၂၀၁၆ ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၃၄)မှ အယ်ဒီတာ အာဘော်ဖြစ်ပါသည်။
သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပြီး နှစ်ပတ်အကြာ၊ သြင်္ကန်ကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ လှုပ်ခတ်သွားသော ပြင်း အားရစ်ချ်တာ စကေး ၆ ဒသမ ၉ အဆင့်ရှိ ငလျင်က ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုအပိုင်းတွင် အားနည်းနေဆဲ မြန်မာနိုင်ငံအား သတိပေးခေါင်း လောင်းထိုးလိုက်သကဲ့သို့ရှိပါသည်။
လူသေဆုံးမှုမရှိသည့်တိုင် အားပြင်းသော ဤငလျင်က တိုင်းပြည်ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရာတွင် သဘာဝဘေးကြို တင်ပြင်ဆင်ရေးကိုပါ အလေးထားထည့်သွင်းလုပ်ဆောင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဦးဆောင်သော အစိုးရအား သတိပေးတပ်လှန့်လိုက်ရာလည်းကျပါသည်။
ထိုသို့အားပြင်းသော ငလျင်တစ်ခု လွန်ခဲ့သော ငါးနှစ်ကျော်၊ ဦးသိန်းစိန် သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုမီ တစ်ပတ်အလို တွင် လှုပ်ခဲ့ပါသေးသည်။ ပြင်းအားရစ်ချ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ ထိုငလျင်သည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ တာလေ မြို့နယ်ခွဲကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး လူ ၇ဝ ကျော်သေဆုံးသွားခဲ့သည်။
ထိုစဉ်တုန်းက အရေးပေါ်ကယ်ဆယ်ရေးလုပ်ရာတွင် ဦးသိန်းစိန်အစိုးရအနေနှင့် မြန်ဆန်မှုရှိခဲ့သည်ဟုဆိုနိုင်သော်လည်း နောက်နောင်အားကြီးသော ငလျင်ဘေးများကို ရင်ဆိုင်တုံ့ပြန်နိုင်ရန် သူ၏သမ္မတသက်တမ်းအတွင်း ကြိုတင်ပြင်ဆင်ရေး လုပ်ဆောင် ရာတွင်တော့ အားရလောက်သည့် စွမ်းဆောင်မှုဟူ၍ မတွေ့ ခဲ့ရပါ။
ကမ္ဘာ့ငလျင်ကြောကြီးနှစ်ခုအနက် တစ်ခုသောငလျင်ကြောပေါ်တွင် အလျားလိုက်ကျရောက်နေသည့် မြန်မာနိုင်ငံသည် ငလျင် အန္တရာယ်ကို အချိန်မရွေးခံရနိုင်သကဲ့သို့ မုန်တိုင်းအန္တရာယ်နှင့် ရေကြီးရေလျှံမှု၊ မြေပြိုမှုကဲ့သို့သော သဘာဝဘေးအန္တရာယ် များကိုလည်း နှစ်စဉ်နီးပါးခံစားနေရသည်။ ယမန်နှစ်မိုးတွင်းတုန်းကလည်း တစ်နိုင်ငံလုံးနီးပါးရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ဆုံးရှုံး မှုများစွာကြုံခဲ့ရသည်။
ဘယ်လ်ဂျီယံအခြေစိုက် EM-DAT အမည်ရှိ နိုင်ငံတကာသဘာဝဘေးအချက်အလက်ဌာနက ပြုစုထားသော စာရင်းအရ ၁၉၉ဝ မှ ၂ဝ၁၄ အထိနှစ်ပေါင်း ၂၅ နှစ်အတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော ဘေးအန္တရာယ်များအနက် ရေဘေးက ၅၅ ရာခိုင်နှုန်း နီးပါးရှိပြီး ငလျင်ဘေးနှင့် မုန်တိုင်းဘေးတို့က ၁၆ ရာခိုင်နှုန်းကျော်စီ အသီးသီးရှိကာ မြေပြိုမှုက ၁၃ ရာခိုင်နှုန်းရှိ သည်ဟု ဆိုပါသည်။ ထိုကာလအတွင်း လူသေဆုံးမှု၏ ၉၉ ဒသမ ၅ ရာခိုင်နှုန်းမှာ မုန်တိုင်းဘေးကြောင့် ဖြစ်သည်ဟုဆိုပါသည်။
သဘာဝဘေးအန္တရာယ်ဖြစ်လာလျှင် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ယခင်အစိုးရက အမျိုးသားသဘာဝဘေးကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့သော်လည်း တုံ့ပြန်မှုမှာ များစွာနှေးကွေးခဲ့သည်ဟု မြန်မာနိုင်ငံမြေငလျင် ကော်မတီ၊ ဒုတိယဥက္ကဋ္ဌ ဦးစိုးသူရထွန်းက ဝေဖန်သည်။ ”ပွင့်ပွင့်လင်းလင်းပြောရရင် လုပ်နိုင်မှု အားနည်းခဲ့တယ်”ဟု NLD ပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် ဦးစိုးသူရထွန်းက မော်ကွန်းကို ပြောပြသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဘေးအန္တရာယ်ဖြစ်လာသည့်အခါ ကယ်ဆယ်သည့် အပိုင်း၌ အတွေ့အကြုံများနေပြီဖြစ်သော်လည်း ကြိုတင်ကာကွယ်သည့်အပိုင်းတွင်တော့ လိုအပ်မှုရှိနေဆဲဖြစ်သည် ဟု သဘာဝဘေး ကြိုတင်ပြင်ဆင်ရေးကျွမ်းကျင်ပညာရှင် ဒေါက်တာမောင်မောင်သန်းက သုံးသပ်သည်။
”အစိုးရအသစ်ဟာ ချက်ချင်းလက်ပူတိုက်ပြီး အမြန်လုပ်ရမယ့်ဟာတွေကို လုပ်ရမှာဖြစ်သလို နှစ်ရှည်လုပ်ရမယ့်ဟာတွေကို လည်း အခုအချိန်မှာတော့ အာဏာလည်းရပြီဆိုတော့ စဖို့ကောင်းပြီ” ဟု ဒေါက်တာမောင်မောင်သန်းက မော်ကွန်းကို ပြောပြသည်။
တိုင်းပြည်ပြုပြင်ပြောင်းလဲရေးလုပ်ရာတွင် အဓိကပြောင်းလဲရမည့် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများနှင့် အတူ သဘာဝဘေးအတွက်ပြင်ဆင်ရေးကိုပါ အထူးအလေးပေးရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း ကျွနု်ပ်တို့မော်ကွန်း က အစိုးရသစ်ကို တိုက်တွန်းလိုက်ပါသည်။ ။
မော်ကွန်းအယ်ဒီတာအဖွဲ့
(editors@mawkun.com)