စည်သူ
ရန်ကုန်-ဩဂုတ် ၂၆ (မော်ကွန်း)





COVID-19 အတည်ပြုလူနာအမှတ် ၅၀၆ နေထိုင်တဲ့ရန်ကုန်တိုင်ဒေသကြီး၊ တောင်ဥက္ကလာပ၊ ၁၂ရပ်ကွက်၊ မာဃ(၆) လမ်းက အဆောက်အအုံမှာ နေထိုင်သူတွေကို ရွှေပြည်သာမြို့နယ်၊ကွန်ပျူတာတက္ကသိုလ်မှာ Quarantine ထားဖို့ ဒီနေ့ညနေမှာ ကျန်းမာရေးဝန်ထမ်းတွေက လာရောက်ခေါ်ဆောင်ခဲ့ပါတယ်။
ရောဂါပိုးတွေ့သူနေထိုင်ရာ မာဃ(၆) လမ်း၊ တိုက်အမှတ် (၆၇၃) မှာ နေထိုင်သူ ၁၁ ဦး၊ လူနာအမှတ် ၅၀၆ နဲ့ထိတွေ့ခဲ့တဲ့ လေးဦး စုစုပေါင်း ၁၅ ဦး ကို လာရောက်ခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
COVID -19 အတည်ပြုလူနာဟာ သင်္ဘောသားတစ်ဦးဖြစ်ပြီး ယနေ့မနက် ၁:၀၀ နာရီကတည်းက သူ့ကို ကျန်းမာရေးဌာနက လာရောက်ခေါ်ဆောင်ခဲ့ပါတယ်။ အဲဒီကတည်းက မာဃ(၆) လမ်းကို Lock down လုပ်ထားတာဖြစ်တယ်လို့ လမ်းရဲ့ရာအိမ်မှူး ဦးဆွေဇင်နိုင်က ပြောပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လူနာဟာ နိုင်ငံခြားကို ထွက်ခွာဖို့ ဆေးစစ်ဆေးမှု ခံယူရာမှာ ရောဂါပိုးတွေ့ခဲ့တာလို့ ဆိုပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ယနေ့မနက်ပိုင်းအထိ ထုတ်ပြန်ချက်အရ COVID – 19 အတည်ပြုလူနာ ပေါင်း ၅၇၄ ဦးရှိနေပြီဖြစ်ပါတယ်။
ဓါတ်ပုံ – စည်သူ
Quarantine သွင်းရန် လာရောက်ခေါ်ဆောင်စဉ်
#Dailynews

