောင်ထွန်း ပြောင်းခဲ့တဲ့ အသင်းကြီးရဲ့ တည်နေရာအဆောက်အအုံကို ကျွန် တော်တို့ မေ့လျော့ထားခဲ့ကြပါတယ်။ ဟိုတစ်လောက အင်တာ နက်စာမျက်နှာတစ်ခုမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေး ရာဇဝင်စာရွက်လေးတစ်ခုကို တွေ့မိလိုက်ပါတယ်။ အဲဒီစာရွက် ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နာမည်ကို သခင်အောင်ဆန်းလို့ ရေးထားပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လိပ်စာကို အမှတ် ၇၆၊ ရေ ကျော်လမ်းမလို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါဟာ ဗိုလ်ချုပ် အောင်ဆန်း တို့ဗမာအစည်းအရုံးဝင်အဖြစ် ဆောင်ရွက်နေစဉ် ကာလက မှတ်သားထားတဲ့ မှတ်တမ်းတစ်ခုပါ။ ဒါကိုကြည့်ရင် အမှတ် ၇၆၊ ရေကျော်လမ်းမဆိုတဲ့ နေရာဟာ ကျွန်တော်တို့နိုင်ငံ အတွက် သမိုင်းဝင်နေရာတစ်ခု ဖြစ်တယ်ဆိုတာ အသေအချာပါ ပဲ။ လက်ရှိအဆောက်အအုံကတော့ မူလတို့ဗမာအစည်းအရုံး ဖွင့် လှစ်ခဲ့စဉ်ကအတိုင်း ဟုတ်၊ မဟုတ် ဆိုတာကတော့ အသေအချာ မပြောနိုင်ပါဘူး။ ကျွန်တော်လေ့လာမိသလောက်ပြောရရင် တို့ ဗမာအစည်းအရုံးကို စတင်တည်ထောင်စဉ်က သခင်ဗသောင်း နေထိုင်နေတဲ့ အိမ်လိပ်စာ အမှတ် ၃၃၊ ရေတာရှည်လမ်း၊ ဗဟန်း လိပ်စာဖြစ်ပေမယ့် နောက်ပိုင်းကာလ တို့ဗမာအစည်းအရုံး အရှိန်အဟုန်ကောင်းတဲ့အချိန်မှာ အမှတ် ၇၆၊ ရေကျော်လမ်း၊ ပုဇွန်တောင်လိပ်စာကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အမှတ် ၇၆၊ ရေကျော်လမ်းအဆောက်အအုံမှာပဲ ဆရာကြီး  သခင်ကိုယ်တော်မှိုင်းတို့၊ သခင်အောင်ဆန်းတို့၊ သခင်ဗဟိန်းတို့ တစ်တွေ စခန်းချပြီး လွတ်လပ်ရေးအတွက် လှုပ်ရှားခဲ့ကြတယ်လို့ မှတ်သားဖူးပါတယ်။ ဒီလို သမိုင်းဝင်နေရာတစ်ခု၊ အဆောက် အအုံတစ်ခုကို ကျွန်တော်တို့ မေ့မေ့လျော့လျော့နဲ့ မထားသင့်ဘူး လို့ ထင်ပါတယ်။ ကျွန်တော်တို့ မေ့မေ့လျော့လျော့ နေခဲ့မိကြလို့ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းဝင်နေရာတချို့ဟာ ပျောက်ပျက်ခဲ့ရ ပြီးပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ထပ်ပြီး မေ့မေ့လျော့လျော့နဲ့ မနေသင့်တော့ပါဘူး။

(၄)

တကယ်လို့ အခုလက်ရှိ အမှတ် ၇၆၊ ရေကျော်လမ်းမမှာ ရှိနေတဲ့ အဆောက်အအုံဟာ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ စခန်းချပြီး လွတ်လပ်ရေးအတွက် ကြိုး ပမ်းခဲ့စဉ်က အဆောက်အအုံပဲဆိုရင်တော့ ကျွန်တော်တို့ အဲဒီ အဆောက်အအုံကို ဒီအတိုင်းပစ်မထားဘဲ အမြန်ထိန်းသိမ်းထား သင့်လှပါတယ်။ အခုလက်ရှိ ပုဂ္ဂလိကပိုင် အဆောက်အအုံဖြစ်နေ တဲ့အတွက် အချိန်မရွေး မူလအနေအထားက ပျောက်ပျက်သွား နိုင်ပါတယ်။ အိမ်ဈေး၊ မြေဈေးကောင်းနေတဲ့ကာလမှာ ရေကျော် လိုနေရာမျိုးဟာ ကွန်ဒိုမီနီယံ ဆောက်ချင်တဲ့သူတွေအတွက် အလွန်မျက်စိကျစရာ နေရာပါ။ ကံကောင်းထောက်မစွာနဲ့ မူလ အနေအထားအတိုင်းလို့ ယူဆနိုင်တဲ့ အနေအထား ရှိနေသေးတာ ပါ။ သမိုင်းတန်ဖိုးမသိတဲ့သူတွေက အဲဒီနေရာကို ဝယ်ပြီး မူလ အဆောက်အအုံကို ဖျက်ချလိုက်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံ အတွက် သမိုင်းဝင်အဆောက်အအုံတစ်ခု ဆုံးရှုံးသွားရတော့မှာ ပါ။ ကျွန်တော့်အနေနဲ့ နိုင်ငံတော်အစိုးရကို အလေးအနက်တိုက် တွန်းချင်ပါတယ်။

(၁) အခုလက်ရှိ အမှတ် ၇၆၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မှာ ရှိနေတဲ့ အဆောက်အအုံဟာ တို့ဗမာအစည်းအရုံး ဖွင့်လှစ်ခဲ့တဲ့ မူလအဆောက်အအုံ ဟုတ်၊ မဟုတ်ဆိုတာကို အမြန်ဆုံး အတည် ပြုချက် ရယူပါ။ အတည်ပြုနေဆဲ ကာလအတွင်းမှာ လက်ရှိအိမ် ပိုင်ရှင်ကို ဘာမှမလုပ်ဖို့ မေတ္တာရပ်ခံထားပါ။

(၂) အတည်ပြုချက်ရလို့ မူလအဆောက်အအုံမှန်တယ်ဆိုရင် လက်ရှိပိုင်ရှင်နဲ့ ညှိနှိုင်းပြီး အစိုးရပိုင်အဖြစ် ဝယ်ယူပါ။

(၃) နောင်လာနောက်သားတွေ လေ့လာနိုင်ဖို့အတွက အဆောက်အအုံကို မွမ်းမံပြင်ဆင်ပြီး တို့ဗမာအစည်းအရုံးပြတိုက် အဖြစ် ဖွင့်လှစ်ပြသပေးပါလို့ အလေးအနက် တိုက်တွန်းချင်ပါ တယ်။

အဲဒီနေရာဟာ ကျွန်တော်တို့ကို သခင်စိတ်ဓာတ် မြှင့်တင် ပေးခဲ့တဲ့ အသင်းကြီးရဲ့ ဘူမိနက်သန်ပါ။ အဲဒီအသင်းကြီးကမှ တစ်ဆင့် ရဲဘော်သုံးကျိပ်ထွက်ပေါ်လာခဲ့တာဖြစ်လို့ လက်ရှိ မြန် မာ့တပ်မတော်သန္ဓေတည်ရာနေရာလည်း ဖြစ်ပါတယ်။ အဲဒီနေ ရာမှာ တို့ဗမာအစည်းအရုံး ဖွင့်လှစ်ခဲ့စဉ်အချိန်ကို ကိုယ်တိုင်သိမီ လိုက်တဲ့သူတွေဟာ အခုဆိုရင် အသက် ၉ဝ လောက် အနည်းဆုံး ရှိနေပါပြီ။ ဒီထက်နောက်ကျသွားရင် သက်ရှိထင်ရှား အတည်ပြု ပေးနိုင်မယ့်သူကို ရှာဖို့ မလွယ်လောက်တော့ပါဘူး။ ဒါကြောင့် အခု ကျွန်တော်တိုက်တွန်းတဲ့ကိစ္စကို အမြန်ဆုံး အကောင် အထည်ဖော်နိုင်မှသာ အချိန်မီပါလိမ့်မယ်။ မဟုတ်ရင်တော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ဂုဏ်ယူဖွယ်ရာ အရေးပါ တဲ့ သမိုင်းဝင်အဆောက်အအုံတစ်ခုကို ထပ်ပြီး ဆုံးရှုံးရဦးမှာ မလွဲပါဘူး။ အဲဒီလက်ရှိအဆောက်အအုံသာ မူလတို့ဗမာအစည်း အရုံးဖွင့်ခဲ့တဲ့ အနေအထားအတိုင်း ရှိနေသေးတယ်ဆိုရင်တော့ အဲဒီအဆောက်အအုံဟာ အတွင်းဝန်ရုံးတို့၊ မီးရထားရုံးချုပ် ဟောင်းတို့၊ ရတနာပုံ နန်းတော်တို့လိုပဲ တိုင်းပြည်အတွက် အရေး ကြီးသမိုင်းဝင်နေရာတစ်ခု ဖြစ်ပါတယ်။ တစ်ချိန်တစ်ခါတုန်းက ကျွန်တော်တို့ မေ့လျော့မိခဲ့လို့၊ ကျွန်တော်တို့ မတတ်နိုင်ခဲ့လို့၊ အခြေအနေမပေးခဲ့လို့ သမိုင်းဝင်နေရာအချို့ကို လက်လွှတ်ဆုံးရှုံး ခဲ့ရပြီးပါပြီ။ အခု ထပ်ပြီး မဆုံးရှုံးပါစေနဲ့။

နိုင်ငံတကာမှာဆိုရင်လည်း ကိုယ့်နိုင်ငံရဲ့ သမိုင်းဝင်ပစ္စည်း တွေ၊ သမိုင်းဝင်နေရာတွေကို အထူးအလေးထားထိန်းသိမ်းကြ တာပါ။ ဒါဟာ တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုးအတွက် အရေး ကြီးလှတဲ့ မျိုးဆက်လက်ဆင့်ကမ်း တာဝန်တစ်ခုပါပဲ။

ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းဝင်နေရာတစ်ခုကို အမြန်ဆုံးကယ်တင်ထိန်းသိမ်းပေးပါလို့ တောင်းဆိုတိုက်တွန်းလိုက်ရပါတယ်။

”ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို သဘောတူသူများလည်း ဝိုင်းဝန်းထောက်ခံ တောင်းဆိုပေးကြပါ”

အခု အမှတ် ၇၆၊ ရေကျော်လမ်းမမှာ ရှိနေတဲ့ လက်ရှိ အဆောက်အအုံဟာ မူလတို့ဗမာအစည်းအရုံး ဖွင့်ခဲ့တဲ့ အဆောက်အအုံအတိုင်း ဟုတ်၊ မဟုတ်ဆိုတာကို သိတဲ့သူတွေ ရှိ ရင်လည်း အတည်ပြုဖော်ထုတ်ပေးကြဖို့လည်း မေတ္တာရပ်ခံချင်ပါ တယ်။

ကျွန်တော်တို့ အမေ့ခံထားရတဲ့ သမိုင်းဝင်နေရာတစ်ခုကို ဝိုင်းဝန်ကယ်တင်ကြရအောင်လားဗျာ။    ။

ကျမ်းကိုး။  ။ ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓာန်၊ မြဟန်( တတိယအကြိမ်)

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."