ငြိမ်းချမ်းရေးနှင့် သယံဇာတ

နိုင်ငံဖွံ့ဖြိုးရေးနှင့် ပြည်သူများ စားဝတ်နေရေးဖူလုံကြွယ်ဝရန် မရှိမဖြစ်လိုအပ်သော အချက်များတွင် သဘာဝသယံဇာတ များ ပေါများကြွယ်ဝခြင်းနှင့် နိုင်ငံအတွင်း ပဋိပက္ခများကင်းဝေး လျက် တည်ငြိမ်သောနိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးအခြေအ နေတို့လည်း ပါဝင်ပါသည်။

ပဋိပက္ခများဆိုရာတွင် စစ်မက်ဖြစ်ပွားခြင်းသာမက နိုင်ငံ အတွင်းရှိ လူမျိုးတစ်စုနှင့်တစ်စု၊ အဖွဲ့အစည်းတစ်ဖွဲ့နှင့်တစ်ဖွဲ့၊ ယုံ ကြည်ကိုးကွယ်ရာဘာသာ မတူညီကြသူတစ်ဖက်နှင့်တစ်ဖက်၊ နိုင်ငံရေးပါတီတစ်ခုနှင့်တစ်ခု၊ အုပ်ချုပ်သူအစိုးရနှင့် အုပ်ချုပ်ခံ ပြည်သူပြည်သားတို့အကြား အပြန်အလှန်လေးစားမှု ပျက်ပြား ခြင်း၊ ယုံကြည်မှုလျော့ပါးခြင်း၊ သံသယများနေခြင်းတို့်ဖြစ်ပါ သည်။ ထိုပဋိပက္ခများတည်ရှိနေသမျှ ရုပ်ပိုင်းဆိုင်ရာအခြေ အနေများ မည်မျှတည်ငြိမ်နေပါစေ စိုးရိမ်ကြောင့်ကြမှုများ ဖြစ် ပေါ်လျက် ငြိမ်းချမ်းမှုပျက်ပြားရပါသည်။ ထို့ကြောင့် ငြိမ်းချမ်း ခြင်းဆိုသည်မှာ လူသားတိုင်း၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေနှစ်ရပ်လုံး တည်ငြိမ်အေးချမ်းစွာ ဖြစ်တည်နေခြင်း နှင့် စိုးရိမ်ကြောင့်ကြမှုမရှိခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုလို ပါသည်။

သဘာဝသယံဇာတများကို အကြောင်းပြု၍ ကျွန်ဖြစ်ခဲ့ရခြင်း

၁၇ ရာစုခန့်က အင်္ဂလိပ်တို့၏ စီးပွားရေးအင်ပါယာသည် ပင်လယ်ရေကြောင်းသွားလာရေးအပေါ် မူတည်သည်။ ထို့ ကြောင့်  သင်္ဘောများတည်ဆောက်ရန် အထူးကောင်းမွန်သော မြန်မာ့ကျွန်းသစ်များကို စိတ်ဝင်စားခဲ့ကြသဖြင့် ၁၈၂၄-၂၆ ခု နှစ်၊ ပထမအင်္ဂလိပ်-မြန်မာစစ်အပြီး ရခိုင်နှင့်တနင်္သာရီကို သိမ်း ပိုက်ပြီးသောအခါ  မော်လမြိုင်ကိုအခြေပြု၍ သံလွင်မြစ်တစ် လျှောက်ရှိ သစ်တောများမှ သစ်စတင်ထုတ်ယူခဲ့သည်။

၁၈၅၂-၅၃ ခုနှစ်၊ ဒုတိယအင်္ဂလိပ်-မြန်မာစစ်အပြီးတွင် ပဲခူးရိုးမမှသစ်များကို ရနိုင်သမျှထုတ်ယူရန် သရက်မြို့အထိ နယ်စပ်မျဉ်းကို သတ်မှတ်ခဲ့သည်။ အထက်မြန်မာနိုင်ငံသစ်တော များမှ သစ်များကိုလည်း မြန်မာဘုရင်များနှင့် စာချုပ်များချုပ် ဆိုကာ ထုတ်ယူခဲ့ကြသည်။

မင်းတုန်းမင်းလက်ထက်မှ စတင်ခဲ့သောသစ်ကန်ထရိုက်လုပ်ငန်းသည် သီပေါမင်းလက်ထက်ထိ ကန်ထရိုက်စာချုပ်များ အကောက်အခွန်တော်ဥပဒေများနှင့် စနစ်တကျလုပ်ဆောင်ခဲ့ သော်လည်း ထိုသစ်လုပ်ငန်းကြောင့်ပင် မြန်မာတို့ ကျွန်ဖြစ်ခဲ့ရသည်။      ၁၈၈၅၊  သြဂုတ် ၁၁ ရက်တွင် တောင်ငူနယ်၌ သစ်ထုတ် ခွင့်ရထားသော ဘုံဘေဘားမားသစ်ကုမ္ပဏီက မြန်မာနိုင်ငံ အကောက်ရုံး၌ သစ်လုံးရေ (၃ဝ,ဝဝဝ)ကျော်သာစာရင်းပြထား ပြီး သစ်လုံးရေ (၅၇,၉၅၈) လုံး ပိုထုတ်ယူထားသောအမှုတွင် မြန်မာအစိုးရက ထိုခိုးထုတ်ထားသောသစ်များအတွက် အခွန် တော်နှင့်ဒဏ်ငွေ နှစ်ရပ်ပေါင်း ရူပီးနှစ်သန်းသုံးသိန်း ပေးလျော် စေရန် ၁၈၈၅၊ သြဂုတ် ၁၂ ရက်တွင် စီရင်ချက်ချခဲ့သည်။

မြန်မာအစိုးရ၏ စီရင်ချက်ကို ဘုံဘေဘားမားကုမ္ပဏီက မလိုက်နာသဖြင့် ၁၈၈၅၊ စက်တင်ဘာ ၁ဝ ရက်တွင် ကုမ္ပဏီပိုင် ဆင်နှင့်သစ်တောပစ္စည်းများကို သိမ်းယူစေရန် မြန်မာ တရား ရုံးကစီရင်ပြီး ဆင်(၉ဝဝ)၊ ကျွဲ (၁ဝ,ဝဝဝ) ခန့်နှင့် နိုင်ငံခြားသို့ပို့မည့် သစ်လုံးရေ (၁၅ဝ,ဝဝဝ) ကို မြန်မာအစိုးရက သိမ်းယူခဲ့သည်။

အင်္ဂလိပ်အစိုးရသည် အီတလီနှင့် ပြင်သစ်တို့က မြန်မာ အစိုးရအပေါ် တဖြည်းဖြည်း သြဇာသက်ရောက်လာသည်ကို စိုးရိမ်လာခြင်းနှင့် တရုတ်ပြည်သို့ ကုန်းလမ်းဖောက်လိုခြင်းတို့ ကြောင့် သစ်ကိစ္စကိုအကြောင်းပြု၍ သံတမန်နည်းဖြင့်မဖြေရှင်း ဘဲ လက်နက်အားကိုးဖြင့် စစ်ကြေညာခဲ့သည့်အတွက် ၁၈၈၆၊ ဇန်နဝါရီ(၁)ရက်တွင် မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝသို့ ကျ ရောက်ခဲ့ရပါသည်။

ဂျပန်တို့သည်လည်း မြန်မာ့သဘာဝသယံဇာတများကို သိမ်းပိုက်လိုသည်သာမက မြန်မာမှတစ်ဆင့် အိန္ဒိယသို့ ကုန်း လမ်းဖြင့် ဝင်ရောက်လိုသည့်အတွက် မြန်မာနိုင်ငံကို သုံးနှစ်ခန့် ဝင်ရောက်ကျွန်ပြုခဲ့ပါသေးသည်။

မြန်မာနိုင်ငံ၏ ပေါများကြွယ်ဝသော သစ်သယံဇာတများ ကြောင့် မြန်မာတို့ သူ့ကျွန်ဘဝတွင် နှစ်ပေါင်းတစ်ရာကျော်(ရခိုင် နှင့်တနင်္သာရီ – ၁၂၂ နှစ်၊ အောက်မြန်မာပြည် – ၉၆ နှစ်၊ အထက် မြန်မာပြည် – ၆၂ နှစ်) နေခဲ့ရပြီး ငြိမ်းချမ်းရေးပျက်ပြားခဲ့ကြ ရပါသည်။

သဘာဝသယံဇာတများကိုအကြောင်းပြု၍ ပြည်တွင်းစစ်များ သက် ဆိုးရှည်ခဲ့ရခြင်း

သဘာဝသယံဇာတ ကြွယ်ဝသည့်နိုင်ငံများ၌ ပြည်တွင်း စစ်ဖြစ်ရခြင်းအကြောင်းအရင်းမှာ သယံဇာတများတည်ရှိရာ နယ်မြေတွင် နေထိုင်ကြသော တိုင်းရင်းသားများနှင့် အစိုးရတို့ ကြား မကျေနပ်ချက်များရှိခြင်း၊ ထိုသယံဇာတများနှင့်ပတ်သက် ၍ ဥပဒေမဲ့ လုပ်ချင်သလိုလုပ်ခွင့်ရနေခြင်း၊ ထိုသယံဇာတများကို လွယ်လွယ်ကူကူလုယူနိုင်ခြင်း စသည့်အချက်များအားလုံးပေါင်း စည်းဖြစ်ပေါ်မှု၏ရလဒ်ပင်ဖြစ်သည်ဟု စီးပွားရေးပညာရှင် K.Ballantine  က ၎င်း၏ The Political Economy of Armed Conflict, Beyond Greed and Grievance စာတမ်း၌ သုံးသပ်တင်ပြခဲ့သည်။

တိုင်းရင်းသားအဖွဲ့အစည်းများသည် နိုင်ငံသားအခွင့် အရေးများနှင့် လူမျိုးစုအခွင့်အရေးများကို အကန့်အသတ်ဖြင့် သာရရှိသည်ဟု ယူဆခြင်း၊ ၎င်းတို့ဒေသများတွင် တည်ရှိသော သဘာဝသယံဇာတများကို ဗဟိုအစိုးရက အပိုင်စီး၍ ထုတ်ယူ အသုံးချနေသော်လည်း အကျိုးအမြတ်ကို ၎င်းတို့အနေဖြင့်  မည်မည်ရရ မခံစားရခြင်း၊ သဘာဝသယံဇာတ ကြွယ်ဝပါလျက် ဖွံ့ဖြိုးမှုနည်းပါးရခြင်း စသည့်မညီမျှမှု နာကျည်းမှုများကြောင့် လက်နက်ကိုင်တော်လှန်မှုများ သက်ဆိုးရှည်ခဲ့ကြရခြင်း ဖြစ် ပါသည်။

အစိုးရဆန့်ကျင်ဘက် ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများသည် ဘဏ္ဍာငွေရှာဖွေကျားကန်ပေး နိုင်သော အခွင့်အလမ်းရှိသည့် နေရာဒေသများ၌ ဖြစ်ပွားလေ့ရှိ သည်ဟု နိုင်ငံတကာလေ့လာဆန်းစစ်ချက်များအရ တွေ့ရှိရ ပါသည်။

မြန်မာနိုင်ငံတွင်လည်း သဘာဝသယံဇာတများကို ဆာလောင်မွတ်သိပ်နေသည့် အိမ်နီးချင်း တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ကချင်၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ခြေကုပ်ယူထားကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတို့သည် ကျွန်း၊ သစ် မာ၊ ကျောက်စိမ်း၊ သတ္တု၊ ကျွဲ၊ နွား စသည်တို့ကို တင်ပို့ရောင်း ချခြင်း၊ တစ်ဖက်နိုင်ငံမှ မှောင်ခိုပစ္စည်းနှင့် မူးယစ်ဆေးဝါးများ တင်သွင်းခြင်း၊ တင်ပို့ရောင်းချသူများထံမှ အခွန်ကောက်ခြင်း နှင့် ဘိန်းစိုက်ပျိုးခြင်းတို့မှ ဝင်ငွေများ ရရှိခဲ့ကြပါသည်။

လွတ်လပ်ရေးရပြီးစကပင် စတင်ခဲ့သော လက်နက်ကိုင် ပုန်ကန်မှုများနှင့် ထိုပုန်ကန်မှုများကို နှိမ်နင်းရသောအစိုးရတို့ နှစ်ဖက်စလုံးသည် စစ်လက်နက်၊ ရိက္ခာနှင့် အထွေထွေသောကုန် ကျငွေများကိုရရှိရန် နိုင်ငံသားအားလုံးပိုင်ဆိုင်သော သဘာဝ သယံဇာတများကို တွင်တွင်ကျယ်ကျယ် အသုံးချခဲ့ကြသဖြင့်  ပြည်တွင်းစစ်များ သက်ဆိုးရှည်ခဲ့ကြသည်။ စစ်ကြောင့် သဘာဝ သယံဇာတတို့သည် မည်သူ့ကိုမျှ အကျိုးမဖြစ်ထွန်းစေဘဲ ပြာဖြစ် ခဲ့ကြရသည်။

 

စီမံခန့်ခွဲမှုအလွဲများကြောင့် ဖြစ်ပေါ်လာသော ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများ

၁၉၈၈ လူထုအရေးတော်ပုံကြီးနောက်ပိုင်းတွင် မြန်မာ နိုင်ငံအတွက် ပေးအပ်ထားသော နိုင်ငံတကာအကူအညီများ အားလုံး ရပ်ဆိုင်းခံခဲ့ရသည်။ ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသော တပ်မတော်အစိုးရသည် နိုင်ငံခြားငွေရရှိရေး အတွက် သဘာဝသယံဇာတများကို အိမ်နီးချင်းနိုင်ငံများသို့ ရောင်းချရန် အာရုံစိုက်ခဲ့ရပါသည်။

၁၉၈၈၊ စက်တင်ဘာ ၁၈ ရက်တွင် မဆလ အစိုးရထံမှ အာဏာသိမ်းယူခဲ့သော တပ်မတော်အစိုးရကို ပထမဆုံးအသိ အမှတ်ပြုခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် များကို လက်မှတ်ရေးထိုးနိုင်ခဲ့သောနိုင်ငံသည် တစ်ချိန်က ဗမာ ပြည်ကွန်မြူနစ်ပါတီကို အားပေးအားမြှောက်ပြုခဲ့သော တရုတ် နိုင်ငံဖြစ်သည်။ ထို့ပြင် နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်မှုများစွာရှိနေသော ထိုင်းနိုင်ငံသည် လည်း ၁၉၈၈၊ ဒီဇင်ဘာမှစတင်၍ နယ်စပ်ဒေသတစ်လျှောက် သစ်ထုတ်လုပ်ငန်းများကို လုပ်ကိုင်ခွင့်ရရှိသွားသည်။

ပြည်ပနိုင်ငံကြီးများ၊ အဖွဲ့အစည်းများက သယံဇာတကြွယ် ဝသည့်နိုင်ငံ၏ ပြည်တွင်းရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် သယံဇာ တစီမံခန့်ခွဲရေး စသည်တို့ကို ဝင်ရောက်ခြယ်လှယ် ကြီးစိုးစွက် ဖက်ကာ သွေးခွဲစကားဆိုလေ့ရှိသည်။ ထိုအခါ သယံဇာတကြွယ် ဝသောနိုင်ငံများရှိ လက်နက်ကိုင်ဆောင်သောအုပ်စုများနှင့် မကိုင်ဆောင်သောအုပ်စုများကလည်း ၎င်းတို့အလိုကျ သိလျက် နှင့်ဖြစ်စေ၊ မသိဘဲနှင့်ဖြစ်စေ ကပြအသုံးတော်ခံကြရင်း ပြည် တွင်းစစ်များဖြစ်ကြရသည်။ ပြည်တွင်းလက်နက်ကိုင် အဖွဲ့အ စည်းများကို ပြည်ပနိုင်ငံကြီးများက ကူညီထောက်ပံ့ခြင်း ကြောင့် အဓိကဖြစ်သည်ဟု ဘောဂဗေဒပညာရှင် Ross က ပြည်တွင်းစစ်ဖြစ်ပွားနေသော နိုင်ငံ ၁၃ နိုင်ငံကို လေ့လာပြီး How Do Natural Resources Influence Civil War စာတမ်းတွင် ရေးသားခဲ့ပါသည်။ အလားတူ မြန်မာ၏ သယံဇာ တများဖြင့် ၎င်းတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းလိုသော အိမ်နီးချင်းနိုင်ငံများသည် မြန်မာ၏ ပြည်တွင်းပဋိပက္ခများကို အသုံးချ၍ ဝင်ရောက်လွှမ်းမိုးခြယ်လှယ်ခဲ့ကြပါသည်။

ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး တရုတ်ပြည်သည် ဒေသတွင်း စက်မှုဖွံ့ဖြိုးသောနိုင်ငံဖြစ်သည့်အပြင် ၎င်းတို့နိုင်ငံ အတွင်း တွေ့ကြုံခံစားခဲ့ရမှုများကြောင့် သစ်တောထိန်းသိမ်း ရေးကို အလေးထားဆောင်ရွက်နေသည့်အတွက် ၁၉၉၈ မှစ၍ သစ်ခုတ်ခြင်းကို အပြင်းအထန်တားမြစ်ထားသည်။

မြန်မာနိုင်ငံနှင့်ဆက်စပ်နေသော ယူနန်ပြည်နယ်တွင်မူ ၁၉၉၆ ကတည်းက တားမြစ်ခဲ့သည်။ ထို့ကြောင့် ”၁၉၉၉ ခုနှစ် တွင် ယူနန်ပြည်နယ်၌ သစ်တောအရင်းအမြစ်များကို ဖျက်ဆီး ခြင်း၊ တောရိုင်းတိရစ္ဆာန်များကို သတ်ဖြတ်ခြင်းဆိုင်ရာ အမှု ပေါင်း ၁ဝ,ဝဝဝ ကျော် တွေ့ရှိခဲ့ပြီး လူပေါင်း ၁၆,ဝဝဝ ကျော်ကို သစ်တောရဲတို့က အရေးယူခဲ့ကြသည်” ဟု ဆင်ဟွာသတင်း Yunnan has most reserves in China ဆောင်းပါးတွင် ဖော်ပြခဲ့ဖူးသည်။

၁၉၈၈၊ ဒီဇင်ဘာ ၁၄ ရက်၌ ထိုင်းနိုင်ငံမှ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာဗာလစ်လောင်ချိုင်ယု အလည်အပတ် လာပြီးနောက်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် သစ်ထုတ်ခွင့်ကို ထိုင်းကုမ္ပဏီ (၃၅)ခုက သစ်ထုတ်ခွင့် (၄၇)ခုရရှိ သွားပြီး ထိုလုပ်ငန်းမှ နှစ်စဉ် ဒေါ်လာ ၁၂၂ သန်းမှ သန်း ၂ဝဝ အထိ ရရှိစေခဲ့ပါသည်။ ထိုပမာဏသည် တရားဝင် နိုင်ငံခြား ဝင်ငွေစုစုပေါင်း၏ ၄၂ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

၁၉၈၉၊ ဒီဇင်ဘာတွင် ယူနန်ပြည်နယ်၏ အုပ်ချုပ်ရေးမှူး ဟီဇီကျင်းခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ နိုင်ငံသို့ရောက်ရှိလာခဲ့ပြီး သစ်လုပ်ငန်းအပါအဝင် ကုန်သွယ်ရေး ဆိုင်ရာသဘောတူညီချက် (၁၁)ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ သည်။ စစ်အစိုးရ၏ စီမံဘဏ္ဍာဝန်ကြီး ဗိုလ်မှူးချုပ်အေဘယ် ကလည်း ၁၉၉၁ တွင် ယူနန်ပြည်နယ်သို့သွားရောက်ပြီး ရွှေ၊ သတ္တု၊ ကျောက်စိမ်းနှင့် သစ်တောဆိုင်ရာလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ပါသည်။

သဘာဝသယံဇာတများတည်ရှိရာ ဝေးလံခေါင်ဖျားသော နေရာများကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ထိန်းချုပ်ထားသဖြင့် ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းလိုခြင်းအပါအဝင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တပ်မတော်အစိုးရ အနေဖြင့် ၁၉၈၉ မှစတင်၍ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ပြုလုပ်ခဲ့သည်။

ထိုအပစ်အခက်ရပ်စဲရေး သဘောတူညီချက်များတွင် နိုင်ငံရေးသဘောတူညီချက်များမပါရှိသော်လည်း သက်ဆိုင်ရာ ဒေသများတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ကိုမူ ရရှိခဲ့ပါ သည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ၏ အစိတ် အပိုင်းတစ်ရပ်အဖြစ် တပ်မတော်အစိုးရသည် နယ်စပ်ဒေသဖွံ့ ဖြိုးတိုးတက်ရေးအစီအစဉ်များကို ပြုလုပ်ခဲ့ရာတွင် ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက် ရေးကို အလေးထားခဲ့သည်။ ထိုလုပ်ငန်းများတွင် အဓိကဆောင် ရွက်မှုများမှာ လမ်းများနှင့်တံတားများ တည်ဆောက်ရေးသာ ဖြစ်သည်။ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ခဲ့ သောလမ်းနှင့် တံတားများကြောင့် သယံဇာတပေါများကြွယ်ဝ သော ဒေသများကို ပိုမိုလက်လှမ်းမီသွားစေခဲ့သည်။

ထို့ကြောင့် အပစ်အခတ်ရပ်စဲ၍ စီးပွားရေးလုပ်ငန်းများကို အထူးလုပ်ကိုင်ခွင့်ရရှိထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တပ်မတော်အစိုးရ၏မျက်နှာသာပေးခြင်း ခံရသော စီးပွားရေးလုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများသည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသော သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့ ပျက်ပြားသည်အထိ သစ်ထုတ်လုပ်ရေး၊ ကျောက်စိမ်းနှင့် ရွှေတူးဖော်ရေး စသည့် လုပ်ငန်းများကို အလွန်အကျွံပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် ”အရည်အသွေးကောင်းမွန်သော သစ်မျိုး စိတ်ပေါင်းများစွာကို မြန်မာနိုင်ငံမှ ဈေးချိုချိုနှင့်ရနိုင်သည်။ ဒုတိ ယအချက်အနေနှင့် တရုတ်ပြည်တွင်းဈေးကွက်မှ ဝယ်လိုအား မြင့်မားနေသည်ကို ထိုသစ်များဖြင့် ဖြည့်ဆည်းပေးနိုင်သည်။ ဤနည်းဖြင့် တရုတ်ပြည် အနောက်တောင်ဘက်တွင် သစ်တော များ ခုတ်လှဲနေသောအရေအတွက်ကို လျှော့ချနိုင်သည်။ ကျွန်တော်တို့၏ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်နိုင်မည်။ တတိယအချက်အနေနှင့် ကျွန်တော်တို့သည် သစ်အချောထည်ဆိုင်ရာလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်သည်။ ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကူညီနိုင်သည်။ တင်သွင်းခဲ့သောသစ်များအတွက် မြန်မာနိုင်ငံသည် (ယွမ်ငွေ ဖြင့် တိုက်ရိုက်ပေးချေနိုင်သဖြင့်) နိုင်ငံခြားငွေ (ဒေါ်လာ) ဖြင့် မပေးရသော တစ်ခုတည်းသောနိုင်ငံ ဖြစ်သည်။ ”ဟု ၁၉၉၃ ခုနှစ်တွင် တရုတ်ပညာရှင် ဇူချင်ဝေ ရေးသားသော The Choice Beyond Cross-border Trade တွင် ရင်နာစရာ ဖတ်ရှုခဲ့ရသည်။

၁၉၉၄ ဒီဇင်ဘာ ၂၅ ရက်က ပြည်ထောင်စုမြန်မာနိုင်ငံ တော်အစိုးရအဖွဲ့၊ အမိန့်ကြော်ငြာစာအမှတ်(၂၆/၉၄) ဖြင့် ချမှတ်ခဲ့သော မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးမူဝါဒတွင် . . .

”နိုင်ငံတစ်နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုသည် ယင်းနိုင်ငံ၏ပြည်သူများ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတများပင် ဖြစ်ကြသည်။ မြန်မာနိုင်ငံ၏ ပတ် ဝန်းကျင်ရေးရာ မူဝါဒရည်မှန်းချက်မှာ ပြည်သူတစ်ရပ်လုံး၏ လူနေမှုဘဝအဆင့်အတန်းကို မြှင့်တင်ပေးရေးအတွက် ဖွံ့ဖြိုး ရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ရေးရာကိစ္စရပ်များကို ထည့်သွင်းပေါင်းစပ်ခြင်းအားဖြင့် ပတ်ဝန်းကျင်နှင့် သဟဇာ တဖြစ်မှု၊ ဟန်ချက်ညီမှုတို့ကို ရရှိစေရေးပင်ဖြစ်သည်။ နိုင်ငံတိုင်း သည် အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်မှုကို မထိပါး စေရန်(သို့မဟုတ်) အကျိုးစီးပွားကို မထိခိုက်စေရန် အထူး အလေးထား၍ မိမိနိုင်ငံ၏ ပတ်ဝန်းကျင်ရေးရာမူဝါဒများနှင့် အညီ မိမိနိုင်ငံပိုင် သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲနိုင် သည့် အချုပ်အခြာအာဏာပိုင်ခွင့်ရှိသည်။ ပစ္စုပ္ပန်နှင့် အနာဂတ် မျိုးနွယ်ဆက်များ၏အကျိုးငှာ  သဘာဝသယံဇာတပစ္စည်းများကို ကာကွယ်ထိန်းသိမ်းရေးသည် နိုင်ငံတော်နှင့် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ရေးရာကာကွယ်စောင့်ရှောက်မှုကို ပဓာနကျသော ရည်မှန်းချက်အဖြစ် ထာဝစဉ်ထားရှိရမည်ဖြစ်သည်” ဟု ဖော်ပြ ထားပါသည်။

သို့သော် နိုင်ငံတကာမျက်နှာစာတွင် ပြည်တွင်းငြိမ်းချမ်း ရေးတည်ဆောက်နိုင်ကြောင်း ပြသရန် ၁၉၈၉ မှ ၁၉၉၇ အတွင်း ယခင်တပ်မတော်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၇) ဖွဲ့နှင့်တွေ့ဆုံဆွေးနွေးပြီး လက်နက်နှင့်     ငြိမ်းချမ်း ရေးလဲလှယ်ခဲ့သည်။ ထို့နောက် အဆိုပါအဖွဲ့အစည်းများကို ၎င်း တို့အခြေချရာဒေသများတွင် တရားဝင်စီးပွားရေးလုပ်ပိုင်ခွင့် များကို အထူးအခွင့်အရေးအနေနှင့် ပေးအပ်ခဲ့သည်။

နိုင်ငံ၏ ကြွယ်ဝချမ်းသာသမျှသော သဘာဝသယံဇာတ များကို အစိုးရအဆက်ဆက်က ပြဋ္ဌာန်းထားခဲ့သည့် ဥပဒေများ ကိုကျော်လွန်ပြီး အမိန့်များ၊ ကြေညာချက်များထုတ်ပြန်ကာ အလိုရှိသည့်အတိုင်း ထုတ်ယူအသုံးချခဲ့ကြခြင်းကြောင့်လည်း ကောင်း၊ လုပ်ငန်းတည်ရှိရာနေရများရှိ ဒေသခံပြည်သူလူထု အများစုမှာ ၎င်းတို့၏မူရင်းဒေသများမှ အတင်းအကျပ် ဖယ်ရှား ခံရခြင်းနှင့် အဓမ္မစေခိုင်းခံရခြင်းတို့ကိုတွေ့ကြုံခဲ့ရခြင်းကြောင့်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုများနှင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာသည်ကိုပင် မသိကျိုးကျွံပြုနေကြသည့်အတွက်ကြောင့်လည်းကောင်း၊ ပြည်သူလူထု၏ စိုးရိမ်ကြောင့်ကြမှုများ မြင့်တက်လာနေရပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာတွင် စတုတ္ထမြောက် သစ်တော  အပြုန်းတီးဆုံးနိုင်ငံနှင့် အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံများ အတွင်း သစ်တောပြုန်းတီးမှုနှုန်း အမြင့်မားဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိနေသည်။

တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းနှင့် မြန်မာနိုင်ငံ အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန (ယခင်အ ခေါ်အဝေါ်) တို့ ပူးတွဲဆောင်ရွက်သည့် မြစ်ကြီးနားမြို့အထက် ဧရာဝတီမြစ်ဆုံဒေသအတွင်း ရေအားလျှပ်စစ်ထုတ်လုပ်မည့် မြစ်ဆုံဆည်စီမံကိန်းတွင် ဆည်ပေါင်း (၇) ခုတည်ဆောက်မည့် မဟာစီမံကိန်းကြောင့် ကချင်တိုင်းရင်းသားတို့အလေးအမြတ် ပြုရာ၊ များပြားလှစွာသော ဇီဝမျိုးစုံမျိုးကွဲတို့တည်ရှိရာ ဧရာတီ မြစ်ဖျားခံရာ မြစ်ဆုံဒေသ ပျောက်ဆုံးသွားနိုင်ပြီး ဒေသခံများ၏ မူရင်းနေထိုင်ရာကျေးရွာများနှင့် လယ်ယာမြေများစွာ ရေလွှမ်း မိုး ပျောက်ကွယ်သွားနိုင်သည်။ မြန်မာပြည်၏အသက်သွေး ကြောသမိုင်းကြောင်းဟုဆိုနိုင်သည့် မြစ်ကြီးတစ်စင်းလုံးကိုပါ ပျောက်ကွယ်သွားနိုင်သော အခြေအနေများကြောင့် မြန်မာ တစ်နိုင်ငံလုံးရှိ ပညာရှင်များနှင့် ပြည်သူများက ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြသည်။

၎င်း၏ရလဒ်အဖြစ် လက်ရှိသမ္မတ ဦးသိန်းစိန်က ၎င်းအစိုး ရသက်တမ်းအတွင်း ထိုစီမံကိန်းအား ရပ်ဆိုင်းထားမည်ဟု ကြေ ညာခဲ့သည်။ သို့သော် အပြီးတိုင်ရပ်ဆိုင်းသည်ဟု မဆိုပေ။ ထိုစီမံ ကိန်းအပါအဝင် ကချင်တိုင်းရင်းသားတို့၏ အခြားသော သဘာ ဝအရင်းအမြစ်များ နစ်နာဆုံးရှုံးမှုကိုသာ အကြောင်းပြုကာ ကချင်ပြည်နယ်အတွင်း သေနတ်သံများ ယနေ့တိုင်မစဲသေး သဖြင့် စစ်ပြေးဒုက္ခသည်အရေအတွက်မှာ သိန်းဂဏန်းသို့ တိုး မြင့်ရောက် ရှိနေပြီဖြစ်သည်။

ယခင်အစိုးရလက်ထက်က ပြုလုပ်ရန် သဘောတူထားသော စီမံကိန်းများအားလုံးသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နှင့် လူမှုရေးဆိုင်ရာ ထိခိုက်နစ်နာခြေများကို စိစစ်သည့် (Environmental Impact Assessment,  Social Impact Assessment ) များ ကြိုတင်ပြုလုပ်ထားမှုများ မရှိခဲ့ကြသော ကြောင့် တိုင်းပြည်အနှံ့အပြား ဒေသခံများနှင့် စီမံကိန်းလုပ် ဆောင်သူများအကြား ပဋိပက္ခများကို တွေ့မြင်နေရသည်။

 

ဒီမိုကရေစီနည်းကျဖြေရှင်းရန်

အဆိုပါပြဿနာများကိုကျော်လွှားနိုင်ရန် သဘာဝသယံ ဇာတများနှင့်သက်ဆိုင်သည့် အငြင်းပွားမှုများ၊ အလွဲအသုံးချမှု များနှင့် စီမံခန့်ခွဲမှုအလွဲများရပ်တန့်သွားရန် လိုအပ်လျက်ရှိနေပါ သည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေး အာဏာတို့ သီးခြားစီ အမှန်တကယ်ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးရန် နှင့် စစ်မှန်သောပြည်ထောင်စုစနစ်၊ ဒီမိုကရေစီစနစ် အမြန်ဆုံး ထွန်းကာလာစေရန်မှာလည်း များစွာအရေးကြီးသည်။

၂ဝ၁၂ မတ် ၃ဝ ရက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပ ဒေ အမှန်တကယ်အသက်ဝင်လာစေရန် နည်းဥပဒေများကို အမြန်ဆုံးအတည်ပြုပြဋ္ဌာန်းပေးပြီး အပြန်အလှန်စောင့်ကြည့်မှုပေးနိုင်ရန် လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်ရှိသည့် စတုတ္ထ မဏ္ဍိုင်ပေါ်ပေါက်လာစေရေးကိုလည်း ရှေးရှုရမည်ဖြစ်သည်။

နိုင်ငံတော်မှဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်ရန် ရှိသော အထူးစီမံကိန်းကြီးများမပြုလုပ်မီ သဘာဝပတ်ဝန်းကျင် အပေါ် အကျိုးသက်ရောက်မှုအား ဆန်းစစ်လေ့လာမှု (Environmental Impact Assessment)၊ ထိုဒေသရှိဒေသခံ တို့၏ လူမှုဘဝအပေါ် အကျိုးသက်ရောက်မှုအား ဆန်းစစ်လေ့ လာမှု (Social Impact Assessment)  များကို နိုင်ငံတကာစံ နှုန်းများအတိုင်း ပြုလုပ်ပေးရန်နှင့် တွေ့ရှိမှုရလဒ်များကို အများ ပြည်သူအား အမှန်အတိုင်း၊ အရှိအတိုင်းချပြပြီးမှ ပြည်သူလူထု ၏ သဘောတူညီမှုရှိမှသာ ဆက်လက်ဆောင်ရွက်စေသင့်သည်။ စီးပွားရေးလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်ပျက်ပြားမှု များ လျော့နည်းစေရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဆက်စပ်ပတ်သက်နေသော ကဏ္ဍများအတွက် ဥပဒေများကို လည်း ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ပြဋ္ဌာန်းပေးရမည်ဖြစ်သည်။

နိုင်ငံတော်အဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီနှင့် တိုင်းဒေသကြီးအဆင့်နှင့် ပြည်နယ်အဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီများကို အစိုးရဝန်ထမ်းများနှင့်အတူ အရပ်ဘက်နိုင်ငံသား ပညာရှင်များပါဝင်၍ ဖွဲ့စည်းပေးပြီး မြန်မာနိုင်ငံပိုင်နက်အတွင်း မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့ အစည်းကမျှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပြဋ္ဌာန်းထား သောဥပဒေများကိုကျော်လွန်၍ သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲခြင်းမပြုနိုင်စေရန် ကြီးကြပ်ရမည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသင်ခန်းစာများကို အခြေခံပညာအဆင့်မှစ၍ ထည့်သွင်းသင်ကြားပေးပြီး ဒေသခံ ပြည်သူများကိုလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင် ရာ အသိပညာပေးလုပ်ငန်းများအား ထိရောက်စွာပြုလုပ်ပေး ခြင်းတို့ကို အစိုးရ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းအသီးသီးနှင့် သက်ဆိုင်ရာပညာရှင်များက ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန်တိုက်တွန်းရေးသားလိုက်ပါသည်။

ကျမ်းကိုး

–           ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့ – ဧရာဝတီမြစ်ကို ပိတ်ဆို့ရေကာ  တာတည်ဆောက်ခြင်း၊ ၂ဝ၁၁

–           ရွှေနွယ် – သယံဇာတနှင့် ပြည်တွင်းစစ်၊ အတွဲ-၂၊ အမှတ်- ၈၄၊ ပြည်သူ့ခေတ်ဂျာနယ်၊ ၁/မတ်/၂ဝဝ၈

–           ဦးဝင်းမျိုးသူ – ဧရာဝတီအတွက် မေးခွန်း (၂ဝ) ၊ ၂ဝ၁၁

–           ဒေါက်တာတိုးလှ – မြန်မာ့သစ်တောနှင့် မြန်မာ့လူမှုအဖွဲ့ အစည်း၊ ၂ဝဝ၉

–           ပအို့ဝ်လူငယ်အစည်းအရုံး – အဆိပ်သင့်မိုးတိမ်၊ ၂ဝ၁၁

–           ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့၊ အမိန့်ကြော် ငြာစာအမှတ်(၂၆/၉၄)၊ ၁၉၉၄

–           Global Witness; A Conflict of Interests; October, 2003

(ကိုရင်လှသည် ၁၉၉၂ တွင် သစ်တောတက္ကသိုလ် (ရေဆင်း) မှ သစ်တောသိပ္ပံဘွဲ့ရရှိခဲ့ပြီး ၁၉၉၃ မှ ၁၉၉၅ ထိ ရခိုင်ပြည်နယ်၊ သစ်တောဦးစီးဌာနတွင် တောအုပ်ကြီးရာထူးဖြင့် တာဝန်ထမ်း ဆောင်ခဲ့သည်။ ၁၉၉၆ မှ ၂ဝဝဝ အထိ UNDP, FAO နှင့် FREDA အသင်းများတွင် သစ်တောကျွမ်းကျင်သူအဖြစ် ဆောင်ရွက်ခဲ့ပြီး  ပြည်တွင်းပြည်ပ လူမှုရေးနှင့် ဖွံ့ဖြိုးရေး အဖွဲ့ အစည်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့ အစည်းများနှင့် ပူးတွဲ ဆောင်ရွက်နေသူဖြစ်သည်။)

၂၀၁၂-အောက်တိုဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂) မှ သုံးသပ်ချက် ဆောင်းပါး ဖြစ်ပါသည်။

ကိုရင်လှ ရေးသည်။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."