ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၁၀ (မော်ကွန်း)
လာမယ့်ရက်ပိုင်းအတွင်း စတင်လာဖို့ရှိတဲ့ မော်တော်ယာဉ် အာမခံမူဝါဒအသစ်မှာ အာမခံထားသူကခွင့်ပြုတဲ့မည်သူမဆို ယာဉ်မောင်းလိုင်စင်ရှိပါက အကျုံးဝင်တယ်ဆိုတဲ့ အချက်ကို ပယ်ဖျက်လိုက်ပြီး အာမခံအတွက် အကျုံးဝင်ဖို့ယာဉ်မောင်းနှင်မယ့်သူတွေရဲ့ စာရင်းကိုပေးရမယ်လို့ ပြင်ဆင်လာပါတယ်။
ယခုလ ၁၂ ရက်မှာ မော်တော်ယာဉ် အာမခံ မူဝါဒအသစ်ကို စတင်တော့မှာဖြစ်ပြီး အဆိုပါအချက်အပါအဝင် ပြင်ဆင်ထားတဲ့ အာမခံမူဝါဒအသစ်တွေကို ထုတ်ပြန်ဖို့ရှိနေတယ်လို့ မြန်မာ့အာမခံလုပ်ငန်းက အာမခံကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
အဲ့ဒီမူဝါဒအသစ်အရ ကားအာမခံထားသူဟာ ကားကို မောင်းနှင်မယ့်သူလေးဦးရဲ့စာရင်းကို တင်ထားရမှာဖြစ်ပြီး စာရင်းမှာပါသူမောင်းနှင်မှသာ လျော်ကြေးပေးရာမှာ အကျုံးဝင်မယ်လို့ ပြောင်းလဲသတ်မှတ်ထားတာဖြစ်ပါတယ်။
လက်ရှိမှာ အာမခံထားရှိပြီးသား မော်တော်ယာဉ်တွေကတော့ သက်တမ်းကုန်တဲ့အထိ လက်ရှိမူဝါဒအဟောင်းအတိုင်း ဆက်လက်သွားမှာဖြစ်ပြီး အာမခံအသစ်ပြုလုပ်တဲ့ မော်တော်ယာဉ်တွေနဲ့ အာမခံသက်တမ်းတိုးမယ့် မော်တော်ယာဉ်တွေကတော့ ပေါ်လစီအသစ်နဲ့အတူ ပြောင်းလဲရတော့မှာလို့ အာမခံလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
ဒါ့အပြင် အာမခံပေါ်လစီအသစ်မှာ အာမခံရဲ့ နှစ်စဉ် ပရီမီယံကြေးတွေကိုလည်း ကားမော်ဒယ်အလိုက် တိုးမြှင့်သတ်မှတ်ထားပြီး အာမခံကြေး ပေးလျော်မယ့် ပုံစံတွေကိုလည်း အပြောင်းအလဲတွေ ပြုလုပ်ထားတယ်လို့ မြန်မာ့အာမခံလုပ်ငန်းက အာမခံကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
မူဝါဒအသစ်မှာ အရင်ကခေါ်ဝေါ်တဲ့ အလုံးစုံမော်တော်ယာဥ်အာမခံ (Comprehensive Motor Insurance) အစား မော်တော်ယာဉ် အာမခံ (Motor Vehicle Insurance) လို့ အခေါ်အဝေါ်ကိုလည်း ပြောင်းလဲပြင်ဆင်ထားပါတယ်။
အသစ်ပြောင်းလဲမယ့် အာမခံပေါ်လစီအသစ်ဟာ မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ အာမခံ ပေါ်လစီဟာ ခေတ်စနစ်နဲ့ မညီညွတ်တော့တာကြောင့် အသစ်ပြန်လည်ရေးဆွဲထားတာလို့ ဆိုပါတယ်။
စစ်ကောင်စီလက်ထက်မှာ မော်တော်ယာဉ်အာမခံနဲ့ ပတ်သက်လို့ မြန်မာ့အာမခံအသင်း (MIA) က ထုတ်ပြန်ချက်တစ်စောင်ကို မနှစ်က စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်အဖွဲ့အစည်း ကြေညာခံရတဲ့အဖွဲ့က ပစ်ခတ်တဲ့ ကျည်ဆန်၊ ဗုံး ဒဏ်များ ထိခိုက်ခံရတဲ့ မော်တော်ယာဉ်တွေဟာ အာမခံလျော်ကြေးနဲ့ အကျုံးမဝင်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

