ကျော်ဇေယျ၊ ရန်ကုန်။
ဇန်နဝါရီ-၈
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) နဲ့ပတ်သက်ရင် နှစ်ဖက်စလုံးမှာ တာဝန်ရှိပြီး အောင်မြင် မှုအတွက် ဂုဏ်ပြုခြင်းခံရသလို တစ်ဆို့နှောင့်နှေးမှုအတွက်လည်း အပြောအဆိုခံရမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောပါတယ်။
ဒီနေ့ နေပြည်တော်မှာ ကျင်းပနေတဲ့ ၈ကြိမ်မြောက်၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင် အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေး(JICM) အဖွင့်မိန့်ခွန်းမှာ သူကပြောခဲ့တာပါ။
“ မိမိတို့ဟာ တိုင်ပင်ဖော်တိုင်ပင်ဖက်၊ ဆွေးနွေးဖော်ဆွေးနွေးဖက်၊ လုပ်ဖော်ကိုင်ဖက်တွေဖြစ်ကြရုံမျှမက NCA ကို ပူးတွဲ ပိုင်ဆိုင်တဲ့သူတွေဖြစ်ကြတဲ့အတွက် NCA နဲ့ ပတ်သက်ရင် နှစ်ဖက်စလုံးမှာ တာဝန်ကိုယ်စီရှိကြပါတယ်” လို့ တိုင်းရင်းသား လက်ကိုင်တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)ရဲ့ယာယီဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါ တယ်။
“ NCA အကောင်အထည်ဖော်မှုများ ပြီးစီးအောင်မြင်အောင် လက်တွဲဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်” လို့ သူက ပြောတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်လာရေး ဆုံးဖြတ်ထားပြီးဖြစ်တဲ့အတွက် ကွင်းဆင်းလက်တွေ့အကောင် အထည် ဖော်ဆောင်ရွက်ကြဖို့ တတ်နိုင်သမျှ ကြိုးပမ်းကြပါလို့လည်း သူက ပြောတယ်။ အခက်အခဲ ပြဿနာတွေကြုံလာရင်လည်း ဆွေးနွေးတဲ့နည်းလမ်းနဲ့ အဖြေရှာကြပါလို့ ဗိုလ်ချုပ်ကြီး ယွက်စစ်က သူ့မိန့်ခွန်းမှာ တိုက်တွန်းပါတယ်။
၁၅ လလောက် ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင်အစည်းအဝေးတွေရပ်တန့်နေရာကနေ ဒီနေ့မှာတော့ ၈ ကြိမ်မြောက်၊ JICM အစည်းအဝေးကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၀) ဖွဲ့တို့ နေပြည်တော်မှာ ဆွေးနွေးနေပါပြီ။ ဒီအစည်းအဝေးကတဆင့် ၄ ကြိမ်မြောက်ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ရာစု ပင်လုံမှာ ဆွေးနွေးမယ့်အကြောင်းအရာတွေကို အတည်ပြုမှာပါ။
#dailynews