ဇူလိုင်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၅)မှ အက်ဆေးဖြစ်ပါသည်။
ကိုကြီးကျော်(ပုဂံ) ရေးသည်။
စာရေးသူသည် လွတ်လပ်ရေးရပြီးနောက် လေးနှစ်အကြာတွင် မွေးဖွားခဲ့ပါသည်။ မူလတန်း၊ အလယ်တန်းအရွယ်အထိ ကျေးလက်တောရွာတွင် နေထိုင်ခဲ့သည်။ ဆယ်တန်းအောင်ပြီး မြို့သားဖြစ်လာခဲ့သည်။ မြို့ကြီးသားတော့ မဟုတ်၊ မြို့ငယ်သား ဖြစ်သည်။
၁၉၆၂ ခုနှစ်၊ အသက် ၁ဝ နှစ်အရွယ်တွင် တော်လှန်ရေး ကောင်စီအစိုးရတက်လာပြီး ဆိုရှယ်လစ်စနစ်ကို တည် ဆောက်သည်ဟု ကြားသိခဲ့ရသည်။ အခု အသက် ၆ဝ အရွယ်တွင် ဒီမိုကရေစီစနစ်ဟု ကြားလာရပြန်သည်။ စာရေးသူတို့ ငယ်စဉ်က ကျေးလက်တောရွာများတွင် ဆိုရှယ်လစ်လည်း မဟုတ်၊ ဒီမိုကရေစီလည်း မဟုတ်၊ အင်မတန် ရိုးရှင်းလွယ်ကူ သော လူနေမှု စနစ်တစ်ခုကို တွေ့ကြုံဖြတ်သန်းခဲ့ရသည်။ ပိုမိုအံ့သြစရာကောင်းသည်မှာ ဤလူနေမှုစနစ်မျိုးကို ဘယ် အစိုးရအဖွဲ့ကမှ ချမှတ်ညွှန်ကြားလို့ လိုက်နာပေါ်ထွက်လာရခြင်းမဟုတ်ဘဲ မိမိတို့လူ့အဖွဲ့ အစည်းအလိုက်၊ ဒေသအလိုက် ဖြစ်ပေါ်လာသော စနစ်ဖြစ်ခြင်းပင်ဖြစ်သည်။ ထိုစနစ်၏ ရိုးရှင်းသော အကြောင်းခြင်းရာအချို့ကို ဖော်ပြပါမည်။
စာရေးသူတို့ရွာလေးသည် ရမ္မာဝတီ၊ ရမ်းပေါက်ချောင်း ခေါ် ကင်းမြစ်၏ မြစ်ဖျားဒေသဖြစ်ပါသည်။ လှေသမ္ဗန်များဆိုက် ကပ်ဝင်ထွက်ရာ ဆိပ်ကမ်းရွာလေးဖြစ်ပါသည်။ ဆိပ်ကမ်းဖြစ်ခြင်း ကြောင့် လှေကြီး၊ လှေငယ်များ ဝင်ထွက်ရပ်နားရောင်းဝယ်ရာ ဌာနဖြစ်သည်။ မိုးဦးရာသီမျိုးတွင် ရွာအနီးချောင်းထဲသို့ လှေကြီး၊ လှေငယ်များ ရောက်လာတတ်သည်။ မိုးရာသီအတွက် စားရေ ရိက္ခာများကြိုတင်စုဆောင်းကြရန် ရောက်လာကြခြင်းဖြစ်သည်။ ရောက်လာသော လှေကြီးများတွင် စဉ့်အိုး၊ စဉ့်ခွက်များ၊ မြေအိုး၊ မြေခွက်များ၊ ကြက်သွန်များ၊ ဆားများ ပါလေ့ရှိပါသည်။ စာရေး သူတို့ အရပ်ဒေသသည် ဆန်စပါးအထွက်ကောင်းသောကြောင့် စပါး၊ ဆန်တို့နှင့် ဖလှယ်ရန် လာရောက်ကြခြင်းဖြစ်သည်။
ထိုသို့ရောက်လာချိန်တွင် ထိုလှေမှ လှေလုပ်သားတစ်ဦး သည် ရွာထဲသို့ တက်လာကာ ”ဆားဖရေ ဆား”ဟု အော်လိုက်ပါ သည်။ ‘ဆားဖရေဆား’ဆိုသည်မှာ ဆားကို ပစ္စည်းချင်းဖလှယ် သည်ဟု အဓိပ္ပာယ်ရပါသည်။ ဆားလိုအပ်ပါက လှေသို့ လာပြီး ဆန်နှင့် ဖလှယ်နိုင်ကြောင်း ကြော်ငြာမောင်းခတ်ခြင်း ဖြစ်ပါ သည်။ ကြော်ငြာမောင်းဆိုသော်လည်း ‘မောင်းမပါ’ ပါးစပ်ဖြင့် သက်သက်အော်ခြင်း ဖြစ်ပါသည်။ လှေလုပ်သားကြီးသည် ခမောက်ကလေးတစ်ခုကို ဆောင်းကာ ပုဆိုး၊ အင်္ကျီခပ်နွမ်းနွမ်း ကို ဝတ်ဆင်ထားသည်။ ရွာကို အစမှအဆုံး အော်ဟစ်လိုက်ပါ သည်။ ထိုအချိန်တွင် ရွာသူရွာသားတွေက ”ဆန်တစ်ခုမှာ ဆား ဘယ်နှခုလဲ”ဟု ပြန်မေးကြသည်။ ဆန်တစ်ခုမှာ ဆားလေးခုဟု ပြန်ဖြေပါသည်။ ဆန်တစ်တောင်းယူလာရင် ဆားလေးတောင်း ပြန်ပေးမည်ဟု ဆိုလိုပါသည်။
ခဏအကြာမှာတော့ ရွာထဲက အိမ်ထောင်ရှင်မတွေ တစ်ဦးနှင့် တစ်ဦး လှမ်းပြီး ပြောနေကြတာကို ကြားရပါသည်။ ”ဟေ့…ဆားဖသွားကြမယ်၊ ဆန်တစ်ခုမှာ ဆားလေးခုတဲ့”ဆို ကာ ဆန်တစ်တောင်းစီ ကိုယ်စီရွက်ကာ လှေဆိပ်ကို ဆင်းကြပါ တော့သည်။ လှေပေါ်ရောက်တော့ ဆန်တောင်းကို လှမ်းပေးလိုက် သည်။ ဆားရှင်က ဆားလေးတောင်း ခြင်တွယ်ပြန်ပေးသည်။ ရွာသူတွေမှာ ဆားတောင်းတွေ ရွက်ပြီး ရွာကို ပြန်ခဲ့သည်။ အိမ် ကို ရောက်ပြီး မြေအိုးခွက်တွေထဲမှာ ဆားတွေကို သိပ်ရသည်။ တစ်မိုးလုံး၊ တစ်နွေလုံး (တစ်နှစ်စာ)စားဖို့ ဆားကိစ္စ လုံလောက် သွားပါပြီ။ ပိုက်ဆံငွေကြေးတစ်ပြားတစ်ချပ်မှ မလို။ ဒီလိုနဲ့ တစ် ရက်၊ နှစ်ရက်အတွင်းမှာ တစ်ရွာလုံး ဆားကိစ္စ လုံလောက်သွားပါ သည်။ ဆားရောင်းလာ လှေမှာလည်း ဆားတွေ ကုန်ပါပြီ။ ဆား နေရာမှာ ဆန်တွေ ရောက်လာပြီ။ ဆန်တစ်မိုးလုံး စားရိက္ခာ လုံ လောက်သွားပြီမို့ ရွှင်လန်းဝမ်းမြောက်စွာ ရွာချောင်းထဲမှ ပြန် ထွက်သွားကြလေသည်။
နောက်လှေတစ်စီး ရောက်လာပြန်သည်။ သူက ”အိုးဖရေ အိုး”ဟု အော်ပါသည်။ သူ့လှေမှာ သောက်ရေအိုးတွေ၊ ရေခပ်အိုး တွေ၊ ဟင်းချက်အိုးခွက်တွေ ပါတယ်၊ ဒီမြေအိုးတွေ လိုချင်ရင် လာရောက်ပြီး ဖလှယ်နိုင်တယ်ဟု အော်လိုက်ခြင်းဖြစ်ပါသည်။ ထိုအချိန်က မြေအိုးနှင့် ဟင်းချက်စားကြသည်။ တချို့မှာ ထမင်း ကိုပင် မြေအိုးနှင့် ချက်သေးသည်။ ရွာသူရွာသားတွေက ”အိုးနဲ့ ဘာနဲ့ လဲတာလဲ”ဟု ပြန်မေးကြသည်။ အိုးနှင့် စပါးနှင့် လဲ ကြောင်း ပြန်ပြောသည်။ ရွာသူအိမ်ရှင်မတွေမှာ စပါးတစ်တောင်း စ၊ နှစ်တောင်းစ ထမ်းပြီး လှေကို ဆင်းကြပြန်သည်။ အိုးရှင်လှေ လုပ်သားတွေကို စပါးတောင်းကို လှမ်းပေးပြီး အိုးဘယ်နှလုံးရမှာ လဲဟု မေးရသည်။ အိုးရှင်က သောက်ရေအိုးယူမယ်ဆိုရင် သုံးလုံး ရမယ်၊ ရေခပ်အိုးယူမယ်ဆိုရင် လေးလုံးရမယ်၊ ဟင်းချက်အိုးဆို ရင် ငါးလုံးရမယ်ဟု ဆိုသည်။ စပါးရှင်က တစ်ဖန် ဒါဆို ”ကျွန်မကို သောက်ရေအိုးက တစ်လုံး၊ ရေခပ်အိုးက နှစ်လုံး၊ ဟင်းချက်အိုးက နှစ်လုံးပေးပါ”ဟု တောင်းဆိုလိုက်ပါသည်။ လှေလုပ်သားကြီး အိုးရှင်သည် အိုးတန်ဖိုးနှင့် စပါးတန်ဖိုးကို အတန်ငယ် ချင့်တွက် နေပါ သေးသည်။ ခဏအကြာမှာတော့ ”အေး…ကောင်းပြီ၊ ယူ၊ ယူပါတော့”ဟု ဆိုပါသည်။ စပါးရှင်ရွာသူတို့က အိုးကလေ တွေ ကို ကောက်ကာ လက်နှင့် ခေါက်ကြည့်ကြပါသည်။ အိုးကောင်းရဲ့ လား၊ ကွဲနေသလားဟု စစ်ဆေးခြင်းဖြစ်သည်။ ကွဲနေမယ်ဆိုရင် ‘ဒက်’ ‘ဒက်’ဟု မြည်ပါသည်။ အိုးကောင်းနေရင် ‘ဒေါင်”ဒေါင်’ ဟု မြည်ပါသည်။ ‘သုံးလွန်းတင်မှ ကြိုး၊ ဒေါင်ဒေါင်မြည်မှ အိုး’ဟု ဆိုစကားရှိသည် မဟုတ်ပါလား။ ဒီလိုနဲ့ ရေခပ်အိုးတွေကို ခေါင်း မှာရွက်၊ ဟင်းချက်အိုးတွေကို တောင်းမှာထည့်၊ တောင်းကို ခါးပုံ ကျိတ်ကာ ရွာကို ပြန်ခဲ့ကြပါသည်။ အိုးလှေကြီးမှာလည်း နောက် နှစ်ရက်ခန့်ကြာမှ စပါးလှေကြီးအဖြစ်သို့ ဆိုက်ရောက်သွားကာ ရွာချောင်းထဲမှ ငြိမ့်ညောင်းသာယာစွာ ထွက်သွားပါလေပြီ။ ရေ အိုး၊ မြေအိုးအသစ်ကလေးတွေကို ချက်ချင်းအသုံးမပြုရသေးဘဲ ရေအိုးကို ရေအပြည့်ထည့်ကာ တစ်ရက်၊ တစ်ည သိပ်ထားရ သည်။ ဟင်းချက်အိုးတွေကို ရေထည့်ကာ ရေနွေးအိုးတည်သလို မီးနှင့် အပူပေးရသည်။ ဒါကို အိုးစာသည်ဟု ခေါ်ပါသည်။ ငွေ အသပြာမပါဘဲ အိုးခွက်တွေ ပြည့်စုံပြန်ပြီ။
နံနက်စောစော အိပ်ရာထ၊ ရွာထဲမှ အော်သံတစ်ခု ကြားရ ပြန်ပါသည်။ အော်သံမှာ ”ဟင်းဖရေဟင်း”ဟု ဖြစ်ပါသည်။ စာ ရေးသူတို့ရွာနှင့် သုံးမိုင်ခန့်အကွာမှာ ချင်းတိုင်းရင်းသားများ နေ ကြသည်။ သူတို့သည် ဝက်ကို အဓိကစီးပွားရေးအဖြစ် မွေးမြူကြ သည်။ တောင်ယာစိုက်ကြသည်။ တောင်ယာတွင် ဘူး၊ ဖရုံ၊ သခွား၊ ချဉ်ပေါင်၊ ငရုတ်စိုက်လေ့ရှိသည်။ တောတောင်အနှံ့တွင် သဘာဝအလျောက် ပေါက်ရောက်သော သစ်ဥ၊ သစ်ညွန့်၊ ဟင်း သီး၊ ဟင်းရွက်၊ ဟင်းညွန့်တို့ကို နေ့စဉ် ခူးယူလေ့ရှိသည်။ အိမ် ရှင်မများ တစ်နေ့တာ ခူးယူရရှိလာသော ဟင်းရွက်၊ ဟင်းညွန့်၊ အသီးအရွက်တို့ကို ယောကျ်ားသားတွေက နီးစပ်ရာကျေးရွာများ သို့ သွားကာ ဆန်မုန့်၊ ဆန်ကွဲ၊ ဖွဲနုများဖြင့် ဖလှယ်တတ်ကြသည်။ ”ဟင်းဖရေဟင်း”ဟု အော်လိုက်သံမှာ ဟင်းသီးဟင်းရွက်ကို ဆန်မုန့်၊ ဆန်ကွဲတို့နှင့် လာရောက်ဖလှယ်ယူနိုင်ကြောင်း နှိုးဆော် လိုက်ခြင်းဖြစ်ပါသည်။ ချင်းလူမျိုးများ ရောက်လာချိန်မှာ တစ်ခါ တစ်ရံ မိုးပင် မလင်းသေး၊ ရောင်ခြည်လာချိန်ဖြစ်ပါသည်။ ကျေး ရွာသူ၊ ကျေးရွာသားများတချို့မှာ အိပ်ရာကပင် မထကြသေး။ ဒါကြောင့်လည်း ‘ရခိုင် စောစော ချင်း တောက ပြန်’ဟု ဆိုရိုး စကားပြုကြသည် ထင်ပါသည်။ အသံကို ကြားတဲ့သူက ”ဘာ ဟင်းတွေ ပါလဲ”ဟု မေးပါသည်။ ချင်းအမျိုးသားက ”ချဉ်ပေါင်၊ ငရုတ်သီးစိမ်း၊ သခွားသီး၊ ပဲသီး”စသဖြင့် ပါလာသော ဟင်း အမည်များကို အော်ပြောပါသည်။ အိမ်ရှင်မတို့မှာ ဆန်မုန့်၊ ဆန် ကွဲတွေကို ဆန်ကောမှာ ထည့်ပြီး ကြိုက်ရာဟင်းနဲ့ ဖလှယ်ယူကြ သည်။ ချင်းအမျိုးသားက ဆန်မုန့်တွေကို တောင်းအလွတ်တစ်လုံး မှာ ထည့်ပြီး လိုချင်တဲ့ ဟင်းကို ပြန်ပေးလိုက်ပါသည်။ ဆန်မုန့်၊ ဆန်ကွဲ များရင် များသလောက် ဟင်းနှစ်မျိုး၊ သုံးမျိုး ရနိုင်သည်။ အိပ်ရာထ မိုးပင် မလင်းသေး၊ ဟင်းသီးဟင်းညွန့်တွေ အိမ်ပေါ် ရောက်လာပြီး လတ်လတ်ဆတ်ဆတ် ချက်စားရုံပဲဖြစ်သည်။
ချင်းအမျိုးသားကလည်း ဆန်မုန့်၊ ဆန်ကွဲတွေ ထမ်းကာ ရွာက ပြန်လေပြီ။ ရခိုင်တွေက စောသေးတယ် ထင်ကြသည်။ ချင်းအမျိုးသားက တောကိုပင် ပြန်သွားပေပြီ။ ချင်းအမျိုးသား များမှာ ဆန်မုန့်၊ ဆန်ကွဲတွေကို ကြိုချက်ကာ ‘ဝက်စာ’အဖြစ် ကျွေးမွေးကြသည်။ ဝက်ကို ရောင်းကာ စားဝတ်နေရေး ဖြေရှင်း လေ့ရှိကြသည်။ ရခိုင်တွေက ဟင်းတွေ ရ၊ ချင်းအမျိုးသားက ဝက်စာ ရ။ ငွေကြေးတစ်စုံတစ်ရာ မလို၊ ဟန်ကျလေခြင်းနှယ်။
စာရေးသူတို့ ရွာလေး၏ အဓိက ထွက်ကုန်မှာ ဆန်စပါး၊ မြန်မာ့ဆေးရွက်ကြီးနှင့် ဓနိ (အိမ်မိုးရန်) တို့ဖြစ်ပါသည်။ မြန်မာ့ ဆေးရွက်ကြီးမှာ တောတောင်လျှိုမြောင်ကြားတွင် ဆည်ဖြင့် စိုက်ပျိုးရသည်။ တောတောင်လျှိုမြောင်နှင့် ဝေးသောအရပ်မှာ မြန်မာ့ဆေးရွက်ကြီး မရှိ၊ အလားတူ အိမ်မိုးရန် ဓနိမှာ ဆားငန် ဒီရေရောက်မှသာ ပေါက်ရောက်သည်။ ဆားငန်ဒီရေနှင့် ဝေး သော ဒေသမှာ ဓနိ မရှိတတ်ကြပေ။ မြစ်ချောင်းပင်လယ်နှင့် နီး သောအရပ်တွင် ငါး၊ ပုစွန် ပေါပြန်သည်။ ထိုဒေသမှ ငါး၊ ပုစွန်များ ကို အခြောက်ခံကျက်အောင် ချက်ယူလာပြီး မြန်မာ့ဆေးရွက် ကြီးတို့နှင့် လာရောက်ကာ လဲလှယ်ကြပါသည်။ ငါး၊ ပုစွန်သည် များမှာ ”ပုစွန်နှင့် ဆေးရွက်ကြီးနဲ့ ဖရေ”ဟု တစ်ရွာလုံးကြား အောင် အော်လိုက်ပါသည်။ ငါး၊ ပုစွန်အလိုရှိသူတွေက မြန်မာ့ ဆေးရွက်ကြီးအစည်းကို ကိုင်ကာ သွားရောက်လဲလှယ်ကြသည်။ အဲဒီနေ့မှာတော့ တစ်ရွာလုံး ငါး၊ ပုစွန်တွေ ပြည့်နေတော့သည်။ ပုစွန်ကို ဆီနဲ့ ပြန်ကြော်သူက ကြော်၊ ငါးကို ပြန်ချက်သူက ချက်နဲ့ ငါးနံ့၊ ပုစွန်နံ့တွေ မွှေးပျံ့နေပါတော့သည်။ တစ်ခါ မြစ်ချောင်း ပင်လယ်နှင့် ဝေးလံပြီး ဒီရေမရောက်၊ ဓနိမရှိတဲ့ အရပ်မှ ဓနိလို ချင်သူတို့ ကောက်ညှင်းကျည်တောက်၊ မုန့်ဖက်ထုပ်များ လုပ်ကာ ရောက်လာပြန်သည်။ ရွာခံဆွေမျိုး မိတ်ဆွေတစ်ဦးဦးဆီသို့ ဦး တည်လာလေ့ရှိသည်။ ရွာခံဆွေမျိုး မိတ်ဆွေက ရွာထဲကို လှည့် ကာ ”ကျွန်မမိတ်ဆွေတစ်ယောက် ဓနိလိုချင်လို့ လာတယ်၊ မုန့် ဖက်ထုပ် ငါးထုပ်လောက်၊ ကောက်ညှင်းကျည်တောက်နှစ်လုံး လောက် ယူလိုက်ကြပါ။ ညနေကျရင် ကျွန်မတို့ ဓနိပျစ်တွေ လာ ကောက်ပါမယ်”ဟု ဆိုကာ အိမ်တစ်အိမ်ကို မုန့်ဖက်ထုပ်နည်း နည်းစီ၊ ကောက်ညှင်းကျည်တောက်နည်းနည်းစီ ပေးဝေပါတော့ သည်။ ဘယ်အိမ်ကမှ ကျွန်မတို့အိမ်ကို လာမပေးပါနဲ့ဟု တစ် ယောက်မှ မဆို။ ပေးလာသော မုန့်ဖက်ထုပ်နှင့် ကောက်ညှင်း ကျည်တောက်တို့ကို တဝတပြဲစားသောက်ပစ်လိုက်ကြသည်။ တချို့အိမ်က ခပ်များများလဲလှယ်ကာ ဘုန်းတော်ကြီးကျောင်းကို ပေးလှူပါသေးသည်။ ညနေ နေစောင်းလို့ သုံးနာရီလောက်မှာ တစ်ရွာလုံးလိုက်ကာ ဓနိပျစ်ကောက်ရသည်။ တစ်အိမ်မှ သုံးပျစ်၊ နောက်တစ်အိမ်မှ ငါးပျစ်၊ မုန့်အနည်းအများ ယူထားသည်နှင့် ကိုက်ညှိကာ ပေးကြပါသည်။ ဓနိပျစ်တွေကို တစ်နေရာမှာ စုပုံပြီး နှီးတွေနဲ့ စည်းကာ ထမ်းပိုးပြီး ရွာမှ ပြန်သွားကြပါသည်။ ဒီလိုနဲ့ လူနေအိမ်တွေ၊ နွားတဲတွေကို မိုးလုံအောင် မိုးနိုင်တော့သည်။ မုန့် ပဲသရေစာတွေနဲ့ ဖလှယ်လို့ရတဲ့ အမိုးရိပ်အောက်မှာ စိတ်ချမ်း သာ လုံခြုံစွာ ခိုလှုံအိပ်စက်နိုင်ကြပါပြီ။
အထက်တွင် စာရေးသူ ဖော်ပြခဲ့သော လူနေမှုစနစ်မှာ စိတ်ကူးယဉ်အိပ်မက်မဟုတ်ပါ။ အမှန်တကယ် ကြုံတွေ့ဖြတ် သန်းခဲ့ရသော ကျေးလက်တောရွာများ၏ လူနေမှုစနစ်တစ်ခု ဖြစ် ပါသည်။ ထိုလူနေမှုစနစ်ကို ထဲထဲဝင်ဝင် လေ့လာကြည့်ပါက…
(၁) လောဘ၊ ဒေါသ၊ မောဟတွေ ကင်းနေတယ်
(၂) အပူအပင် သောကမရှိဘူး
(၃) တစ်ဦးကို တစ်ဦး ကူညီရိုင်းပင်းကြတယ်
(၄) မေတ္တာတရားတွေ အပြည့်အဝ ပါဝင်နေတယ်
(၅) ရိုးရှင်းလွယ်သော စနစ်ဖြစ်တယ်
(၆) ဆင်းရဲမွဲတေမှုကို ပပျောက်စေတယ်
(၇) လူသားချင်း စာနာထောက်ထားမှုရှိတယ်
(၈) မိတ်ကောင်းဆွေသဟာတွေ ပေါတယ်
(၉) ကိုယ်ချင်းစာတရားရှိကြတယ်
(၁ဝ) စာနာထောက်ထားမှုတွေ ပါနေတယ်
စသဖြင့် မွန်မြတ်သော အချက်တွေကို တွေ့ရှိရမှာ ဖြစ်ပါ တယ်။ ဆိုရှယ်လစ်စနစ်၊ ဒီမိုကရေစီစနစ်များ မပေါ်ပေါက်မီကပင် မြန်မာ့ကျေးလက်တောရွာများတွင် ရိုးရှင်းသော မြန်မာ့လူနေမှု စနစ်တစ်ရပ် အမှန်ပင် ထွန်းကားခဲ့ပါကြောင်း ဖော်ထုတ်ရေးသား လိုက်ရပေသည်။ အံ့သြစရာအကောင်းဆုံးအချက်မှာ ဤလူနေမှု စနစ်မျိုးကို လိုက်နာကြရမည်၊ ကျင့်သုံးကြရမည်ဟု ဘယ်အစိုးရ အဖွဲ့ကမှ ညွှန်ကြားတာမျိုး၊ အမိန့်ချမှတ်တာမျိုး မရှိခြင်းပင် ဖြစ် ပါသည်။ ။

