တစ်လုံးနှစ်လုံး စာစီကုံး

တစ်လုံးနှစ်လုံး စာစီကုံး

၂၀၁၄-နိုဝင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၈) မှ အမေ့ခံဆောင်းပါး ဖြစ်ပါသည်။

မောင်ဥယျာဉ်ရေးသည်။

ခဲစာလုံးပုံနှိပ်စက်လုပ်ငန်းတွေက လူ့ယဉ်ကျေးမှုတိုးတက် မှုဖြစ်စဉ်ထဲမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်။ ခဲစာလုံး ပုံနှိပ်စက်တွေက လူ့အဖွဲ့အစည်းအတွက် အမျိုးမျိုးအသုံးတော်ခံခဲ့ကြတယ်။ အခုတော့ ခဲစာလုံးပုံနှိပ်စက်တွေက မြို့ကြီး ပြကြီးတွေမှာ မြင်ဖို့၊ တွေ့ဖို့ ခဲယဉ်းသွားပြီ။ နယ်မြို့တွေမှာတော့ ကျန်ကောင်းကျန်ရာ ပုံနှိပ်စက်လေး တွေ ရှိနေသေးတယ်။

ခဲစာလုံးပုံနှိပ်စက်တွေက ပုံနှိပ်လုပ်ငန်းအတွက် အရေးပါ တဲ့ နေရာက နေခဲ့ကြတာပေါ့။ ခဲစာလုံးပုံနှိပ်တာတွေ ပြီးမှ ဖိုတို လစ်သို၊ အဲဒါပြီးမှ အော့ဖ်ဆက်၊ အခုတော့ ပတ်လည်စက်ဆိုတာ တွေအထိ ပုံနှိပ်လုပ်ငန်းက တစ်ဟုန်ထိုး တိုးတက်ခဲ့ပါပြီ။

ခဲစာလုံးပုံနှိပ်စက်တွေနဲ့ပဲ သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ ထုတ်ဝေခဲ့ကြသလို ကျောင်းသုံး ပုံနှိပ်စာအုပ်တွေ၊ ဝတ္ထုတွေ ထုတ်ခဲ့ကြတာပေါ့။ အလှူဖိတ်စာ၊ မင်္ဂလာဆောင်ဖိတ် စာတွေလည်း ခဲစာလုံးတွေနဲ့ မကင်းခဲ့ကြဘူး။ ရုပ်ရှင်ကြော်ငြာ၊ ထီပေါက်စဉ်တွေလည်း ခဲစာလုံးကို တွင်တွင်သုံးခဲ့ကြတယ်။ ထီလက်မှတ်တို့၊ လက်ထပ်စာချုပ်တို့၊ အလှူခံဖြတ်ပိုင်းတို့လည်း ခဲ စာလုံးတွေပေါ့။

နယ်မြို့ကြီးအချို့မှာတော့ ခဲစာလုံး ပုံနှိပ်လုပ်ငန်းကို အလှူ မင်္ဂလာဆောင် ဖိတ်စာတွေမှာ အခုအချိန်အထိ သုံးနေကြတုန်းရှိ သေးတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က မင်္ဂလာဆောင်ဖိတ် စာတွေဆိုရင် ရန်အောင်နဲ့ မေသန်းနုတို့၊ ရဲအောင်နဲ့ မို့မို့မြင့် အောင်တို့ ပုံတွေနဲ့ မင်္ဂလာဆောင်ဖိတ်စာတွေ အလွန်အမင်း ခေတ်စားခဲ့ဖူးသေးတယ်။

တစ်ခါမှ အသုံးမချရသေးတဲ့ ဘွဲ့တွေ၊ ဒီဂရီတွေ  ဖိတ်စာတွေမှာ ဖောချင်းသောချင်း ဖော်ပြကြတာလည်း ရွှေလူမျိုးတွေရဲ့ ထုံးစံဖြစ်နေပါပြီ။ တချို့ကတော့ ကိုယ်သွားခဲ့တဲ့ နေရာဒေသတွေကို ခေတ္တ-ကိုရီးယားတို့၊ ခေတ္တ-ယူကေတို့ ထည့်ကြသေးတာ ကလား။

ဖိတ်စာထဲမှာ ထည့်ကြေညာတဲ့လူတွေလည်း ရှိတယ်။ မော်တော်ပိုင်တို့၊ ဆီစက်ပိုင်၊ ဆန်စက်ပိုင်တို့၊ ဆယ်ဘီးကားပိုင်တို့ ထည့်ကြတာလေ။ ကျေးလက်ဒေသက ဖိတ်စာတွေဆိုရင် အမှူး ထားတွေ စုံအောင် ထည့်ကြတာများ ဆွေခုနစ်ဆက် မျိုးခုနစ် ဆက် ရှိသမျှ အကုန်ထည့်ကြတော့တာပါ။ ဆွေဂုဏ်မျိုးဂုဏ်လေး ကလည်း ပြချင်ကြသေးတာကိုး။ တစ်ကောင်ြွကက်၊ တစ်မျက်နှာ မဟုတ်ဘူးဆိုတာလည်း ဖိတ်စာနဲ့ သက်သေပြချင်တယ်နဲ့ တူပါရဲ့။

ရာထူး၊ ဂုဏ်ထူးတွေနဲ့ ပတ်သက်လို့ အညာဒေသကျေး လက်က ဖိတ်စာလေးတစ်စောင်ကလည်း သူတို့ဒေသမှာ အခု အချိန်အထိ ပြောမဆုံးပေါင် တောသုံးထောင်။ ဖြစ်ပုံက ဒီလို။ သတို့သားလောင်းက ဆယ်တန်းကို အကြိမ်ကြိမ်အခါခါ ဖြေဆို ပေမယ့် လွတ်လွတ်ကျွတ်ကျွတ် တစ်ခါမှ မအောင်ရှာဘူး။ ဘီအဆင့်နဲ့သာ ကျေနပ်နေရတယ်။ သက်မွေးဝမ်းကျောင်းအလုပ် အဖြစ် လက်သမားလုပ်ရာက မိန်းမရရော။ အများသူငါလို ဖိတ်စာမှာ ရာထူးတွေ၊ ဘွဲ့တွေ ထည့်ချင်တော့ B.E.H.(B)Carpenter လို့ထည့်လိုက်ပါရောလား။ အဲဒီအချိန်ကစလို့ သူ့ နာမည်ရင်းလည်း ပျောက်သွားပြီး လူတိုင်းက ကာပန်တာလို့သာ ခေါ်ကြတော့တယ်။

အစိုးရမင်းအဆက်ဆက်ကလည်း ခဲစာလုံးပုံနှိပ်စက်တွေ ကို ဝါဒဖြန့်ချိရေး ယန္တရားအဖြစ် ကောင်းကောင်း အသုံးချခဲ့တယ်။ တစ်ပါတီအာဏာရှင်ခေတ်မှာ ထုတ်ဝေခဲ့တဲ့ ရှေ့သို့ဂျာနယ်၊ တောင်သူလယ်သမားဂျာနယ်၊ မြန်မာ့လမ်းစဉ်စတဲ့ စာစောင်တွေဟာ အစိုးရအာဘော်တွေကို အထူးတလည် ဖော်ပြခဲ့ကြတယ်။ လမ်းစဉ်ပါတီဥက္ကဋ္ဌကြီးရဲ့ လမ်းညွှန်မှာကြားချက်တွေ၊ နှီးနှော ဖလှယ်ပွဲသတင်းတွေ၊ ပြည်တွင်းပြည်ပခရီးစဉ်တွေကို မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြခဲ့ကြတယ်။

စစ်အာဏာရှင်ခေတ်ရဲ့ ကနဦးကာလတွေမှာ ထုတ်ခဲ့တဲ့ စာအုပ်နီ၊ စာအုပ်စိမ်းတွေကလည်း ခဲစာလုံးပုံနှိပ်စက်ရဲ့ အကျိုး ကျေးဇူးတွေပါပဲ။ ပုံနှိပ်ထုတ်ဝေရေးဟာ ဝါဒဖြန့်ချိရေးအတွက် အကောင်းဆုံးလက်နက်ဆိုတာ အစိုးရတိုင်း သဘောပေါက်ကြ တယ်။ ဘယ်အစိုးရဖြစ်ဖြစ် ပုံနှိပ်စာလုံးတွေကို အားကိုးတကြီး အသုံးပြုကြတာချည်းပဲ။ အခုခေတ် အော့ဖ်ဆက်နဲ့ ပတ်လည်ရိုက် တဲ့ ခေတ်အထိ ပုံနှိပ်လုပ်ငန်းကို လက်မလွှတ်နိုင်ကြသေးဘူး။

မနေ့တစ်နေ့ကပဲ ပြန်ကြားရေးဝန်ကြီးဌာနအတွက် ပြည်ပ နိုင်ငံကနေ အော့ဖ်ဆက်တွေ ဝယ်လိုက်ကြသေးတယ် မဟုတ် လား။ အင်အားကြီး ပုဂ္ဂလိကမီဒီယာတစ်ခုက အစိုးရဝယ်တဲ့ စက်တွေရဲ့ တန်ဖိုးဟာ ပေါက်ဈေးထက် များနေကြောင်း ထောက်ပြ ပြောဆိုထားတယ်။ တကယ် များ၊ မများကတော့ ကာယကံရှင် တွေ အသိဆုံးဖြစ်မှာပါပဲ။

ခဲစာလုံးပုံနှိပ်စက်တွေက လူ့အဖွဲ့အစည်းအတွက် အမှန် တကယ်အသုံးတည့်ခဲ့ကြတာ သေချာတယ်။ ကျွန်တော်တို့ရဲ့ ဘိုး ဘေးတွေ ခဲစာလုံးပုံနှိပ်စက်က ထွက်တဲ့ ဖိတ်စာနဲ့ မင်္ဂလာဆောင် ကြ၊ အလှူဖိတ်စာလုပ်ခဲ့ကြတာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မင်္ဂလာဆောင်ဖိတ်စာသည်ပင် ခဲစာလုံးပုံနှိပ်တိုက်ထွက်ပစ္စည်း၊ ဗိုလ်ချုပ်မိန့်ခွန်းပေါင်းချုပ် စာအုပ်တွေလည်း ခဲစာလုံးပုံနှိပ်တွေနဲ့ (ပထမအကြိမ်) ထုတ်ခဲ့တာပေါ့။

မြန်မာနိုင်ငံမှာ ခဲစာလုံးပုံနှိပ်စက်တွေကို သတင်းစာလုပ် ငန်းက စတင်ခဲ့တာလို့ ယူဆနိုင်တယ်။ ၁၈၃၆၊ မတ် ၃ ရက်နေ့မှာ မော်လမြိုင်ခရိုနီကယ်သတင်းစာကို အင်္ဂလိပ်ဘာသာနဲ့ စတင် ထုတ်နိုင်ခဲ့တယ်။ တနင်္သာရီတိုင်း မဟာဝန်ရှင်တော်မင်းကြီး ဘလန်ဒေက ကိုယ်ပိုင်ငွေနဲ့ ခဲစာလုံးပုံနှိပ်စက်ကို ဝယ်ပြီး ရိုက်နှိပ် ထုတ်ဝေခဲ့တာပါ။

အဲဒီတုန်းက ပထမဆုံးသတင်းစာဖြစ်ပေမယ့် နေ့စဉ်ထုတ် မဟုတ်ဘဲ တစ်ပတ်တစ်ကြိမ်သာ ထုတ်ဝေနိုင်ခဲ့တယ်။ အင်္ဂလိပ်- မြန်မာပထမစစ်ပွဲအပြီး ဘကြီးတော်လက်ထက်မှာ ထုတ်ခဲ့ကြ တာဖြစ်ပါတယ်။ ဆရာယုဒဿန်ရဲ့ အင်္ဂလိပ်-မြန်မာအဘိဓာန်က လည်း ၁၈၅၂ ခုနှစ်မှာ မော်လမြိုင်က ခဲစာလုံးပုံနှိပ်စက်နဲ့ ရိုက်နှိပ် ထုတ်ဝေနိုင်ခဲ့ကြတယ်။ ပုံနှိပ်စက်အစ မော်လမြိုင်ကလို့တောင် ပြောမယ်ဆို ပြောနိုင်တယ်။ ရွှေမြိုင်သူ ရွှေမြိုင်သားတွေ ကိုယ့် မြို့ကိုယ့်ရွာအတွက် ဂုဏ်ယူကြပေတော့။

ခဲစာလုံးပုံနှိပ်စက်တွေမှာ အကန့်အသတ်တော့ ရှိတယ်။ တချို့ခဲစာလုံးတွေက အရေအတွက်အများကြီးရှိတာ မဟုတ်ဘူး။ လွှမ်းမိုးရဲ့ မောင်မေးမယ်မေသီချင်းလို ‘မ’တွေချည်း အလုံးတစ်ရာကျော်ပါတဲ့ သီချင်းဆို ရွာလည်ပြီ။ အခုခေတ် ကွန်ပျူတာတွေလို ကော်ပီ၊ ပေ့စ်လည်း လုပ်လို့ရတာ မဟုတ်ဘူး။ ခဲစာလုံးလုပ်သားတွေရဲ့ လုပ်ငန်းခွင်ကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ ခဲ စာလုံးခွက်လေးတွေ အများကြီးထဲကနေ အမှားအယွင်းမရှိ အောင် သေချာစီကြရတာ။ မှားသွားရင် ချက်ချင်းပြင်ဖို့က မလွယ်ဘူး။

ခဲစာလုံးလောကမှာ ဖိုမင်တို့၊ စာပြင်တို့ဆိုတာ တကယ့်ပဂေးကြီးတွေ၊ ခဲစာလုံးတွေနဲ့ နိစ္စဓူဝလုပ်ကိုင်နေကြရသူတွေ ဖြစ်လို့ အရင်ခေတ်က ကျန်းမာရေးအတွက် ကြက်ဥတို့၊ နွား နို့တို့၊ ငှက်ပျောသီးတို့ ရာရှင်နဲ့ ရကြသေးတယ်။ စာပေနယ်မှာ လည်း ခဲစာလုံးလောကက ရောက်လာကြတဲ့သူတွေ ရှိတယ်။ အရင်ခေတ်က အယ်ဒီတာတွေက စာမူရိုက်ဖို့ ခဲစာလုံးပုံနှိပ်တိုက် အထိ ကိုယ်တိုင်လိုက်ခဲ့ကြတာရှိတယ်။ ခဲစာလုံးပုံနှိပ်တိုက်မှာလုပ်ကြသူတွေကို ကဖျက်ယဖျက်သမားတွေလို့ ရပ်ကွက်ထဲက လူတွေက စကြ၊ နောက်ကြတယ်။ ကကြီးကို ပက်လက်လှန်လိုက် ရင် ယပလက်ဖြစ်သွားတာကိုး။

ခဲစာလုံးတွေနေရာမှာ ကွန်ပျူတာစာလုံးတွေ ပေါ်လာတာ ၁၉၉၀ ခုနှစ်ဝန်းကျင်မှာ ပေါ်လာတာပါ။ နိုင်ငံခြားမှာတော့ ကွန်ပျူတာကို ဘက်စုံသုံးအဖြစ် သုံးကြပေမယ့် ရွှေပြည်ကြီးမှာတော့ စာစီစာရိုက်လုပ်ငန်းအဖြစ် အစောပိုင်းကာလတွေမှာ သုံးခဲ့ကြ တယ်။ ကွန်ပျူတာတွေ ပေါ်ခါစကများ အကဲပိုချက်က ပြောမယုံ ကြုံဖူးမှ သိဆိုသလိုကိုး။ ကွန်ပျူတာခန်းဆိုတာ သီးသန့်မှန်အလုံနဲ့ နေရာပေးထားရတာပေါ့။ ကွန်ပျူတာအခန်းထဲဝင်ရင် ဖိနပ် ချွတ်ဝင်ကြရတာ။ ကိန်းကြီးခန်းကြီးနိုင်ချက်က အဲယားကွန်းပါ ဆင်ထားရသေး။

ကွန်ပျူတာသုံးပြီးပြီဆိုရင်လည်း အဝတ်စနဲ့အုပ်ခဲ့ရသေးတဲ့ ကာလတွေပေါ့။ မြန်မာပြည်မှာ ကွန်ပျူတာစသုံးတာ အမေရိကန်သံရုံးပြီးရင် လူထုကြီးပွားရေးပုံနှိပ်တိုက်လို့ ပြောစမှတ်ပြုကြတယ်။ လူထုတိုက်က ထုတ်တဲ့ စာရေးဆရာညီပု လေးရဲ့ ဝတ္ထုတိုပေါင်းချုပ်ဟာ မြန်မာစာပေလောကမှာ ပထမဆုံး ကွန်ပျူတာစာစီတဲ့စာအုပ်လို့ ပြောနိုင်တယ်။ အဲဒီစာအုပ်ရဲ့ ထူးခြားချက်က စာရေးဆရာကိုယ်တိုင် သရုပ်ဖော်ပုံတွေ ရေးဆွဲထား သေးတယ်။ (၁၉၈၉ ခုနှစ်လောက်မှာ ထုတ်ဝေတာဖြစ်ပါတယ်။) အဲဒီခေတ်၊ အဲဒီအခါက တစ်အုပ်လုံး ကွန်ပျူတာနဲ့ စာစီထုတ်ဝေတယ်ဆိုတာ ရှားပါး ဖြစ်နေချိန်လေ။

အခုတော့ ကွန်ပျူတာဆိုတာ လူကုံထံတွေရဲ့ ဂုဏ်ရည်ပြ ပစ္စည်းမဟုတ်တော့ပါဘူး။ လူတော်တော်များများ တက်ပလက်တွေ၊ နုတ်ဘုတ်တွေနဲ့ ရင်းနှီးကျွမ်းဝင်နေကြပြီ။ ခဲစာလုံးပုံနှိပ် ထုတ်ဝေတဲ့ စာအုပ်တွေလည်း မြင်ဖို့ ခဲယဉ်းလာတယ်။ စာအုပ် အားလုံးနီးပါးက အော့ဖ်စက်တွေနဲ့ချည်းပဲ။ အရောင်အသွေးလည်း ပုံစုံလာသလို ဒီဇိုင်းဆရာတွေလည်း ကွန်ပျူတာတန်ခိုးနဲ့ စိတ်ကြိုက်လက်စွမ်းပြလာကြတယ်။

စိတ်ကူးပေါက်လို့ စာအုပ်အဟောင်းတန်းဘက် ရောက်တဲ့ အခါ ခဲစာလုံးနဲ့ ပုံနှိပ်ထားလို့ စာစောင်တွေ၊ စာအုပ်တွေ တွေ့ရ လေ့ရှိတယ်။ အဲဒီလိုအချိန်မှာ ငယ်ဘဝကို ခေတ္တရောက်သလို  ခံစားမှုမျိုး ရရှိတယ်။ ဝါကြင်ကြင်စာရွက်တွေမှာ ပိုးဖောက်ထား တဲ့ အရာတွေ၊ ပိုးဟပ်ကိုက်ထားတဲ့ အရာတွေလည်း ပါကောင်း ပါနိုင်တာပေါ့။

ငယ်ငယ်က စွဲစွဲလမ်းလမ်းဖတ်ခဲ့တဲ့ အချစ်ဝတ္ထု တွေ၊ စုံထောက်ဝတ္ထုတွေ၊ လိုင်းစာအုပ်တွေလည်း ခဲစာလုံးတွေနဲ့ ပုံနှိပ်ထုတ်ဝေခဲ့တာ အမှတ်ရမိတယ်။ အထူးသဖြင့် Óဏ်ဝင်းစာ ပေက ထုတ်တဲ့ မင်းသိင်္ခဝတ္ထုတွေနဲ့ စေတနာစာပေက ထုတ်တဲ့ ဝတ္ထုတွေဟာ ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်ဖတ်ခဲ့တဲ့ ဝတ္ထုတွေ ဖြစ်ခဲ့တယ်။ မိတ်ဆွေတို့လည်း ငယ်မူပြန်ချင်သပဆိုရင် ငယ်ငယ် က ကြိုက်ခဲ့တဲ့ ဝတ္ထုတွေ ပြန်ဖတ်ကြည့်စေလိုတယ်။

ငယ်ငယ်ကလို လက်က မချနိုင်အောင် ထမင်းမေ့၊ ဟင်းမေ့ဖတ်ဖြစ်မှာမဟုတ် ပေမယ့် ငယ်ဘဝခေတ္တရောက်တဲ့ ခံစားမှုမျိုးတော့ ပေးစွမ်းနိုင်မှာ ပါလို့ ကျွန်တော် အာမခံနိုင်တယ်။ ရသခံစားမှုကတော့ အရင်လို  ကောင်းချင်မှ ကောင်းမှာပေါ့လေ။ ဒါပေမဲ့ အရင်းအနှီးနည်းနည်းနဲ့ (အချိန်တော့ ပေးရတာပေါ့လေ) သန္တိရသခံစားချင်ရင် ခဲစာ လုံးဝတ္ထုလေးတွေ ပြန်ဖတ်ကြည့်ကြပါ  ။       ။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."