၂၀၁၄-ဇွန်လထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၄)မှ အက်ဆေး ဖြစ်ပါသည်။
ကျော်ဇေယျာထွန်းရေးသည်။
ကျွန်တော့်အဖေဟာ စစ်သားတစ်ယောက်ပါ။ မြန်မာ့တပ် မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သားတစ်ယောက်ပါ။ ကျွန်တော်ဆိုရင် စစ်ဆေးရုံမှာ မွေးပြီး စစ်တပ်ထဲမှာ ကြီးလာ တယ်။ စစ်တပ်မိသားစုတွေ တက်တဲ့ မူလတန်းကျောင်း၊ အထက် တန်းကျောင်းမှာ ပညာသင်ခဲ့ရပြီး စစ်သားကတော် (ဇနီး/ မယား) ဆရာမတွေရဲ့ တပည့်ဖြစ်ခဲ့တာပါ။
အရင်တုန်းက ရှေ့တန်းထွက်တယ်၊ ရှေ့တန်းဝင်တယ်ဆိုတဲ့ မြင်ကွင်းတွေဟာ ကျွန်တော့်ရဲ့ စိတ်အာရုံထဲမှာ ဒီနေ့အထိ ထင် ထင်ရှားရှားရှိနေဆဲပါ။ စစ်သားတွေ ရှေ့တန်းထွက်တဲ့အခါ မိသားစုတွေအဖို့ ဝမ်းနည်းဖို့ကောင်းသလောက် ရှေ့တန်းဝင်လာ တဲ့အခါမှာလည်း အိုးစည်ဒိုးပတ်တွေနဲ့ ပန်းကုံးတွေစွပ်ကြိုကြတာ ဟာ အရမ်းကို ပျော်ဖို့ကောင်းပါတယ်။
ငယ်ငယ်ကဆိုရင် ကျွန်တော့်အဖေရဲ့ တိုက်ပွဲအတွေ့ အကြုံအကြောင်းတွေကို ပြောပြဖို့ ကျွန်တော် ပူဆာတတ်ပါ တယ်။ ဒါပေမဲ့ သူက စစ်ပွဲတွေအကြောင်းကို ပြောပြလေ့မရှိပါဘူး။
တစ်ခါတလေ သူ့ရဲဘော်ရဲဘက်တွေရဲ့ သတင်းတွေကို ကျွန်တော့် အမေနဲ့ စကားပြောဖြစ်တယ်ဆိုရင် သူအမှတ်တရ ဖြစ်ခဲ့တဲ့ စစ်ပွဲ အတွေ့အကြုံတွေဆီ စကားရောက်သွားတတ်ပါတယ်။ ဒီလို အချိန်မျိုးဆိုရင် ကျွန်တော်က အလိုက်တသိ ငြိမ်ပြီး နားထောင် လေ့ရှိတယ်။ သူပြောပြတဲ့အထဲမှာ ကျွန်တော် ဒီနေ့အထိ အမှတ်ရနေတဲ့ မြင်ကွင်းပုံရိပ်လေးတစ်ခု ရှိပါတယ်။
အကြောင်းက ဒီလိုပါ။ ကျွန်တော့်အဖေလိုက်ခဲ့တဲ့ စစ် ကြောင်းတစ်ခုဟာ သူပုန်ရွာတစ်ခုကို ဝင်ပါတယ်။ သူပုန်တွေနဲ့ ပစ်ကြခတ်ကြတယ်ပေါ့။ သူပုန်တွေ၊ ရွာသားတွေ ထွက်ပြေးသွား တော့ အိမ်တွေကိုဝင်ရှာကြတယ်။ ကျွန်တော့်အဖေရယ် တခြား ရဲဘော်သုံး၊ လေးယောက်လောက်ရယ် အိမ်တစ်လုံးထဲကို ဝင် လိုက်တဲ့အခါမှာ နို့စို့အရွယ် ကလေးငယ်တစ်ယောက်ကို သူတို့ တွေ့ခဲ့ပါတယ်။ အဲဒီမှာ အဖေတို့အဖွဲ့ထဲက စစ်သားတစ်ယောက် က ကလေးကို လေထဲမြှောက်တင်လိုက်ပြီး အောက်ကနေ ဘက် နက်(ဓားတပ်ထားတဲ့သေနတ်)နဲ့ ခံထားလိုက်တယ်ဆိုတဲ့ အကြောင်းပါ။
အဖေဟာ အဲဒီနေရာရောက်ရင် ဘာဖြစ်တယ်ဆိုတာ ဆက်မပြောတော့ပါဘူး။ ”မလွယ်ဘူး၊ ကြောက်ဖို့ကောင်းတယ်။ အဲဒီတုန်းက ငါ့သားတွေရဲ့ မျက်နှာကိုပဲ ပြေးမြင်မိတယ်”လို့ ဆို ပြီး ကျွန်တော်နဲ့ ကျွန်တော့်အစ်ကိုကို ကြည့်နေတတ်တယ်။ ကျွန်တော်ဟာ အဲဒီအကြောင်းကို ပြန်တွေးမိတိုင်း လေထဲကို ယက်ကန်ယက်ကန်မြောက်တက်သွားတဲ့ နို့စို့အရွယ်ကလေးရဲ့ ပုံစံနဲ့ အောက်ကနေ ဘက်နက်ထောက်ကာ ရက်စက်၊ ရယ်မော နေတဲ့ စစ်သားရဲ့ပုံစံကို ကိုယ်တိုင်မြင်ရတဲ့အလား စိတ်ကူးထဲမှာ ပုံဖော်မြင်မိပါတယ်။
အဲဒီတုန်းက ကလေးကိုသတ်လိုက်တဲ့ စစ်သားဦးလေးကြီး ဟာ တပ်ကထွက်တော့ ကျွန်တော့်တို့နေတဲ့ ခြံနဲ့ မလှမ်းမကမ်းမှာ နေတာကြောင့် သူ့မျက်နှာကို ကျွန်တော် မှန်းကြည့်မြင်ယောင်မိ တာပါ။ သူနဲ့ပတ်သက်ပြီး ထပ်သိတာက သူပုန်တစ်ယောက်ကို မိ တော့ ဗိုက်ခွဲ၊ ကလီစာတွေကို ထုတ်၊ ချက်ပြုတ်ပြီး အရက်နဲ့ မြည်း ပစ်လိုက်တယ်လို့ ကျွန်တော့်အဖေက အကြောင်းတိုက်ဆိုင်ရင် ပြောပြတတ်ပါတယ်။ အပြန်အလှန်အနေနဲ့ သူပုန်တွေက စစ် သားတစ်ယောက်ကို မိတော့ သူတို့အသားကို စားလို့ဆိုပြီး စစ် သားရဲ့လျှာကို ငုတ်ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ် မမေ့သေးတာတစ်ခုက သူပုန်တစ်ယောက်ရဲ့ ခေါင်းကိုဖြတ်လိုက်တော့ ခေါင်းပြတ်ပြီး လိမ့်သွားတာကို မြင် လိုက်တဲ့ ရဲဘော်တစ်ယောက်ကြောက်လန့်ပြီး ထအော်တာမှာ အသံမထွက်တော့ဘဲ ဆွံ့အသွားပါတယ်။ ကျွန်တော်တို့ သိတတ် တဲ့ အရွယ်အထိကို သူ့အသံပြန်ထွက်မလာတော့ပါဘူး။ ဒါက စစ် နဲ့ပတ်သက်လို့ စစ်တပ်ထဲမှာ နေတုန်းက ကျွန်တော်ကြားဖူးခဲ့တဲ့ (သူတို့ပြောတဲ့) သူပုန်တွေအကြောင်းပါ။
အဲဒီအချိန်က ကျွန်တော့်စိတ်ထဲမှာ သူပုန်ဆိုတာ ဘယ်လို မျိုးကြီးလဲ။ ”သူပုန်တွေက ချိုတွေ၊ အမွေးတွေနဲ့လားအဖေ”လို့ မေးမိတယ်။ ”အဖေတို့လိုပဲပေါ့ကွ။ ဒါပေမဲ့ ကြောက်ဖို့ ကောင်း တယ်”လို့ ပြန်ဖြေပါတယ်။ ဒါဆိုရင် သူတို့ဟာ နှုတ်ခမ်းမွေးကြီး တွေနဲ့ ဖြစ်မယ်လို့ ကျွန်တော့်စိတ်ကူးထဲမှာ ပုံဖော်မိခဲ့တယ်။
အိမ်ရှေ့မှာက စစ်သားတွေ လေ့ကျင့်တဲ့ စက်ပစ်ကွင်းရှိ တဲ့အတွက် ငယ်သေးတဲ့အချိန်မှာ ကျွန်တော်တို့ ကစားရင်တောင် စစ်တိုက်တိုင်း ကစားတာများပါတယ်။ သူပုန်လုပ်တဲ့ သူက အမြဲ သေပေးရတယ်။ အမှန်အတိုင်းပြောရင် ကိုယ်တိုင်လည်း စစ်သား တစ်ယောက်ဖြစ်ချင်ခဲ့တယ်။ သူပုန်၊ ရန်သူတွေကို ချေမှုန်းရ မယ်ဆိုတဲ့ စိတ် ရှိခဲ့တယ်။ ဘာကြောင့် တစ်ဖက်နဲ့ တစ်ဖက် တိုက် နေကြတယ်ဆိုတာကို မစဉ်းစားမိဘူး။ စဉ်းစားရကောင်းမှန်း လည်း မသိဘူး။
ဆယ်တန်းအောင်ပြီးတဲ့အထိကို ကျွန်တော် စစ်သားဖြစ် ချင်ခဲ့တယ်။ အမှန်အတိုင်းဝန်ခံရရင် တပ်တစ်ခုကို အုပ်ချုပ်တဲ့ စစ်ဗိုလ်အဖြစ်နဲ့ တိုက်ပွဲတွေကို တိုက်ချင်တာ တစ်ခုတည်းကသာ ကျွန်တော်စစ်သားဖြစ်ချင်ရခြင်းရဲ့ အဓိကအချက်ပါ။ ဒါပေမဲ့ ကျွန်တော် စစ်သားမဖြစ်ခဲ့ပါဘူး။ သူပုန်ဆိုတဲ့သူတွေကို တွေ့ ချင် တဲ့စိတ်က ငယ်ငယ်ကလောက် ဆန္ဒမပြင်းပြပေမယ့် အရွယ် ရောက်တဲ့အထိ သူပုန်တွေကို မြင်ဖူး၊ တွေ့ဖူးချင်တာတော့ အမှန်ပါ။
အရွယ်ရောက်လို့ အလုပ်အကိုင်တွေနဲ့ ဖြစ်လာတဲ့အခါမှာ တော့ ကျွန်တော်တွေ့ချင်ခဲ့တဲ့ သူပုန်ဆိုတဲ့သူတွေနဲ့ တွေ့ခွင့်ကြုံခဲ့ ပါတယ်။
ပထမဆုံးတွေ့ဖူးတဲ့ သူပုန်လို့ဆိုရမယ့်သူကတော့ မွန်ပြည် သစ်ပါတီက အထွေထွေအတွင်းရေးမှူး ဦးနိုင်ဟံသာပါ။ သူက ကျွန်တော်တို့ တက်ရောက်နေတဲ့ သတင်းစာပညာ သင်တန်းတစ် ခုမှာ ဧည့်သည်အဖြစ် စကားလာပြောတာပါ။ သူစကားပြောပြီး တော့ သင်တန်းတက်တဲ့သူတွေက မေးခွန်းတွေ အစုံမေးကြ တယ်။ သူကလည်း အေးအေးဆေးဆေးပဲ ပြန်ဖြေပါတယ်။
သင်တန်းသူတစ်ယောက်က ရထားတွေ၊ တံတားတွေကို ဘာလို့ ဗုံးခွဲတိုက်ခိုက်ရသလဲလို့ မေးလိုက်တော့ ”သားတို့၊ သမီး တို့ရယ်၊ အန်ကယ်တို့က ရထားတွေကို ဗုံးခွဲရတယ်ဆိုတာ ခွဲချင် လို့တော့ ဘယ်ဟုတ်ပါ့မလဲ။ စစ်ဖြစ်နေတဲ့အခါကျတော့ တစ်ဖက် စစ်တပ်ရဲ့ရိက္ခာ၊ လူအင်အားဖြတ်တောက်တဲ့ သဘောပါ”လို့ ပြန် ဖြေပါတယ်။
သူတို့ ဒီလို လက်နက်စွဲကိုင်တိုက်ရတဲ့ အကြောင်းအရင်း ကလည်း သူတို့မွန်ဒေသဖွံ့ဖြိုးဖို့ ၊ သူတို့ မွန်စာပေတွေ သင်ကြား နိုင်ဖို့၊ သူတို့ရဲ့ယဉ်ကျေးမှုတွေကို ဖော်ထုတ်ထိန်းသိမ်းနိုင်ဖို့၊ တိုင်း ရင်းသားတွေအားလုံး တန်းတူအခွင့်အရေးရဖို့ပဲ ဖြစ်တယ်လို့ ဆို ပါတယ်။ အဲဒီလိုပဲအုပ်ချုပ်နေတဲ့ မြန်မာအစိုးရရဲ့ ဖျက်ဆီးမှုတွေ ကြောင့် သူတို့ရဲ့ ယဉ်ကျေးမှုအဆောက်အအုံတွေ ပျက်စီးသွားခဲ့ရ တဲ့အကြောင်းကိုလည်း ပြောသွားပါသေးတယ်။
ကျွန်တော်တွေးမိတာက ငယ်ငယ်တုန်းက တွေ့ချင်နေခဲ့တဲ့နှုတ်ခမ်းမွေးကြီးတွေနဲ့ ကြောက်စရာကောင်းလိမ့်မယ်လို့ ထင် ခဲ့တဲ့ သူပုန်ကြီးတွေဟာ တကယ့်ကို ယဉ်ယဉ်ကျေးကျေးနဲ့ ချိုချို သာသာ စကားပြောကြတာကို တွေ့လိုက်ရတော့ သူတို့ကတောင် ပိုပြီးယဉ်ကျေးနေပါသေးလားလို့ တွေးမိလိုက်ပါတယ်။
နောက်ရက်မှာ တွေ့ရတာကတော့ ကေအိုင်အိုက ဒုတိယ နိုင်ငံခြားရေးတာဝန်ခံ ဗိုလ်မှူးကြီးဆင်ဝါးပါ။ သူကလည်း ကျွန် တော်တို့သင်တန်းမှာ နှစ်နာရီလောက် စကားပြောသွားပါတယ်။ သူက စကားကို ရိုးရိုးရှင်းရှင်းနဲ့ ပွင့်ပွင့်လင်းလင်းကို ပြောသွား တာပါ။
သူပြောတဲ့အထဲမှာ ကျွန်တော့်စိတ်ထဲစွဲသွားတာက ”ကျွန်တော်တို့ကလည်း ဗမာပြည်သူတွေကို ပိုပြီးသနားတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အစိုးရစစ်တပ်လာရင် တော ထဲဝင်ပြေးသွားလို့ရတယ်။ ခင်ဗျားတို့က ဘယ်မှပြေးစရာမရှိဘူး။ ထောင်ထဲဝင်သွားဖို့ပဲရှိတယ်”ဆိုတဲ့ စကားပါပဲ။
ကချင်တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးသမိုင်းဖြစ်စဉ်ကနေစပြီးတော့ ဗမာတွေနဲ့ တန်းတူအခွင့်အရေးရဖို့၊ သူတို့ဒေသ၊ သူ တို့လူမျိုးကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ဒီလိုယုံကြည်ချက်တွေနဲ့ လက်နက်စွဲကိုင်နေရတာဖြစ်ကြောင်းကို ပြောသွားခဲ့ပါတယ်။
အစိုးရရဲ့ ကတိမတည်ဘဲ အပစ်ရပ်စဲရေးသဘောတူညီ ချက်တွေကို ချိုးဖောက်ခဲ့တဲ့အကြောင်းတွေလည်း ပါပါသေး တယ်။ နောက်ပြီး မြန်မာအစိုးရရဲ့ ဖိနှိပ်မူတွေကြောင့် သူတို့ပြည် နယ်မှာ ဘယ်လောက်အထိ နစ်နာမှုတွေရှိတယ်၊ ဘယ်လောက် အထိ ပျက်စီးမှုတွေရှိတယ်ဆိုတာကိုလည်း ပြောသွားပါသေးတယ်။
ဒါက ကျွန်တော် ငယ်ငယ်တုန်းက တွေ့ချင်နေခဲ့တဲ့ သူပုန် ခေါင်းဆောင်၊ အခုအခေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေပါ။
နောက်ထပ် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုရဲ့ ဌာနချုပ်တပ် စခန်းကိုလည်း ရောက်ခဲ့ပါသေးတယ်။ မြန်မာ-ထိုင်းနယ်စပ်မှာ ရှိတဲ့ ဆုံဆည်းမြိုင်က ဒီကေဘီအေဌာနချုပ်ပါ။ ကျွန်တော်တို့ မြဝတီမြို့ကို ရောက်တော့ ဒီကေဘီအေက ဗိုလ်ကြီးတစ်ယောက် လာကြိုပါတယ်။ သူ့ကိုစောင့်နေတုန်း ကျွန်တော့်စိတ်ထဲမှာ ဘယ် လိုပုံစံတွေနဲ့ လာမလဲ မသိဘူး။ မိုက်ကန်းကန်းပုံစံတွေများလား ဆိုပြီး တွေးနေမိတယ်။
သိပ်မကြာဘူး၊ ကားတစ်စီးရောက်လာပါတယ်။ ပြောက် ကျားစစ်ဝတ်စုံအပြည့်ဝတ်ထားတဲ့ ထောင်ထောင် မောင်းမောင်း နဲ့ ဒီကေဘီအေစစ်ဗိုလ်ကြီးတစ်ယောက် ကားပေါ်က ဆင်းလာ ပါတယ်။ နေကာမျက်မှန်တပ်ထားပြီး ခါးမှာ ပစ္စတိုတစ်လက် ချိတ်ထားတယ်။ ရင်ဘတ်မှာလည်း လက်ပစ်ဗုံးနှစ်လုံး ချိတ်ထား တယ်။ ကျွန်တော်တို့ကိုတွေ့တာနဲ့ ပြုံးပြပြီး သူ့လက်ကြမ်းကြီးနဲ့ အားရပါးရ လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။ သူ့ပုံစံက ခင်မင်နှစ် လိုဖွယ်ပါ။
သူတို့စခန်းကိုရောက်သွားတော့လည်း အဲဒီမှာရှိတဲ့ စစ် သားတွေနဲ့ စကားပြောဖြစ်ပါတယ်။ သူတို့ရဲ့မိသားစုတွေ အကြောင်း၊ မိဘနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့အကြောင်း၊ သူတို့ရဲ့ ချစ်သူရည်းစားတွေရဲ့အကြောင်း စသဖြင့်ပေါ့။ ဒီအခါမှာ ဘာကို ပြန်သတိရလဲဆိုတော့ ကျွန်တော့်အဖေပြောခဲ့တဲ့ ”အဖေတို့လိုပဲ ပေါ့ကွ”ဆိုတာကို သွားသတိရတယ်။
တကယ်ပါပဲ။ ကင်းစောင့်နေတဲ့ ကရင်စစ်သား ရဲဘော်တစ် ယောက်ဆိုရင် ကေအင်န်ယူမှာ ရောက်နေတဲ့ သူ့အစ်ကို အကြောင်း၊ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းထဲမှာ ရှိနေ တဲ့ သူ့အမေအကြောင်း၊ ပြီးခဲ့တဲ့နှစ်က ဖာပွန်မှာရှိတဲ့ သူ့အိမ်ကို ခွင့်နဲ့ ပြန်ခဲ့တဲ့အကြောင်းတွေကို ပြောပြနေတဲ့အချိန်မှာ သူဟာ စစ်သားတစ်ယောက်နဲ့ လုံးဝမတူတော့ဘဲ အိမ်သတိရလို့ အိမ် ပြန်ချင်နေတဲ့ ကလေးတစ်ယောက် စိတ်ကောက်နေတဲ့ပုံပါ။ ခေါင်းကို ငိုက်စိုက်ချထားပြီးတော့ တောဖိနပ်စီးထားတဲ့ ခြေ ထောက်နဲ့ မြေကြီးကို ယက်နေပါတယ်။
”ငါ စစ်ပွဲတွေကို မြန်မြန်ပြီးချင်နေပြီ။ ရွာပြန် စိုက်ပျိုးရေး လုပ်ပြီး အေးအေးဆေးဆေးနေမယ်။ ပြီးတော့ မိန်းမယူတော့ မယ်”လို့ဆိုပြီး ကင်းချိန်းကာ ထမင်းစားထွက်သွားပါတယ်။
အခုလိုမျိုး သူပုန်ဆိုတဲ့သူတွေရဲ့ နေရာကနေကြည့်လိုက် တော့ ငယ်ငယ်က စစ်တပ်ထဲဝင်ပြီး သူပုန်တွေကို တိုက်မယ်ကွ လို့ဆိုတဲ့ ကျွန်တော်ဟာ သူပုန်တွေကို တိုက်ရ၊ သတ်ရမှာ တစ် နည်းအားဖြင့် ကိုယ့်တိုင်းရင်းသားအချင်းချင်းကို ပြန်သတ်ရ မယ်ဆိုတဲ့ အတွေး လုံးဝမရှိတော့ပါဘူး။ ကျွန်တော်ဟာ အရင်က တပ်မတော်ဘက် တစ်ခြမ်းတည်းမှာ နေပြီး တပ်မတော်(အစိုးရ)က မြင်တဲ့ အမြင်သာ ရှိခဲ့တာပါ။
အခုတော့ တပ်မတော်ဘက်က သူပုန်လို့ ဆိုနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကိုလည်း ထိတွေ့ ဆက်ဆံဖူး၊ သူတို့ရဲ့ ခံစားချက်တွေ၊ ယုံကြည်ချက်တွေကိုလည်း နားထောင်ဖူးတဲ့အခါမှာတော့သူတို့ဟာ လူကိုသတ်ချင်လွန်းလို့၊ မိုက်လွန်းလို့၊ အားလို့၊ ယားလို့ တောထဲနေ လက်နက်ကိုင်ပြီး အကြောင်းမဲ့ စစ်တိုက်နေကြတာမဟုတ်ကြောင်း တွေ့လာရပါတယ်။
ကျွန်တော်တွေးမိတာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေကတော့ သူတို့လူမျိုး၊ သူတို့ယဉ်ကျေးမှု၊ သူတို့ဘာသာ စကားတွေကို ထိန်းသိမ်းဖော်ထုတ်ဖို့၊ သူတို့ပြည်နယ်ကို မ္တလေး၊ ရန်ကုန်မြို့တွေလို အစစအရာရာဖွံ့ဖြိုးအောင် လုပ်ဖို့။ တစ်ခွန်း တည်းပြောပါဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ဗမာအပါအဝင် တိုင်းရင်း သားအားလုံး တန်းတူအခွင့်အရေးရတဲ့ ဖက်ဒရယ်စနစ်နဲ့ ပြည် ထောင်စုကို တည်ဆောက်ဖို့ပဲ။
အခု ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အဓိက လက်ကိုင်ထားပြီး ဆွေးနွေးတဲ့ လိုလား ချက်ဟာလည်းဒီတစ်ခုတည်းပါပဲ။
အဲဒီတော့ မြန်မာအစိုးရကရော ဘာကြောင့် တိုက်ခဲ့တာ လဲ။ ဘာကို အဓိက လိုလားတာလဲ။ အခုဆွေးနွေးနေတဲ့ ငြိမ်းချမ်း ရေးဖြစ်စဉ်မှာ သူတို့ရဲ့ အဓိကလိုလားချက်ဟာ ဘာလဲပေါ့။ ကျွန် တော် အဲဒီလို မေးခွန်းတွေ ထုတ်နေမိတယ်။ နောက်ထပ် ထပ်ပြီး တွေးမိတာက အစိုးရလက်ကိုင်ထားပြီး ဆွေးနွေးတဲ့အချက်က ရော မြန်မာပြည်မှာရှိတဲ့ သန်း ၆ဝကျော်သော ပြည်သူကို ကိုယ် စားပြုရဲ့လား။ ပြည်သူတွေ လိုလားတဲ့အချက်လားပေါ့။ ပြည်သူ တွေ လို၊ မလို မသိဘူး။ ငါတို့လိုလားတဲ့ဟာပဲ ဆွေးနွေးမယ်ဆို တာမျိုးတော့ ဘယ်ဖြစ်မတုံး။
ဒီနေရာမှာ ကျွန်တော်ရဲ့ လေ့လာမှုပဲ အားနည်းတာလား တော့ မသိဘူး။ အမှန်အတိုင်းဝန်ခံရရင်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရရဲ့ လိုလားချက်က ဘာလဲဆိုတာ ကျွန်တော် မရှင်းပါဘူး။ ကျွန်တော်သိသလောက် ပြောရမယ်ဆိုရင် အစိုးရဟာ လမ်းပြမြေပုံခုနစ်ချက်ကို လက်ကိုင် ထားတယ်။ အဓိကကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမူ ဘောင်ထဲကို တိုင်းရင်းသားလက်နက်ကိုင်တွေ ဝင်လာဖို့ လိုလား တယ်။ ဒါဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အစိုးရဘက်က အဓိက လိုလားတဲ့ အချက်လို့ ကျွန်တော် လေ့လာမိတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖွဲ့စည်းပုံမူဘောင်ထဲ သွတ်သွင်းရေးဆိုတဲ့ အချက်ကို အစိုးရက လက်ကိုင်ထားပြီး ဒါ ကိုပဲ ပုံစံအမျိုးမျိုး ပြောင်းပြီး ဆွေးနွေးတယ်လို့ ကျွန်တော်မြင်မိ တယ်။ ဘယ်လောက်ပဲ ခင်မင်ကြောင်း၊ သဘောထားပျော့ပျောင်း ကြောင်း အပေါ်ယံသဘောဆန်တဲ့ ပုံစံအမျိုးမျိုးလုပ်ပြပြီး လက် ဆွဲနှုတ်ဆက်၊ အတင်းပြေးဖက်ဖက် အနှစ်သာရအရ ဘာမှ မပြောင်းဘူးဆိုရင်တော့ ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူးလို့ ကျွန်တော် ရိုးရိုးလေးတွေးမိတယ်။
တစ်ဖက်က ကြည့်ပြန်တော့လည်း ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေကို ပြည်သူတွေက လိုလားသလားပေါ့။ မဲဆန္ဒရှင် ၉၂ ရာ ခိုင်နှုန်းကျော်က ထောက်ခံတာပဲလို့ဆိုရင်တော့ ကိုယ်တစ်ဦး တည်းဝင်ဖြေတဲ့ စာမေးပွဲကို ကိုယ်တိုင်အမှတ်ပြန်ပေးပြီး ရလာ တဲ့ အောင်လက်မှတ်ပဲ။ ရာခိုင်နှုန်းပြည့် မအောင်တာတောင် တော်သေးတာပေါ့လို့ ပြန်ဖြေရမှာပါ။ ဒီအတွက် အငြင်းပွား မနေ တော့ပါဘူး။
ဒါပေမဲ့ တကယ့်လက်တွေ့မှာ ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပေးထားချက်တစ်ခုအဖြစ် တရားသေဆုပ်ကိုင်ပြီး ပြည် တွင်းငြိမ်းချမ်းရေးကို ဖြေရှင်းမယ်၊ နိုင်ငံရေးကို ဒါနဲ့ ရှေ့ဆက် မယ်ဆိုရင်တော့ ပေါ့ချင်လို့ ကြောင်ရုပ်ထိုးခါမှ ဆေးအတွက် လေးတာမျိုး ဖြစ်နေပါလိမ့်မယ်။
တကယ်တမ်းပြန်ကြည့်မယ်ဆိုရင် အစိုးရ (ယခင်စစ်အစိုး ရ)ကိုယ်တိုင် စိတ်ကြိုက်ခင်းထားတဲ့ နိုင်ငံရေးကစားကွက်မှာ ဒီမိုကရေစီလိုလားသူတွေရော၊ တိုင်းရင်းသားလက်နက်ကိုင် တွေရော ဝင်ကစားရတာပါ။ ပြောရရင် လုံးဝ မျက်နှာချင်း မဆိုင်ဘူး။ ဒါ မရ လုံးဝမယူဘူးဆိုတာမျိုး မဟုတ်ဘဲ အားလုံးပူးပေါင်းလုပ်ကိုင်ရင်းနဲ့ လိုလားချက်တွေကို ညှိနှိုင်းယူမယ်ဆိုတဲ့ သဘောနဲ့လည်း ဝင်ကစားကြတာပါ။
ဒီနေရာမှာ ပါဝင်ကစားသူတွေကို လုံးဝ အလျှော့မပေးဘဲ မိမိကစားကွင်းမှာ မိမိထုတ်ထားတဲ့ စည်းကမ်းအတိုင်းလုပ်ရမယ်၊ လိုအပ်ရင် မိမိအသာစီးယူမယ်ဆိုတာမျိုးလုပ်ရင်တော့ ရေရှည် မှာ အလားအလာမကောင်းနိုင်ပါဘူး။ တိုင်းရင်းသားတွေက လည်း တောထဲပြန်ဝင်ပြီး လက်နက်ကိုင်မယ်။ ဒိမိုကရေစီလိုလား သူတွေလည်း ထောင်ထဲပြန်ရောက်မယ်ဆိုတဲ့ ပိုနေမြဲကျားနေမြဲ ပြန်ဖြစ်ခဲ့ရင် တော့ ကျွန်တော် ငယ်ငယ်၊ ကျွန်တော့် အဖေခေတ် တုန်းကလို ရောင်စုံသူပုန်တွေ၊ သောင်းကျန်းသူတွေဆိုတဲ့ အခြေ အနေကို ပြန်ရောက်သွားဦးမှာပါ။
ကျွန်တော် ငယ်ငယ်က သူပုန်တွေကို တိုက်ချင်ခဲ့တဲ့ စိတ် မျိုးဖြစ်ခဲ့သလို ကျွန်တော်တို့ရဲ့နောက်မျိုးဆက်မှာ လုံးဝအဖြစ် မခံချင်တော့ပါဘူး။ သူပုန်တွေရဲ့ ဒုက္ခဆင်းရဲခံနိုင်မူ၊ သဘောထား ကြီးမူ၊ ယုံကြည်ချက်ခိုင်မာမှုတွေ အကြောင်းကို ပြောပြမိမှာပါ။ ပြီးတော့ ထောင်တွေဆိုတာဟာလည်း လိုအပ်ရင် နေဖို့ကောင်း တဲ့ နေရာမျိုးဖြစ်ကြောင်းလည်း ပြောမိမယ်ဆိုတာ လုံးဝ မလွဲ မသွေပါပဲ။
[ ပြီးပါပြီ။ ]

