ဂေထော
ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၂၅ (မော်ကွန်း)
ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်း ၄၀ ဝန်းကျင် COVID-19 ကူးစက်ခံရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF)က မော်ကွန်းသို့ပြောသည်။
COVID-19 ကူးစက်ခံရသော ပညာရေးဝန်ထမ်းများသည် MTF အဖွဲ့ထံ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်ကာ ပဲခူးတိုင်းနှင့်မန္တလေးတိုင်းတို့လည်း ပါဝင်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က အဖွဲ့ဝင် ဦးအေးမင်းထိုက်က “ရန်ကုန်မြို့ပေါ်မှာရှိတဲ့ ရိုးမနှင့်ဧရာဝတီစင်တာတို့ကိုသွားပြီးတော့ မဲရုံစောင့်ပြီး COVID-19 ကူးစက်ခံရပြီး ရောက်ရှိနေတဲ့ ဆရာ၊ဆရာမတွေကို သွားပြီး အလှူငွေလှူဒါန်းတာတွေ လုပ်နေပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်က COVID-19 ရောဂါပိုး ကူးစက်ခံရသော ပညာရေးဝန်ထမ်းများကို တစ်စုံတစ်ရာ ကူညီထောက်ပံ့မှုပြုလုပ်စေလို၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်ပညာရေးဝန်ကြီးဌာနတို့ကို တောင်းဆိုသွားမည်ဖြစ်သည်။
လက်ရှိတွင် ပညာရေးဝန်ကြီးဌာနသည် မဲရုံတာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ၊ဆရာမများကို အသိအမှတ်ပြုသည့်အနေဖြင့် ရာထူးတိုးခြင်းနှင့် မိမိတာဝန်ထမ်းဆောင်လိုသည့် ဒေသသို့ ပြောင်းရွှေ့ရေး လျှောက်ထားခြင်းများကို ဦးစားပေးစဉ်းစားမည်ဟု နိုဝင်ဘာ ၁၂ ရက်တွင် အခြေခံပညာဦးစီးဌာနက မော်ကွန်းသို့ ပြောသည်။
မြန်မာတစ်နိုင်ငံလုံးတွင် မဲရုံပေါင်း လေးသောင်းဝန်ကျင်ရှိကာ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ၊ ဆရာမနှစ်သိန်းနီးပါးရှိနေသည်။
မဲရုံတာဝန်ထမ်းဆောင်ခဲ့ကြသည့် ပညာရေးဝန်ထမ်းများနှင့်အခြားတာဝန်ရှိသူများကို ကျန်းမာရေးစောင့်ရှောက်မှု၊ COVID-19 ရောဂါ စစ်ဆေးပေးရန် ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်တွင် MTF သည် ကြေညာချက်တစ်စောင်ထုတ်ကာ တောင်းဆိုခဲ့သည်။
ပုံစာ – ရွေးကောက်ပွဲနေ့တွင် တွံ့တေးမြို့နယ်၊ဘုရားကြီးကျေးရွာအုပ်စု၊မဲရုံအမှတ် (၃) တွင် မဲရုံတာဝန်ထမ်းဆောင်နေသည့် ဆရာမတစ်ဦး။
ဓာတ်ပုံ – ဂေထော
#Dailynews

