ရန်ကုန်- ၂၀၂၃၊ ဩဂုတ် ၁၄ (မော်ကွန်း)
ရေကြီးနေတဲ့ပဲခူးမြို့မှာ ပဲခူးမြစ်ရေပြန်ကျလာပြီလို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကပြီးခဲ့တဲ့နာရီပိုင်းအတွင်းက ထုတ်ပြန်ပါတယ်။
မိုးဇလကပဲခူးမြစ်ရေရဲ့စိုးရိမ်ရေအမှတ်ဟာ ၈၈၀ စင်တီမီတာသတ်မှတ်ထားပြီး၊ နောက်၂၄ နာရီအတွင်းမှာ ၇၆၄ စင်တီမီတာကိုကျဆင်းသွားမယ်လို့ထုတ်ပြန်ထားပါတယ်။
ဩဂုတ် ၁၀ ရက်ကပဲခူးမြို့နယ်မှာမိုးအဆက်မပြတ်ရွာလို့မြစ်ရေကြီးမှုတွေဖြစ်ပွါးခဲ့ပါတယ်။
ပဲခူးမြစ်ရေကြီးမှုကြောင့် ပဲခူးမြို့နယ်မှဒေသခံတစ်သောင်းကျော်ဟာ ယာယီရေဘေးရှောင်စခန်းအဖြစ်ဖွင့်လှစ်ထားတဲ့ဘာသာရေးအဆောက်အဦတွေ၊ စာသင်ကျောင်းတွေမှာသွားရောက်ခိုလှုံခဲ့ကြရတယ်လို့အနာဂတ်ကြယ်ပွင့်လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှသိရပါတယ်။
“အခုမြစ်ရေကပြန်ကျသွားပြီ၊ ရေဘေးရှောင်စခန်းနေရာ ၂၉ ခုမှာ ၂၅ ခုပဲကျန်တော့တယ်။ လေးခုကပိတ်သွားပြီ။ လူတွေကရေမြုပ်နေတဲ့သူတို့အိမ်တွေကိုသန့်ရှင်းရေးလုပ်ကြဖို့ ပြန်သွားကြပြီ။” လို့ အနာဂတ်ကြယ်ပွင့်လူမှုကူညီရေးအသင်းတာဝန်ခံကပြောပါတယ်။
ပဲခူးမြစ်ရေကြီးမှုကြောင့် နေအိမ်ပျက်စီးမှုမရှိခဲ့သလို လူအသေအပျောက်လည်းမရှိခဲ့ဘူးလို့သူကပြောပါတယ်။
ဩဂုတ်လ ၁၀ ရက်အထိကောက်ယူထားတဲ့စာရင်းတွေအရ ပဲခူးတိုင်းဒေသကြီးမှာရေကြီးမှုကြောင့် လူနှစ်သိန်းကျော်ဟာရေဘေးသင့်နေတယ်လို့ မြန်မာနိုင်ငံသတင်းအချက်အလက်စီမံခန့်ခွဲမှုယူနစ်ကထုတ်ပြန်ထားပါတယ်။
ပုံစာ- ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက် ဩဂုတ် ၁၀ ရက်ကရေကြီးမှုမြင်ကွင်း။
ဓါတ်ပုံ-အနာဂတ်ကြယ်ပွင့်လူမှူကူညီရေးအသင်း။
#Dailynews