“NCA နဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပသွားမယ်ဆိုတာတွေ လုံးဝအဆုံးသတ်သွားပြီဖြစ်တယ်”

အာဏာသိမ်းစစ်တပ်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ကိုအောင်သူရဇော်တို့ကို ကြိုးပေးသတ်ဖြတ်ခဲ့တဲ့လူသတ်ကျူးလွန်မှုကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)က ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့တဲ့အပေါ် PNFC ရဲ့ အတွင်းရေးမှူး (၂) ခွန်ဝေထူးနဲ့ မော်ကွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ လေးဦးကို ကြိုးပေးသတ်ဖြတ်ခဲ့လို့ ကြေညာတဲ့ ထုတ်ပြန်ချက်မှာ ပါတဲ့ အာဏာသိမ်းစစ်တပ်ဟာ တရားမဝင်တဲ့အတွက် ဒီလို အပြစ်ပေးပိုင်ခွင့်မရှိဘူးဆိုတာကို အရင်ဆုံးအကျယ်တဝင့်ရှင်းပြပေးပါဦး။

ဖြေ – ဒီကြိုးမိန့် သေဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့ကိစ္စက ဥပဒေအကြောင်းအချင်းအရာကနေ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာက လက်ရှိပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရဆိုတာမရှိသေးဘူး။ အမည်နာမအားဖြင့်သာလျှင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုပေမယ့်လည်း ပြည်သူ့အစိုးရဆိုတာမရှိဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင်လည်း အရေးပေါ်ကာလာပြဌာန်းချက် ဥပဒေပုဒ်မ ၄၁၇ အရ ယာယီသမ္မတကနေ နိုင်ငံတော်ရဲ့အာဏာသုံးရပ်ကို ခေတ္တယာယီလွှဲပြောင်းပေးထားတဲ့ အနေအထားပဲဖြစ်တယ်။

၂၀၀၈ အခြေခံဥပဒေအရကြည့်မယ်ဆိုရင်လည်း စကစသည် အစိုးရမဟုတ်ဘူး။ အရေးပေါ်ကာလတစ်ခုကို ကိုင်တွယ်ဖို့အတွက်ကို တာဝန်ပေးအပ်ခံရတဲ့သူဖြစ်တယ်ပေါ့။ ဒါကိုကျွန်တော်တို့ ကြည့်မယ်ဆိုရင် အစိုးရမရှိတဲ့ မြန်မာနိုင်ငံမှာ ဒီလိုသေဒဏ်မျိုးချမှတ်ပိုင်ခွင့်မရှိဘူး၊ ဒါက ဥပဒေအကြောင်းအချင်းအရာကို ပြောခြင်းဖြစ်တယ်။

လက်ရှိနိုင်ငံရေးအကြောင်းအချင်းအရာကို ကြည့်မယ်ဆိုရင်တော့ စကစဘက်ကနေ အာဏာသိမ်းတဲ့ဆိုတာကလည်း ဥပဒေအကြောင်းအချင်းအရာနဲ့ဆက်စပ်နေတယ်။ ဒီအာဏာထိန်းထားတယ် အာဏာလွှဲအပ်ခြင်းခံရတယ်ဆိုတဲ့ ပုဒ်မ ၄၁၇ ကို ပြန်ကြည့်မယ်ဆိုရင်လည်းပဲ ပြဌာန်းချက်မှာ သမ္မတကနေသာ အာဏာလွှဲပေးရတယ်ဆိုတာပဲ ဖြစ်တယ်။ ယာယီသမ္မတကနေ အာဏာလွှဲပြောင်းပေးတယ်ဆိုတဲ့ ပြဌာန်းချက်မျိုးက ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၁၇ မှာ ပြဌာန်းထားခြင်းမရှိလို့ ဒါဟာ အာဏာထိန်းတာမဟုတ်ဘဲနဲ့ နိုင်ငံတော်အာဏာကို မတရားသဖြင့် ဥပဒေနဲ့မညီဘဲနဲ့ အာဏာသိမ်းတာပဲဖြစ်တယ်။

ဒါကြောင့် လက်ရှိစကစသည် အခြေခံဥပဒေနဲ့မညီဘဲနဲ့ မတရားအာဏာသိမ်းထားတဲ့ စစ်တပ်အစုအဖွဲ့တစ်ခုဖြစ်သလို ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစုအဖွဲ့၊ အရပ်သားအစိုးရအာဏာမျိုးလည်း သူ့မှာမရှိတဲ့အတွက် ဒီလိုသေဒဏ်ချမှတ်ခြင်းဟာ သက်သက် နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ရေးအရပဲဖြစ်ဖြစ်၊ အန်အဲလ်ယ်ဒီပါတီအပေါ်မှာထားရှိတဲ့ အငြှိုးအတေးပဲဖြစ်ဖြစ် ဒါတွေကို အခြေခံပြီးမှာ လူသတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်လိုက်တာပဲဖြစ်တယ်။ ကျွန်တော်တို့နားလည်ထားတာကတော့ တရားစီရင်ရေးရဲ့ ရည်မှန်းချက်သည် လူတစ်ယောက်ကို အငြှိုးအတေးနဲ့ပြစ်ဒဏ်ပေးတာမျိုးမဟုတ်ဘဲ ပညာပေး၊ ပြန်လည်ပျိုးထောင်တဲ့ရည်ရွယ်ချက်မျိုးနဲ့ ပြစ်ဒဏ်ချမှတ်ပေးရတာဖြစ်တယ်။ ဒီအမှုကိုဆုံးဖြတ်ချချက်တဲ့ သက်ဆိုင်ရာတရားရုံးကိုလည်းဝေဖန်ချင်တယ်။ မေးခွန်းထုတ်ချင်တယ်။ ဒါကြောင့်မို့ လူထုတစ်ရပ်လုံးနဲ့အတူ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီကနေ လုံးဝကန့်ကွက်ရှုတ်ချပါတယ်။

စကစကနေ သေဒဏ်ချမှတ်လိုက်တဲ့အတွက် နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံ့ဆက်ဆံရေး၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား၊ တော်လှန်ရေး အလွှာပေါင်းစုံနဲ့သက်ဆိုင်တယ်။ ၂၀၂၁ နွေဦးတော်လှန်ရေးရဲ့ အခင်းအကျင်းကိုပဲပြောပြော အများကြီး သက်ရောက်မှုရှိတယ်။ စကစက တရားလက်လွတ်သေဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့အပေါ်မှာ လက်ရှိဖြစ်နေတဲ့ အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးအကြပ်အတည်းကို မတရားသတ်ဖြတ်နှိပ်စက်တဲ့ အကြမ်းဖက်ခံယူချက်မျိုးကို ကိုင်စွဲထားတယ်ဆိုတာ တွေ့ရှိရတယ်။ စကစဘက်ကနေ အကောင်အထည်ဖော်မယ့် ရှေ့လုပ်ငန်းစဉ်ထဲက NCA နဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပသွားမယ်ဆိုတာတွေ လုံးဝအဆုံးသတ်သွားပြီဖြစ်တယ်။ ဒီနေ့အထိ သူကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအမျိုးမျိုးတွေကို အခြေခံပြီး သုံးသပ်မယ်ဆိုရင် ပြည်သူလူထုနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို စစ်ကြေညာလိုက်တယ်လို့ နားလည်မိတယ်။

ဆက်စပ်ပြီးပြောချင်တာက လက်ရှိ နွေဦးတော်လှန်ရေးကနေ စတင်ပြီး ပြည်သူလူထုတွေဟာ စကစကို ပြန်လည်ခုခံနိုင်ဖို့အတွက် လက်နက်ကိုင်ပြီး ခုခံတော်လှန်သွားမယ်ဆိုတဲ့ လူ့အဖွဲ့အစည်းပုံစံကို အသွင်ကူးပြောင်းသွားပြီဖြစ်တယ်။ ယခင်လို သူသတ်ချင်သလို လုပ်ချင်သလို ညှင်းပန်းနှိပ်စက်ချင်သလို ခံနေရတဲ့ပြည်သူလူထုက မဟုတ်တော့ဘဲ ယနေ့ပြောင်းလဲသွားတာက လက်နက်ကိုင်ပြီးမိမိကိုယ်မိမိခုခံကာကွယ်မယ်ဆိုတာ ပြောင်းလဲသွားပြီဖြစ်တယ်။

အဲဒီမှာ ကျွန်တော်တို့ ဘာကိုဆက်တွေ့နိုင်လဲဆိုတော့ ၁၉၄၇ ခြေဥအရကျင်းပတဲ့ ၁၉၄၈ ရွေးကောက်ပွဲကို ကရင်လူထုကနေ စတင်ပြီးတော့မှ သပိတ်မှောက်ခဲ့တယ်။ ၁၉၄၉ မှာစတင်ပြီး လက်နက်ကိုင်တော်လှန်ခဲ့တယ်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းတော့လည်း ရောင်စုံသူပုန်လို့တင်စားခေါ်ဝေါ်ရလောက်တဲ့ထိ တိုင်းရင်းသားလူမျိုးပေါင်းစုံဟာ စစ်အာဏာရှင်ကို တော်လှန်ခဲ့တဲ့သမိုင်းဟာရှိခဲ့တယ်။ မပြီးဆုံးခဲ့တဲ့ တာဝန်တွေ၊ တော်လှန်ရေးသစ္စာတွေဟာ ၁၉၈၈ မှာသော်လည်းကောင်း၊ ၁၉၉၀ မှာသော်လည်းကောင်း၊ ဒါတွေဟာ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ စုရပ် ဆုံမှတ်ဖြစ်ပြီးတော့ အင်မတန်မှ ကြီးမားတဲ့အင်အားတစ်ခု အစုအဖွဲ့ကြီးတစ်ခုဖြစ်လာတယ်။ ဒါကြောင့် တော်လှန်ရေးအင်အားစု၊ တိုင်းရင်းသားပေါင်းစု၊ လူထုတွေပါဝင်တဲ့ ၂၀၂၁ အင်အားသည် လက်ရှိ ပြည်သူလူထုကို မတရားသတ်ဖြတ်နှိပ်စက်နေတဲ့စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရမယ်ဆိုတဲ့ သန္နိဌာန်ကို စကစရဲ့လုပ်ရပ်ကသာလျှင် ရိုက်သွင်းပေးလိုက်တာ၊ တွန်းအားပေးလိုက်တာပဲဖြစ်ပါတယ်။

ဘယ်လိုအဆုံးသတ်သွားမလဲဆိုရင် ဒီလိုမတရားအာဏာသိမ်း ၊ ညှင်းပန်းနှိပ်စက်နေတဲ့ စကစဟာ လက်ရှိကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံရဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့ ညှိနှိုင်းဖြန်ဖြေရေးဆိုတာရယ်၊ နိုင်ငံတကာကနေ ကြားဝင်ဖြန်ဖြေပေးမယ်ဆိုတဲ့ နည်းလမ်းဟာလည်းပဲ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့်မို့ လက်နက်ကိုင်တော်လှန်ခြင်းနည်းလမ်းမှတပါး မရှိတော့ဘူးလို့ သုံးသပ်ချင်ပါတယ်။

မေး – ခုလိုသတ်ဖြတ်လိုက်တဲ့အပေါ် နိုင်ငံရေးသုံးသပ်သူတွေတချို့က သတိပေးကြတာရှိတယ်၊ ဒီဟာက အာဏာသိမ်းစစ်တပ်အနေနဲ့ ပြည်သူလူထုနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို သွေးဆူအောင်လုပ်နေတာဖြစ်လို့ သတိထားဖို့ပြောကြတယ်၊ ဒီအပေါ်မှာရော ဘယ်လိုမြင်လဲ။

ဖြေ – ဟုတ်ပါတယ်၊ ကျွန်တော်တို့က ဒီ ၂၀၂၁ နွေဦးတော်လှန်ရေးဟာ ဘာနဲ့စတင်ခဲ့လဲဆို စိတ်ခံစားမှုနဲ့ ပြည်သူလူထုရဲ့ မတရားမှုကိုမခံနိုင်တဲ့စိတ်နဲ့ထလုပ်ခဲ့တယ်။ အဲဒီအပေါ်မှာ လုံးဝ စည်းဘောင်မရှိတဲ့စစ်ကောင်စီကြောင့် ကျွန်တော်တို့ဟာ မတရားအနစ်နာခံခဲ့ရတယ်။ ဒါကြောင့်မို့ တော်လှန်ရေးဟာ တစ်နှစ်လည်းကျော်လာပြီ။ ဒီလိုနစ်နာမှုအမျိုးမျိုးကို တစ်နှစ်ကျော်ကာလမှာ ပေးဆပ်ခဲ့ရတယ်၊ ကြုံတွေ့ခဲ့ရတဲ့အပေါ် ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ နားလည်သဘောပေါက်သွားကြပြီဖြစ်တယ်။ ကျွန်တော်တို့ ပြည်သူလူထု၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စိတ်ခံစားမှုနောက်ကို မလိုက်ဘဲနဲ့ တကယ်ထိထိမိမိနဲ့ စနစ်တကျ ပြန်လည်လက်တုန့်ပြန်ရမယ်ဆိုတာ နားလည်သဘောပေါက်ပြီးဖြစ်မှာပါလို့ ယုံကြည်ပါတယ်။

မေး – လက်ရှိ အာဏာသိမ်းစစ်တပ်ရဲ့ ဒီကာလမှာ ငြိမ်းချမ်းရေးဆိုတာက ဘယ်လိုပုံစံမျိုးလဲ။

ဖြေ – ဒါက သူ့မှာရှေ့လုပ်ငန်းစဉ်ချမှတ်ပြီးမှ ဖော်ဆောင်သွားတဲ့လုပ်ငန်းစဉ်ဖြစ်တယ်။ စကစက ထုတ်ပြန်တဲ့ ရှေ့လုပ်ငန်းစဉ် အမှတ် ၄ မှာ NCA မှာပါတဲ့အချက်အလက်တွေကို အတတ်နိုင်ဆုံး ဖော်ဆောင်သွားမယ်၊ ဆိုတော့ အဓိကသူ့ရဲ့ပစ်မှတ်သည် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေးကိုယူပြီးတော့ တနည်းအားဖြင့်ဗျာ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ကျွန်တော်တို့ နွေဦးတော်လှန်ရေးကိုပေါက်ဖွားလာတဲ့ ပြည်သူလူထုအင်အားစု ဒီနှစ်ခုကြားကို သူကသပ်လျှိုသွေးခွဲချင်တာပဲဖြစ်တယ်။

အဲလိုသူက စတင်ပြီးတော့မှ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကနေပြီး ကျွန်တော်ကိုယ်တိုင်တွေ့ဆုံပြီးတော့မှ ဒီငြိမ်းချမ်းရေးပွဲကို ကျင်းပသွားမယ်လို့ သူမြန်မာ့အသံကနေပြီးတော့ ကြေညာလိုက်ကတည်းကိုက ဒီတွေ့ဆုံဆွေးနွေးပွဲသည် ဝါးပိုးမျှစ်လိုပဲဖြစ်မှာ၊ အရင်းကြီးပြီး အဖျားရှူးသွားမှာပါလို့ ကျွန်တော်ပြောဖူးတာရှိတယ်။ သူဘယ်လိုမှ အောင်မြင်စရာအကြောင်းမရှိဘူး။

ကျွန်တော်တို့ အရင်ကတည်းက ပြောပါတယ်၊ NCA ဆိုတာသည် ပြည်သူကရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ်အနေနဲ့ စစ်တပ်နဲ့ တိုင်းရင်းသားအင်အားစုတွေကြားမှာ ညှိနှိုင်းဖြန်ဖြေပြီးတော့မှ ပူးပေါင်းဆောင်ရွက်ရတဲ့ စာချုပ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့ အစိုးရမရှိဘဲနဲ့တော့ ဒီ NCA ကို ဘာကြောင့်မှ ဆက်လက်ဖော်ဆောင်လို့မရဘူး။ ဒါကြောင့် NCA သည် ရပ်ဆိုင်းသွားပြီလို့ ကျွန်တော်တို့ ပြောထားတာရှိသလို တခြားတိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ဒီလိုပဲနားလည်သဘောပေါက်ထားတာဖြစ်ပါတယ်။

ဒါကြောင့်မို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စဟာ အရင်းကြီးပြီး အဖျားရှူးသွားပါပြီ။ ဖော်ဆောင်ရင်လည်း အောင်မြင်စရာအကြောင်းလည်း မရှိဘူး။ သူ့ရဲ့ငြိမ်းချမ်းရေးတွေ့ဆုံပွဲဟာ ၂၀၂၁ နွေဦးတော်လှန်ရေးရဲ့ အရှိန်ကိုတော့ လာရောက်မှုရှိနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်ထင်ပါတယ် အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲထက် လာမယ့် ၂၀၂၃ ရွေးကောက်ပွဲအတွက် ဇောင်းပေးပြီးလုပ်တယ်လို့ပဲ ခန့်မှန်းလို့ရပါတယ်။

မေး – ဒီလို Mandate လည်းမရှိ၊ Legitimacy မရှိတဲ့ အဖွဲ့အစည်းက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သွားတက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲက အဖွဲ့အစည်းတချို့ရှိတယ်။ အဲဒီအချိန်မှာ ပြည်သူတွေကစိတ်ပျက်ကြတာတွေကိုတွေ့ရတယ်။ အဲဒီတော့ ဒီအဖွဲ့အစည်းတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ဆီက ဘယ်လိုအရာတွေကို မျှော်ကိုးတယ်လို့ထင်လဲ။

ဖြေ – ကျွန်တော် အားမနာတမ်းပြောရမယ်ဆိုရင် ကျွန်တော်တို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အပါအဝင် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့အာဏာသိမ်းစစ်ကောင်စီကနေ ဖိတ်ကြားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်နေခြင်းသည် ငြိမ်းချမ်းရေးဆိုတာကို တကယ့်ငြိမ်းချမ်းရေးရဲ့အနှစ်သာရ အဓိပ္ပါယ်ကို တကယ်နားမလည်ကြဘူး။

ငြိမ်းချမ်းရေးဆိုတာ လက်နက်ကိုင်ပြီးတော့မှ မူးယစ်ဆေးဝါးတွေ၊ လောင်းကစားတွေ၊ မှောင်ခိုစီးပွားရေးလုပ်ငန်းတွေကို ပေါ်ပေါ်တင်တင် အစစ်အဆေးအတားအဆီး အရေးယူဆောင်ရွက်ခြင်းမရှိဘဲ လုပ်လို့ရတယ်ဆိုတာကို သူတို့က ဒါကို ငြိမ်းချမ်းရေးလို့ နားလည်တဲ့အဖွဲ့အစည်းတွေပဲဖြစ်တယ်လို့ ကျွန်တော်ပြောချင်တယ်။

သူတို့ရဲ့ ကိုယ်ကျိုး၊ သူတို့ရဲ့စီးပွား၊ သူတို့ရဲ့ အတ္တအတွက်ကိုပဲ မျှော်ကိုးပြီးတော့မှ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကိုသွားတာဖြစ်တယ်။ တိုင်းပြည်အပေါ်မှာထားရမယ့်စေတနာတွေ၊ ပြည်သူတွေအပေါ်မှာထားရမယ့်စေတနာတွေ၊ တိုင်းပြည်အနာဂတ်ကို ဝိုင်းဝန်းပြီးတော့မှ တည်ဆောက်ချင်တဲ့ အာသီသရည်မှန်းချက်တွေ တစ်စုံတစ်ရာမရှိဘဲနဲ့ ကိုယ်ကျိုးတစ်ခုအတွက် သွားရောက်ပြီးတော့ ဆွေးနွေးပွဲလုပ်တာဖြစ်တယ်။

ဒါပေမဲ့ သူတို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ နံပါတ်တစ်အနေနဲ့ စကစသည် ဒီလိုငြိမ်းချမ်းရေးပွဲမျိုးကို လုပ်ပိုင်ခွင့်မရှိသလိုပဲ ဒီလိုပွဲမှာပါဝင်နေတဲ့ စကစအပြင် တိုင်းရင်းသားအဖွဲ့တွေ ပါဝင်မှုကလည်း ၂၀၂၁ နွေဦးတော်လှန်ရေးကို တစ်စုံတစ်ရာလာပြီးတော့မှ သက်ရောက်မှုမရှိပါဘူးလို့ ကျွန်တော်တို့က ပိုပြီးတော့မှ တော်လှန်ရေးမှာ မြင်တွေ့နေရတဲ့ ဒီလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အနေအထားကို မျက်မြင်ကိုယ်တွေ့ တွေ့ရှိရပြီးတော့မှ အနာဂတ်သွားမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာ ကျွန်တော်တို့ နိုင်ငံရေးသန့်သန့်ရှင်းရှင်းနဲ့ ဆက်ပြီးတော့ သွားလို့ရနိုင်တဲ့ သက်သေခံအထောက်အထားတွေ၊ အတွေ့အကြုံတွေ၊ အသိတွေကို ရလိုက်တာပဲဖြစ်တယ်။

မေး – အရှေ့မှာ ၂၀၂၃ မှာ တရားမဝင်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ပြောတာရှိတော့ အဲဒီမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စိုင်းပြင်နေကြတဲ့ ပါတီတချို့လည်းရှိတယ်၊ တချို့က သူတို့ရဲ့လက်ဝေခံပါတီအများစုပေါ့၊ တချို့ကတော့ သူတို့ရဲ့မဲဆန္ဒနယ်တွေမှာ ပြည်သူလူထုရဲ့ အခိုင်အမာထောက်ခံမှုရထားတဲ့ ပါတီတချို့လည်းပါတယ်လို့ ကျွန်တော်တို့ ကြားနေရတယ်။ ဆိုတော့ ဒီလိုပါတီတွေအနေနဲ့ ရွေးကောက်ပွဲကိုဝင်လိုက်မယ်ဆို ဘာဖြစ်သွားမလဲ။

ဖြေ – ဒီလာမယ့် ၂၀၂၃ ရွေးကောက်ပွဲကဘယ်လိုမှ အထမမြောက်နိုင်ဘူး။ ဒါပေမဲ့တော့ အာဏာသိမ်းစစ်ကောင်စီကတော့ ဒီရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ကြိုးပမ်းအားထုတ်လိမ့်မယ်လို့ မြင်တယ်။ သူ့ရဲ့ အာဏာသိမ်းဖြစ်စဉ်မှာ ကြီးမားသော ရည်မှန်းချက်ပေါ့။ အာဏာသိမ်းဖြစ်စဉ်ကို အောင်မြင်စေတဲ့ ရည်မှန်းချက်သည် သူ့ရဲ့ Work Done သည်ရွေးကောက်ပွဲပဲဖြစ်တယ်။ အစိုးရတစ်ရပ်မှာ De Facto Power နဲ့ De Jury Power နှစ်ရပ်ပြည့်စုံမှ ဖြစ်မှာဖြစ်တယ်။ ဒါကြောင့် စကစဟာ သူ့မှာ De Jury မရှိဘူး။ တရားဝင်မှုမရှိဘူး ဒါကြောင့်မို့ သူအာဏာသိမ်းခဲ့တာသည် ၂၀၀၈ အခြေခံဥပဒေနဲ့မညီဘူးဆိုတဲ့ ဖြစ်စဉ်ကို ၂၀၂၃ ရွေးကောက်ပွဲကနေ ဖွဲ့စည်းလိုက်တဲ့ အစိုးရတစ်ရပ်ရဲ့ တရားဝင်မှုနဲ့ သူက ပြန်ပြီးတော့ ကုစားမှာ ၊ ပြန်ပြီးတော့ အစားထိုးသွားမယ်ဆိုတဲ့ အနေအထားမျိုးလို့ ကျွန်တော်နားလည်တယ်။

ဒါကြောင့် ရွေးကောက်ပွဲကိုလုပ်နိုင်ရင် တရားမဝင်မှုကို ပြန်လည်ကုစားနိုင်မှာဖြစ်သလို နိုင်ငံတကာဆက်ဆံမှုမှာလည်း သူ့ကို အစိုးရတစ်ရပ်အနေနဲ့ နိုင်ငံတကာကဆက်ဆံသွားမယ်ဆိုတဲ့ သူ့ရဲ့ မျှော်လင့်ချက်တွေ၊ မျှော်မှန်းချက်တွေ ဖြစ်တယ်။ တစ်နည်းအားဖြင့် သမ္မတရူးတာပေါ့ဗျာ၊ သမ္မတရူးတစ်ယောက်ရဲ့ ရည်မှန်းချက်တွေပေါ့။

ဒီလိုရွေးကောက်ပွဲကို ဦးဆောင်ကျင်းပမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်သည် ဖက်ဒရယ်ဒီမိုကရေစီကို လုံးဝအညွန့်ချိုးထားတဲ့ စစ်ခေါင်းဆောင်တွေဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီကိုသာ လိုလိုလားလားနဲ့ တိုင်းရင်းသားကိုပေးမယ့် သူ့မှာ စိတ်အာသီသရှိမယ်ဆိုရင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ စစ်တပ်အနေနဲ့ တိုင်းရင်းသားတွေအပေါ်မှာ ငြင်းခုံကန့်ကွက်ပြီးတော့ ငြိမ်းချမ်းရေးအစီအစဉ်တွေကို ပျက်စီးအောင် အဖျက်အမှောင့်တွေ လုပ်စရာအကြောင်းမရှိဘူး။ ပြည်သူလူထုလည်း ကိုယ်တွေ့မြင်တွေ့ခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း အများကြီးရှိတယ်။

ဖက်ဒရယ်ဒီမိုကရေစီကို မပေးချင်တဲ့အတွက် အာဏာသိမ်းခဲ့ခြင်းဖြစ်တယ်။ ဖက်ဒရယ်ကို မပေးချင်ဘူး၊ ဒီမိုကရေစီကို အပြည့်အဝမပေးချင်ဘူးဆိုတဲ့ စစ်ခေါင်းဆောင်တွေဆီကမှ နိုင်ငံရေးပါတီတွေအနေနဲ့ ဒီမိုကရေစီအရေးတွေ၊ ဖက်ဒရယ်အရေးတွေကို ဘာကိုမျှော်လင့်ပြီးသွားတောင်းနေတာလဲ။ ဘာယုံကြည်ချက်နဲ့သွားတောင်းနေလဲဆိုတာ ကျွန်တော်မေးခွန်းထုတ်စရာရှိပါတယ်။

နောက်တစ်ချက်အနေနဲ့က နိုင်ငံရေးပါတီတွေအနေနဲ့ သူတို့ ပါတီမှာ ချမှတ်ထားတဲ့ ပါတီမူဝါဒဆိုတာရှိတယ်။ သူတို့ပါတီမူဝါဒနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့လုပ်ရပ်က လုံးဝဆန့်ကျင်နေတဲ့အပေါ်မှာ ဘာကြောင့်များစစ်ကောင်စီနဲ့လက်တွဲပြီးတော့မှ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးကို ဖော်ဆောင်ချင်ဦးမှာလဲ။ လုံးဝမဖြစ်နိုင်တဲ့ကိစ္စကို ဘာကိုမျှော်လင့်ပြီးလုပ်နေတာလဲဆိုတာကိုတော့ ပြည်သူတစ်ရပ်လုံးရဲ့ကိုယ်စား မေးခွန်းထုတ်ချင်ပါတယ်။

မေး – အရှေ့မှာ ပြောခဲ့သလိုဆိုရင် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သူ့ကိုယ်သူ တရားမဝင်မှန်းသိလို့ ရွေးကောက်ပွဲကိုလုပ်ပြီး ထွက်ပေါက်ရှာတယ်လို့ပြောလို့ရမလား။

ဖြေ – ဟုတ်ပါတယ်။ ဒါကလည်း နည်းလမ်းဟောင်းပါပဲ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံရေးဘာမှနားမလည်ပါဘူး။ နည်းလမ်းဟောင်းအတိုင်းကို ပြန်လုပ်တာပါပဲ။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီးတဲ့အချိန်မှာ အိမ်စောင့်အစိုးရအနေနဲ့ ဗိုလ်ချုပ်နေဝင်းရပ်တည်ခဲ့ရတယ်။ အဲဒီမှာ သူ့ရဲ့အကြံပေးတွေက အစိုးရဟာ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလိုက်နာရတာဖြစ်တယ်၊ ဒါပေမဲ့ လက်ရှိက စစ်တပ်အစိုးရဖြစ်နေတယ်ပေါ့။ ဒါကြောင့်မို့ လူပြောင်းရင် မူလည်းပြောင်းရမယ်ဆိုပြီး ၁၉၇၄ ဆိုရှယ်လစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဌာန်းပြီးတော့ စစ်ဗိုလ်ချုပ်တစ်ယောက်က သမ္မတတက်လုပ်ခဲ့တဲ့ ဖြစ်စဉ်ဟောင်းကရှိခဲ့ပါတယ်။ လက်ရှိမှာလည်း အာဏာသိမ်းမင်းအောင်လှိုင်ဟာလည်း အာဏာသိမ်းဖြစ်စဉ်အပေါ်မှာ တရားမဝင်ဘူးဆိုတာကို သိတဲ့အတွက် ၂၀၂၃ ရွေးကောက်ပွဲကနေ တင်မြှောက်လိုက်မယ့် အစိုးရတစ်ရပ်ရဲ့ တရားဝင်မှုကို သူက ပြန်လည်ဖုံးဖိရယူသွားမှာဖြစ်တယ်။ နည်းလမ်းဟောင်းပါပဲ။ ကျွန်တော်တို့အနေနဲ့ကတော့ မဆန်းပါဘူး။

မေး – ထပ်မံဖြည့်စွက်ပြောစရာရှိပါဦးမလား။

ဖြေ – ၂၀၂၁ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့အလွှာအသီးသီးက ပြည်သူလူထု၊ အဖွဲ့အစည်းပေါင်းစုံ စုဖွဲ့ထားပြီးဖြစ်တယ်။ ခေတ်အဆက်ဆက်မှာ မပြီးပြတ်သေးတဲ့ တော်လှန်ရေးသစ္စာတွေဟာလည်း ၂၀၂၁ နွေဦးတော်လှန်ရေးမှာ ပြန်ပြီးစုရပ် ဆုံမှတ်အနေနဲ့ စုဖွဲ့မိပြီးတော့မှ အင်မတန်ကြီးမားတဲ့အတွေ့အကြုံအားဖြင့်သော်လည်းကောင်း၊ အင်အားဖြင့်သော်လည်းကောင်း၊ ပူးပေါင်းဆောင်ရွက်မှုအားဖြင့်သော်လည်းကောင်း၊ Politic Leadership ပဲပြောပြော Co-operation ပဲပြောပြော အင်မတန်မှ အားကောင်းတဲ့ နားလည်မှုလက်တွဲမှုခိုင်မာတဲ့ အခြေအနေတစ်ရပ်ကို တည်ဆောက်ထားပြီးဖြစ်တယ်။ မတရားအာဏာသိမ်းထားတဲ့စစ်ခေါင်းဆောင်တစ်စုကို ကျွန်တော်တို့မြန်မာနိုင်ငံမြေပေါ်က အာဏာရှင်စနစ်ဆိုတာကို အမြစ်ပြတ်တော်လှန် ချေမှုန်းဖယ်ရှားသွားဖို့သည် သတ်မှတ်ထားတဲ့ကာလအတွင်းမှာ ဆောင်ရွက်သွားမယ့် မဟာဗျူဟာ၊ နည်းဗျူဟာတွေ ချမှတ်ထားပြီးဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးသည် အချိန်အကန့်အသတ်မရှိ အဆုံးအစမရှိသောတော်လှန်ရေးမဟုတ်ဘဲနဲ့ သတ်မှတ်အချိန်ကာလအတွင်းမှာ ပြီးပြတ်အောင် တော်လှန်သွားမယ့်မဟာဗျူဟာမျိုးကိုချမှတ်ထားပြီလို့ ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။ ပြည်သူအသီးသီး အဖွဲ့အစည်းအသီးသီးက တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး စိတ်ဓါတ်မကျဘဲနဲ့ ယခင်ကထက်ပိုပြီးတော့ အားထုတ်ပေးပါ။ ကူညီပံ့ပိုးကြပါ။ မြန်မာပြည်အနှံ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ပိုပြီး ဂရုစိုက်ပေးကြပါ။ အားပေးကြပါလို့ပြောချင်ပါတယ်။
#mawkunmagazine #PNFC

အမျိုးအစား - သတင်းအမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."