လှေကားမီး

လှေကားမီး

သြဂုတ်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၆)မှ အက်ဆေး ဖြစ်ပါသည်။

မြတ်စုမွန် ရေးသည်။

ရန်ကုန်မြို့၏ ညသန်းခေါင်ကျော်အချိန်။ ထိုညက မီးပြတ်သော ည မဟုတ်။ တစ်ရပ်ကွက်လုံး မီးထိန်ထိန် လင်းနေသည်။ သို့သော် ကန်ထရိုက်တိုက်တွင် နေသည့် ကျွန်မတို့ အိမ်ရှေ့ လှေကားမီး အပါအဝင် တိုက်၏ လှေကားခွင်တစ်လျှောက်လုံး မှောင်မည်း၍ နေသည်။

မှောင်မည်းရုံသာမက ကျဉ်းမြောင်းလှသည့် ထိုကန်ထရိုက်တိုက် လှေကားမှ တက်ချည်ဆင်းချည် ပြုနေကြသည့် အသံများကို ကျွန်မတို့ တိုက်ခန်းအတွင်းမှ အတိုင်းသား ကြားနေရသည်။ ပထမ စတင်ကြားရသည့် အသံက ခြေသံများ ဖြစ်သည်။ နောက်ပိုင်းတွင် လူတစ်စု၏ စကားပြောသံများကို ခပ်တိုးတိုး ကြားရသည်။ စကားသံများသည် တိုးရာမှ ကျယ်လာသည်။

ထိုအသံများသည် အိပ်ပျော်နေသော ကျွန်မကို နှိုးလိုက်၏။ ပုံမှန်မဟုတ်သည့် ထိုအသံများကြောင့် အိပ်ရာထဲမှ အိမ်ရှေ့တံခါး နားဆီသို့ မည်သို့မည်ပုံ ရောက်သွားသလဲ ကိုယ့်ကိုယ်ကိုယ် ပြန် မမှတ်မိ။ တံခါးကို နားဖြင့် ကပ်ကာ အပြင်က အသံများကို နား စွင့်လိုက်သည်။

”ဖြည်းဖြည်းမ ဖြည်းဖြည်းမ”

”ဟုတ်ပြီ ဟုတ်ပြီ”

”ဒီဘက်နည်းနည်းတိုး၊ ဖြည်းဖြည်းချင်းဆင်း”စသည့် အသံများ။

လေးလံသည့် အရာတခုကို ဝိုင်းဝန်းသယ်မ ထားရသည့် အသံများသည် ကျွန်မတို့အိမ်ရှေ့လှေကားခွင်မှ အောက်ဘက်သို့ တဖြည်းဖြည်း ဆင်းသွားကြသည်။ အိမ်ရှေ့မှ ကားတစ်စီး မောင်း ထွက်သွားသည့်အသံကို ကြားရသည်။ စောစောက လှေကားမှ ဆင်းလာသူများ စီးနင်းလိုက်ပါသွားသည့် ကားဖြစ်သည်။

ကျွန်မတို့ ကန်ထရိုက်တိုက်သည် တိတ်ဆိတ်ငြိမ်သက်၍ ကျန်ရစ်ခဲ့သည်။ ထို့အတူ ကျဉ်းမြောင်းသော လှေကား အချိုး အကွေ့တို့သည်လည်း မူလအတိုင်း မှောင်မည်း၍ ကျန်ရစ်ခဲ့လေသည်။

ထိုနေ့ညက အရာရာအားလုံး တိတ်ဆိတ်သွားသည့်တိုင် ကျွန်မသည် လှေကားမီးကို မဖွင့်မိ။ အိပ်ရာထဲသို့ ပြန်ရောက် သွားသည့်တိုင် ကျွန်မလတ်တလော ပြန်အိပ်မပျော်သေးဘဲ စိတ်ထိခိုက်နေမိသည်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိသည်။ ယူကျုံးမရသလိုလို ခံစားနေရသည်။

ပုံမှန်အားဖြင့်ဆိုလျှင် ကျွန်မတို့ တိုက်ခန်း၏ အရှေ့ဘက် လှေကားမီးက အမြဲထိန်လင်းနေလေ့ရှိသည်။ နေ့အလင်း ရောင် ပျောက်ကာ အမှောင်သန်းလာလျှင် ကျွန်မအမြဲလိုလို လုပ်လေ့ ရှိသည်မှာ လှေကားမီးခလုတ်ကို ဖွင့်ခြင်းပင်ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် မှောင်မည်းကျဉ်းမြောင်းသည့် ကန်ထရိုက်တိုက် လှေကားများကို ကျွန်မ ဘဝင်မကျ၍ ဖြစ်သည်။

မွေးရပ်ဇာတိနယ်မြို့ကလေးတွင် နေထိုင်ခဲ့စဉ်က မိမိတက် ဖူးသမျှ အမြင့်ဆုံး အဆောက်အအုံမှာ နှစ်ထပ်အဆောက်အအုံ ဖြစ်သည်။ ထို့ထက်အထပ်မြင့်သော တိုက်တာ အဆောက်အအုံ ဟူ၍ တစ်ကြိမ်တစ်ခါဖူးမျှ မတက်ဖူးခဲ့။ ကန်ထရိုက်တိုက်ဆို သည်ကို ကြားပင် မကြားဖူးခဲ့။

နေရာအနှံ့တွင် အထပ်မြင့် အဆောက်အအုံများနှင့် ပြည့် နေသည့် ရန်ကုန်မြို့သို့ ရောက်လာသည့်အခါ ခုနစ်ထပ်၊ ရှစ်ထပ် အထိမြင့်သော လူနေတိုက်ခန်းများကို ကျွန်မ အံ့သြစွာ ငေးမော ခဲ့ရသည်။ ထိုတိုက်ခန်းများသို့ တက်ရသည့် မှောင်မည်းကျဉ်း မြောင်းလှသည့် လှေကားများကို ကြောက်ရွံ့စိတ်ဖြစ်မိသည်။

တချို့ တိုက်လှေခါးခွင်များသည် အလင်းရောင် မရှိရုံမျှမက လေဝင်လေထွက် အပေါက်လည်း မရှိ။ တချို့ တိုက်လှေကားများ သည် ပိန်းပိတ်အောင် မှောင်မည်းနေရုံသာမက လှေကားထောင့် များတွင် ဆေးလိပ်တို၊ ဆေးလိပ်စများနှင့် ကွမ်းတံတွေးအနံ့များ က ချဉ်စူး၍ နေတတ်သည်။ လှေကားထောင့်ချိုးတိုင်းတွင် အမှိုက်တို၊ အမှိုက်စများကို တွေ့ရတတ်သည်။

တချို့တိုက်ခန်းများက သူတို့၏ အခန်းရှေ့ရှိ ဝါကြင့်ကြင့် မီးသီးတစ်လုံးကို ထွန်းထားသည်။ သို့သော် ရန်ကုန်တွင် နေထိုင် ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော် ကာလတစ်လျှောက် ကျွန်မ ကြုံတွေ့ ဖူးသော အထပ်မြင့် တိုက်လှေကား အများစုမှာ မှောင် နေလေ့ရှိသည်။ တချို့တိုက်ခန်းများက လူမရှိ၍ မီးမထွန်းကြခြင်း ဖြစ်သည်။ တချို့တိုက်ခန်းများက အတွင်းဘက်တွင် လူရှိသည်။ သို့သော် လှေကားမီးကို မထွန်းကြ။

ဒုစရိုက်သမားများ၊ အကြံအစည်သမားများအတွက် အကြိုက်တွေ့မည့် အနေအထားမျိုး ဖြစ်သည်။ အမှန် တကယ် လည်း ကန်ထရိုက်တိုက်လှေကားများတွင် မှုခင်းများကျူးလွန်ဖူး သည့် သာဓကများလည်း ရှိခဲ့သည်။ ထို့ကြောင့် လှေကားမီး မထွန်းထားသည့် တိုက်ခန်းလှေကားများကို ကျွန်မကြောက် သည်။ ကိုယ့်အိမ်ရှေ့ လှေကားမီးသီးလေး တစ်လုံးတလေ လောက် ထွန်းရမည်ကို စေတနာ ခေါင်းပါးသည့် တိုက်ခန်းနေသူ များပါကလားဟု တစ်ဖက်သားကို အပြစ်မြင်သည့် အတွေးမျိုး တွေးမိလေသည်။

ထို့နောက် ကျွန်မသည် ကန်ထရိုက်တိုက်ခန်းတွင် နေထိုင် သူတစ်ယောက် ဖြစ်လာသည့်အခါ လှေကားမီးကို အမြဲတစေ သတိထားသည်။ မိသားစုဝင်များကိုလည်း အနည်းငယ် မှောင် လာသည်နှင့် လှေကားမီး ပုံမှန်ဖွင့်ပေးထားရန် မှာလေ့ရှိသည်။ အလုပ်မှ အိမ်ပြန်ရောက်ချိန်တွင် ကျွန်မတို့အခန်းရှေ့ဘက်မှ လှေကားမီး ပွင့်နေမှ ကြိုက်သည်။ ကျွန်မတို့တိုက်၏ လှေကားကို အသုံးပြုသူများ လင်းလင်းရှင်းရှင်း ဆင်းတက်ခွင့် ရစေချင်သည်။ ကျွန်မ ကြုံခဲ့ရသည်နှင့် နှိုင်းယှဉ်၍ ကိုယ်ချင်းစာစိတ်ဖြင့် ည မှောင်စမှ နေ၍ မနက်လင်းသည်အထိ ကျွန်မတို့အခန်း၏ လှေ ကားမီးကို ထွန်းလင်းထားခဲ့သည်။ ကျွန်မတို့တိုက်ခန်းသည် အထပ်မမြင့်ဘဲ နေ့ခင်းဆိုလျှင် အလင်းရောင်ကောင်းစွာရသဖြင့် နေ့ခင်းဘက်၌ လှေကားမီးကို ထွန်းရန်မလိုပေ။

ရန်ကုန်မြို့၏ ထုံးစံအတိုင်း မီးပြတ်သည့် ညများတွင် ကျွန်မသည် လှေကား၏ စတီးလက်ရန်းပေါ်၌ ဖယောင်းတိုင်မီး ကလေး အမြဲလိုလို ထွန်းပေးလေ့ ရှိသည်။ ထိုသို့ လုပ်ရသည်ကို ကျွန်မပျော်သည်။ ကုသိုလ်ဆိုသည်မှာ မိမိ ပြုလုပ်လိုက်ရသော ကောင်းမှုတစ်ခုအတွက် ချက်ချင်းပြန်ခံစားရသည့် ပီတိဟု ကျွန်မယုံကြည်သည်။ ထို့ကြောင့် လှေကားမီး ထွန်းတိုင်း ကျွန်မ ကုသိုလ်ရသည်ဟု မှတ်ယူသည်။

ကျွန်မနေထိုင်သော ကန်ထရိုက်တိုက်သည် သိပ်အထပ် မမြင့်လှ။ ခေါင်မိုးထပ်အပါအဝင်မှ လေးထပ်သာရှိသည့် ရပ်ကွက် ကန်ထရိုက်တိုက်ငယ်တစ်ခုဟု ဆိုရမည်။ တိုက်လှေကားက ရင် ကွဲလှေကားဖြစ်ရာ တစ်ဖက်တစ်ချက်ရှိ လူနေတိုက်ခန်းများ အတိုင်း ရေတွက်ရလျှင် စုစုပေါင်းမိသားစု ရှစ်စုသာရှိသည့် ကန် ထရိုက်တိုက်ဖြစ်သည်။

သို့သော် ကျွန်မတို့သည် တစ်တိုက်တည်းနေကာ တစ်ဦး နှင့် တစ်ဦး မသိကျွမ်းကြ။ တိုက်လှေကား ကျဉ်းကျဉ်းလေးတွင် မျက်နှာချင်းဆိုင် ဆုံမိလျှင်ပင် ဝတ်ကျေတန်းကျေ လမ်းဖယ်ပေး ခြင်းမှအပ တစ်ဦးနှင့် တစ်ဦး ဟက်ဟက်ပက်ပက် ပြုံးပြ နှုတ် ဆက်ခြင်း မရှိကြ။ ထို့အတူ တစ်ဦးနှင့် တစ်ဦး အနှောင့်အယှက် လည်း မပေးကြဘဲ နေထိုင်ခဲ့ကြသည်။ ကျွန်မတို့ အိမ်ရှေ့ လှေ ကားမီးကို ကြည်ကြည်ဖြူဖြူ နေ့စဉ်ဖွင့်ပေးထားမြဲ။ လှေကား အသုံးပြုသူများလည်း လင်းလင်းရှင်းရှင်း အတက်အဆင်း ပြုကြ မြဲဖြစ်သည်။

တစ်နေ့တွင် လှေကားအတက်အဆင်းပြုသည့် ခြေသံခပ် ပြင်းပြင်းကို ကျွန်မသတိထားမိသည်။ နေ့ခင်းနေ့လယ်တွင် ပတ် ဝန်းကျင်တစ်ခုလုံး အနှောင့်အယှက်ဖြစ်စေသည့် ခြေသံကျယ် များ၊ ဆောင့်၍ ဆောင့်၍ အတက်အဆင်းပြုသည့် ခြေသံများ။ အပေါ်ထပ်ရှိ အခန်းတစ်ခန်းသို့ တက်သွားသည့် ထိုခြေသံသည် သူ့အခန်း သံပန်းတံခါးသို့ရောက်သွားချိန်တွင် တဝုန်းဝုန်း ထု ရိုက်ကာ တံခါးဖွင့်ရန် အချက်ပြသည့် အသံများကို တစ်ပတ်၊ ဆယ်ရက်ခန့် ဆက်တိုက်ဆိုသလို ထူးထူးခြားခြား ကြားရသည်။ ထိုအပြုအမူများကြောင့် ကျွန်မတို့ ကန်ထရိုက်တိုက်သို့ လူသစ် များ ပြောင်းလာကြသည်ဟု သတိပြုမိသည်။

ထိုလူသစ်မိသားစုတွင် အလယ်တန်းအရွယ် ကလေးငယ် တစ်ဦးနှင့် (မြေပိုင်ရှင် အပြောအရ) စစ်သားလူထွက် အမျိုးသား ကြီးတစ်ဦးတို့ ပါသည်။ နေ့စဉ်နှင့်အမျှ အတက်အဆင်းပြုနေသူ များအနက် သူတို့သားအဖ၏ ခြေသံနှင့် အပြုအမူများသည် ကျွန်မတို့တိုက်ရှိ တိုက်ခန်းနေမိသားစုများအတွက် တဖြည်း ဖြည်းနှင့် အနှောင့်အယှက်သဖွယ် ဖြစ်လာတော့သည်။ ထိုမျှသာ မက ထိုမိသားစုသည် မနက်ဝေလီဝေလင်းအချိန်တွင် ငရုတ် သီး(သို့မဟုတ်) ပုစွန်ခြောက်ထောင်းသည့် အသံ တဒုံးဒုံးသည် ကျွန်မတို့ တိုက်တစ်တိုက်လုံးကို ရက်ခြားဆိုသလို နှိပ်စက်မှုပြု တတ်သေးသည်။ နေ့ခင်းနေ့လယ်ပိုင်းအချိန်များ၊ ညဦးပိုင်းသာ မက ညဉ့်နက်သည်အထိပင် သူတို့၏ အပြုအမူများက တဖြည်း ဖြည်း လွန်ကဲ၍ လာလေတော့သည်။

ကျွန်မတို့နေထိုင်သည့် ကန်ထရိုက်တိုက်သည် ည ၁ဝ နာရီ ခန့်ရောက်လျှင် လှေကားခြေရင်း သံပန်းတံခါးကို ပုံမှန် သော့ ခတ်လေ့ရှိသည်။ နောက်ကျမှ ပြန်ရောက်သူတိုင်း တံခါးသော့ကို အလိုက်တသိပင် သော့ပိတ်လေ့ရှိသည်။ သို့သော် ထိုမိသားစုက ထိုသို့မဟုတ်။ မည်မျှနောက်ကျမှ အိမ်ပေါ်သို့ ပြန်တက်စေကာမူ လှေကားခြေရင်းသံပန်းတံခါးကို တာဝန်သိစိတ်ဖြင့် ပိတ်ခဲ့လေ့ မရှိ။ ထို့ကြောင့် ပထမထပ်တွင် နေထိုင်သည့် ကျွန်မတို့က သတိ ပြုကာ ပိတ်ပေးရလေ့ရှိသည်။

အစောပိုင်းတွင် ပြဿနာမရှိသော်လည်း တဖြည်းဖြည်း နှင့် ပတ်ဝန်းကျင်အား အားမနာတတ်သော ထိုမိသားစုအပေါ် တွင် ကျွန်မ နေ့စဉ်နှင့်အမျှ ဒေါသစိတ်ဝင်ခဲ့ရသည်။ မြေရှင်ဖြစ်သူ အား ထိုအခြေအနေကို ပြောပြကာ တတ်နိုင်သမျှ ဟန့်တားပေး ရန် အကူအညီတောင်းခဲ့သော်လည်း မထူးခြား။ တချို့ကိစ္စများ တွင် မြေရှင်ကို မချေမငံ ဆက်ဆံမှုများကြောင့် မြေရှင်ကလည်း တာဝန်ယူ၍ မဟန့်တားပေးချင်။

ထို့ကြောင့် ကျွန်မကိုယ်တိုင် ပြောကြည့်ရန် စဉ်းစားမိ သည်။ ပထမအဆင့်အဖြစ် ထိုမိသားစု၏ အလယ်တန်းအရွယ် ကလေးငယ် ပြေးတက်ပြေးဆင်းပြုစဉ် အိမ်တံခါးကိုဖွင့်ကာ”သားလေး ဖြည်းဖြည်းဆင်းပါလား။ ခြေထောက်ခေါက်လဲရင် သားနာမှာပေါ့”ဟု ကျွန်မပြောကြည့်သည်။ ထိုသို့ပြောစဉ်ခဏ တွင် ထိုကလေးလိုက်နာသည်။ သို့သော် နောက်တစ်ကြိမ်တွင် မူလအတိုင်းဖြစ်သည်။

ကလေးရော၊ သူ၏ ဖခင်ပါ နေ့စဉ်နှင့်အမျှ ထိုသို့ တဝုန်း ဝုန်းပြေးတက်၊ ပြေးဆင်းမှုများကိုသာ သည်းခံ၍ နေရသည်။ စိတ်ထဲတွင်မူ နည်းနည်းမျှ မကျေနပ်။ မည်မျှ မကျေနပ်သနည်း ဟုမေးလျှင် ထိုသားအဖအား ခြေထောက်ခေါက်၍ လဲကျစေ ချင်သည်။ သူတို့ ပြေးတက်ပြေးဆင်းပြုနေသော လှေကားထစ် များပေါ်တွင် သံမှိုများ ချထားချင်သည်။ ကျွန်မ၏ အမျိုးသားက ဆိုလျှင် ဆီများရွှဲနေအောင် လောင်းချထားချင်ကြောင်း တွင် တွင်ပြောသည်။ သို့သော် မနောကံအဆင့်မှ ကာယကံအဆင့်သို့ မရောက်ခဲ့။ ပြောမည့်သာပြောရသည်၊ ထိုမျှလောက်လုပ်ရ အောင်လည်း မဝံ့ရဲ။ သည်းခံနေရသူများအဖို့ မခံသာလှသော် လည်း ပြုသူများကတော့ နေ့စဉ်လိုလို အချိန်စောခြင်း၊ နောက်ကျခြင်း မရွေးဘဲ ပြုမြဲဖြစ်သည်။

တစ်နေ့တွင် ကျွန်မ အကြံတစ်ခုရသည်။ သူတို့ခြေသံ ပြင်းပြင်းနှင့် အတက်အဆင်းပြုစဉ် လှေကားမီးကို ပိတ်ထားမည် ဆိုသည့် အတွေးဖြစ်သည်။ ထိုအတွေးကို ကျွန်မ လက်တွေ့ အကောင်အထည် ဖော်ဖြစ်ခဲ့သည်။ အနည်းငယ် အောင်မြင်သည် ဟု ဆိုရမည်။ မီးလင်းနေသည့် လှေကားတစ်လျှောက် တဝုန်း ဝုန်းနှင့် ပြေးတက်ပြေးဆင်းပြုကြသည့် ထိုမိသားစုသည် မှောင် နေသော လှေကားတွင် စမ်းတဝါးဝါး တက်နေရသဖြင့် မူလက လောက် ခြေသံမပြင်းတော့သည်ကို သတိပြုမိသည်။

ထို့ကြောင့် ခြေသံပြင်းပြင်းဖြင့် ဆောင့်၍ ဆောင့်၍ တက် လာသည်ကို ကြားလျှင် ကျွန်မ ချက်ချင်းပင် လှေကားမီးခလုတ် ကို သွား၍ ပိတ်ပစ်လိုက်သည်။  မိသားစုဝင်များကို ယခင်က လှေ ကားမီး ပုံမှန်ဖွင့်ပေးထားရန် မှာထားဖူးသည့် ကျွန်မသည် ထို အချိန်မှစ၍ ခြေသံပြင်းပြင်းနှင့် တက်လာလျှင် လှေကားမီး ပိတ် ပစ်လိုက်ရန်လည်း မှာခဲ့လေသည်။ မူလကလို တစ်ညလုံး မထွန်း ထားတော့။

ထိုနောက်ပိုင်းတွင် ကျွန်မတို့ အိမ်ရှေ့ လှေကားမီးသည် ယခင်ကလောက် အချိန်ပြည့် ထွန်းထားခြင်း မရှိတော့ဘဲ ဖွင့် သည့်အချိန်တွင် ဖွင့်၊ ပိတ်သည့်အချိန်တွင် ပိတ်ထားလေသည်။ အခြားတစ်ဖက်က တွေးလျှင် ပတ်ဝန်းကျင်ကို မလေးစားသော၊ ကိုယ်ချင်းစာစိတ် မရှိသော၊ ရိုင်းပျသော ထိုမိသားစုကြောင့် အခြားတိုက်ခန်းနေသူများ လှေကားအတက်အဆင်းတွင် စမ်း တဝါးဝါးနှင့် ကသီလင်တ သွားနေရမည်ကို စာနာစိတ်ဖြစ်မိသည်။ ထိုသို့စဉ်းစားမိပြန်လျှင်လည်း လှေကားမီးကို ပြန်၍ ဖွင့်ရပြန်လေ သည်။ ကုသိုလ်စိတ်နှင့် အကုသိုလ်စိတ်တို့သည် တစ်လှည့်စီ ဒွန် တွဲ၍ နေလေသည်။

ထို့နောက် တတိယအဆင့်အဖြစ် ‘လှေကားအတက် အဆင်း ဖြည်းဖြည်းတက်/ဆင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါ သည်’ဟု ကွန်ပျူတာစာစီကာ တိုက်လှေကားနံရံတွင် ကပ်ထား လိုက်လေသည်။ နောက်နေ့ညနေ အလုပ်မှ အိမ်သို့ ပြန်ရောက် သောအခါ ကျွန်မကပ်ထားသည့် စာရွက်အား အပိုင်းပိုင်း ဆုတ် ခွာထားသည်ကိုသာ မြင်ရလေ၏။ ကျွန်မ၏ စိတ်ထဲတွင် မဖော် ပြနိုင်သော ဒေါသစိတ်ဖြစ်ပေါ်လာသည်။ ထိုနေ့မှစ၍ လှေကားမီး ကို အပြီးတိုင်ပိတ်ထားရန် ကျွန်မ ဆုံးဖြတ်ခဲ့လေသည်။ မီးပြတ် သော ညများတွင် ဖယောင်းတိုင်ထွန်းပေးသည့် ကျွန်မ၏ စေတနာကိုလည်း ပြန်ရုပ်သိမ်းခဲ့လေသည်။

ကျွန်မတို့မိသားစု မည်မျှကြာအောင် လှေကားမီး ပိတ် ထားခဲ့သည်ကို မမှတ်မိ။ သို့သော် မှောင်မည်းကျဉ်းမြောင်းသော ကျွန်မတို့ ကန်ထရိုက်တိုက် လှေကားတစ်လျှောက် ဝန်ထုပ်ဝန်ပိုး တစ်ခုကို မနိုင်မနင်းသယ်ယူကာ တရွေ့ရွေ့ဆင်းနေသည့် လူ တစ်စု၏ အသံဗလံများကြောင့် လန့်နိုးလာသည့် ညကတော့ လှေကားမီးမထွန်းသော နောက်ဆုံးညဖြစ်ကြောင်းကိုမူကား ကောင်းစွာ မှတ်မိနေဆဲ ဖြစ်သည်။

ခြေသံများ၊ မိမိအား အိပ်ရာမှ လှုပ်နိုးလိုက်သော အသံဗလံ များသည် ကျွန်မ ရည်ရွယ်သော၊ စေတနာပျက်မိသော ဟိုမိသား စု မဟုတ်။

”ဖြည်းဖြည်းမ ဖြည်းဖြည်းမ”

”ဟုတ်ပြီ ဟုတ်ပြီ”

”ဒီဘက်နည်းနည်းတိုး ဖြည်းဖြည်းချင်းဆင်း”စသည့် အသံများနှင့်အတူ လူနာတစ်ဦးဦး၏ ညည်းညူသံတို့သည် ထို မိသားစု၏ အသံများမဟုတ်။

ကျွန်မတို့တိုက်ခန်း၏ အပေါ်ထပ်မှ အသက် ၈ဝ ဝန်းကျင် အရွယ် အဘွားအိုတစ်ယောက်အား ချီပိုးသယ်မကာ ဆေးရုံကြီး ၏ အရေးပေါ်ဌာနသို့ ထွက်ခွာသွားကြသော အသံများပင်ဖြစ် သည်။ အသက်ရှူကျပ်ကာ အမောဖောက်လာသည့် ထိုအဘွား အိုအား အောက်ဆီဂျင်ရှိရာ ဆေးရုံကြီးဆီသို့ ပို့ဆောင်ပေးနိုင်ရန် မှောင်မှောင်မည်းမည်း လှေကားထစ်များမှ တစ်ဆင့်ချင်း ဆင်း သွားသည့် အသံများပင် ဖြစ်လေသည်။

ထိုနေ့ညက အရာရာအားလုံး တိတ်ဆိတ်သွားသည့်တိုင် ကျွန်မသည် လှေကားမီးကို မဖွင့်မိ။ ကျွန်မသည် လူမဆန်သော၊ လှေကားမီးလေးတစ်ပွင့်ကိုပင်လျှင် စေတနာသဒ္ဓါတရား ခေါင်း ပါးသော ကန်ထရိုက် တိုက်ခန်းနေသူတစ်ဦး ဖြစ်ခဲ့သည်။ ကိုယ် တိုင်အပြစ်တင်ခဲ့သော၊ ကိုယ်တိုင် မနှစ်မြို့ခဲ့သော တိုက်ခန်းနေ သူအနက် အလိုလျောက် စာရင်းဝင်သွားသည့် စာနာမှုတရား ခေါင်းပါးသူတစ်ဦး ဖြစ်ခဲ့လေသည်။

ပတ်ဝန်းကျင် လူနေမှုဘဝ၏ အရောင်ဆိုးခြင်းကို ခံလိုက်ရ သည့် မိမိ၏ စိတ်နှလုံးသားကို ပြန်၍ စောကြောမိသည်။ ရန်ကုန် သည် ကျွန်မ၏ စိတ်ကို အရောင်အနုအရင့် အမျိုးစုံအောင် ဆေး ခြယ်နေကြောင်း အထိတ်တလန့် တွေးတောမိလေသည်။

ကျွန်မတို့ မိသားစု ရုပ်သိမ်းခဲ့သည့် လှေကားမီးထွန်းခြင်း အလေ့အထသည် ထိုနေ့မှစ၍ အသစ်တစ်ဖန်ပြန်၍ မွေးဖွားခဲ့ လေသည်။ ယခုဆိုလျှင် ကျွန်မတို့ တိုက်ခန်းအရှေ့ဘက်ရှိ လှေ ကားမီးလုံးကလေးသည် ထိန်ထိန်လင်း၍ နေလေသည်။ ကျွန်မ မကျေနပ်သော ထိုမိသားစုသည်လည်း အခြားသို့ ပြောင်းရွှေ့သွား သည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်သည်။ မိသားစု ရှစ်စုခန့်သာ ရှိသည့် ကျွန်မတို့ နေထိုင်ရာ ကန်ထရိုက်တိုက်တွင် အိမ်ငှားမိသားစု အသစ်များ တစ်စုပြီးတစ်စု ပြောင်းလဲသွားကြသည်။ ထိုမိသားစု ကဲ့သို့ စိတ်ပျက်ဖွယ်ကောင်းလောက်သည့် လူများ မပါဝင်ခဲ့သည် ကို သတိထားမိသည်။

ခြေသံကြမ်းတမ်းသော၊ ဒေါက်ဖိနပ်တဂွပ်ဂွပ်ဖြင့် စကား ကျယ်လောင်စွာပြော၍ အတက်အဆင်း ပြုတတ်သူများကို ရံဖန်ရံခါ တွေ့ရ၊ ကြားရသော်လည်း ကျွန်မ၏ ကာယကံမြောက် ပြုမူလိုသော ဒေါသတို့သည် ဘယ်ချောင်ဘယ်ဝယ်သို့ ပုန်းလျှိုး ပျောက်ကွယ်သွားလေပြီမသိ။ ကျွန်မတို့အိမ်ရှေ့ရှိ လှေကားမီး ကလေးနှင့် မီးပြတ်သောညများတွင် တလက်လက်လင်းသည့် ဖယောင်းတိုင်မီးတို့၏ အလင်းရောင်တို့က လွှမ်းခြုံသွားပြီဟုသာ မှတ်ယူမိလေ၏။

သန်းခေါင်ကျော် ညတစ်ညတွင် ကျွန်မတို့တိုက်ခန်းရှေ့မှ ဆင်းသွားသည့် ခြေသံများနှင့် စကားသံတို့သည် ကျွန်မအား အိပ်ပျော်နေရာမှ နှိုးလိုက်ရုံသာမက မောဟနှင့် ဒေါသဖုံးနေခဲ့ သည့် စိတ်ကိုလည်း ရိုက်ပုတ်လှုပ်နှိုးခဲ့ခြင်းဖြစ်လေသည်။        ။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."