ပြုပြင်ပြောင်းလဲရမည့် ကျူရှင်သံသရာ

အစိုးရများသာပြောင်းသွားသော်လည်း မြန်မာ နိုင် ငံ၏ပညာရေးနှင့်ပတ်သက်ပြီး အပြောင်းအလဲ ကြီးကြီးမားမား မတွေ့ရသေးပေ။ ပညာရေးနှင့် ပတ်သက်လျှင် ခေတ်အဆက်ဆက် အသံထွက်ခဲ့ သည့် ကျူရှင်နှင့်ပတ်သက်ပြီး ဂယက်ရိုက်ခတ်မှု က ရှိနေဆဲပင်။ ပညာရေးသမား ကျောင်းဆရာ၊ ဆရာမအချို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် သူတို့ခံစားချက်လေးများကို ဖတ်ရသောအခါတွင် စိတ်မကောင်းဖြစ်မိပါသည်။

သို့သော် ယင်းက စာရေးသူ၏ ပုဂ္ဂိုလ်ရေးရာခံစားချက်သက် သက်။ ကျူရှင်ကိစ္စသည် နိုင်ငံတော်ရှိ လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေးအတွက် အဓိကကျသည့် လူသားအရင်းအမြစ်များ ကို မွေးထုတ်ပေးနေသော ဆရာ၊ ဆရာမများနှင့်သာမက ကလေးမိဘ၊ ပညာရေးကဏ္ဍအပေါ် လတ်တလော အကောင်းဆုံး မည်ကဲ့သို့လုပ်ဆောင်ပေးသနည်းဆိုသော အစိုးရ၏ အရည် အသွေးကို ပြသရာရောက်သည်။

ကလေးများကျူရှင်ယူကြရသည်ဆိုရာတွင် ကျောင်းမှ ဆရာ၊ ဆရာမက အတင်းယူခိုင်းခြင်း၊ မိဘကိုယ်တိုင် ကျုရှင် တက်ခိုင်းခြင်း၊ အတန်းငယ်သောကျောင်းသားများတွင် ဆရာ၊ ဆရာမများ၏ မျက်နှာသာပေးမှုကို လိုချင်သောကြောင့် ကျုရှင် တက်လိုခြင်း၊ အတန်းကြီးသည့်ကျောင်းသားများက မိမိကိုယ် တိုင် အားနည်းသော ဘာသာရပ်ကို ပိုမိုနားလည်လိုသောကြောင့် တက်ခြင်း စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါသည်။တက္ကသိုလ်ကျောင်း သားများအတွက်တော့ ကျူရှင်သည် အပျင်းကြီးသောပြယုဂ် တစ်မျိုး၊ တက္ကသိုလ်ဆရာ၊ ဆရာမများအတွက်တော့ ငွေကြေး တစ်ရပ်ပင် ဖြစ်သည်။

တစ်ဖန်ထပ်၍ ကျူရှင်ပေးသောဆရာ၊ ဆရာမများ၏ အခြေအနေကို လေ့လာသောအခါ ရရှိသောလစာဝင်ငွေနှင့် မလောက်င၍ မိသားစုစားဝတ်နေရေးအတွက် လုံလောက်သော ဝင်ငွေရစေရန် ကျူရှင်ပြကြသူများရှိသလို သင့်တင့်မျှတသော ဝင်ငွေပမာဏထက် ပိုမိုပြီး လိုချင်သောကြောင့် ကျောင်းသား များ ကျူရှင်ယူကြစေရန် အားထုတ်သော ဆရာ၊ ဆရာမများ လည်း ရှိနေသည်။

မိဘများဘက်မှ ကြည့်လျှင် သားသမီးကို စာတတ်စေလို၍ ဝင်ငွေနည်းပါးသည့်ကြားက ရအောင်ထားသည့် မိဘ၊ အလုပ် မအားသောကြောင့် သားသမီးပညာရေးအတွက် ဆရာ၊ ဆရာမ လက်သို့ မဖြစ်မနေ ကျုရှင်အပ်ရသည့် မိဘ၊ အချို့က မိမိကလေး စာလိုက်နိုင်သည့်ကြားက ဘာရယ်မဟုတ် သူများကလေးများ ကျူရှင်တက်ကြသောကြောင့် မိမိကလေးကိုလည်း ကျူရှင်ပို့ သည့် မိဘ စသဖြင့် ရှိနိုင်ပါသည်။

တစ်ဖန်အပြန်အလှန်အားဖြင့် ဆရာ၊ ဆရာမများဘက်က ကျူရှင်နှင့်ပတ်သက်ပြီး အောက်ပါအချက်များကို ထည့်သွင်း စဉ်းစားရန် လိုသည်။ ကျောင်းသားတစ်ယောက်ကို ကျောင်းတွင် သင်ကြားပေးရုံဖြင့် နားလည်တတ်မြောက်စေရန် ဦးတည်ကြိုး စားသင့်သည်။ စာသင်ခန်းအတွင်း ကျောင်းသားတစ်ယောက် သင်ယူမှုကြောင့် အခြားကျောင်းသားများကို ထိခိုက်စေသော အခါ နည်းလမ်းရှာပြီးဖြေရှင်းနိုင်လျှင် ကျူရှင်သင်ရန် မလိုအပ်ပေ။

သို့သော် ဆရာ၊ ဆရာမအနေနှင့်လည်း လုပ်ငန်းခွင်တွင် အချိန်ပေးပြီး ကလေးတစ်ဦးချင်းစီကို ပြန်လှန်သင်ကြားရန် လက်တွေ့မဖြစ်နိုင်သောအခါ ကလေး၏ အတန်းအစဉ်အဆက် အားနည်းလာသောဘာသာရပ်ကို ခဏနှင့် တော်လာအောင် လုပ်ပေးရန် မဖြစ်နိုင်သောအခါ ကျောင်းချိန်ပြင်ပတွင် ကျူရှင် သင်ပေးရန်ကျောင်းသားဘက်မှ တောင်းဆိုလာပါက သင်ပေး ရန် စဉ်းစားစရာဖြစ်လာသည်။

ကျူရှင်တက်သောကလေးက ကျူရှင်မတက်သောကလေး ထက် ပညာရေးတွင်သာမက ကာယ၊ ဂီတ အစရှိသော နယ်ပယ် တွင်ပါ တိုးတက်မှုရှိနေလျှင် ကျူရှင်ထားခြင်းမှာ သင့်တော်သော လုပ်ဆောင်မှုဖြစ်သည်။ ကျူရှင်ယူပြီးနောက်ပိုင်း ကလေးက ဘာသာရပ်အပေါ် နားလည်မှုပိုလာလျှင် ကျူရှင်ထားခြင်းမှာ သင့်လျော်သည်။

အိမ်တွင် စာလုပ်ရန် အခြေအနေမပေးသော ကလေး များအတွက်ဆိုလျှင်မူ ကျူရှင်ထားခြင်းမှာ ပညာတတ်မြောက်မှု ကို ကူညီရာရောက်သည်။ ကျောင်းတွင် ကျူရှင်ယူသောကလေး နှင့် ကျူရှင်မယူသောကလေးကို ဆရာ၊ ဆရာမက ခွဲခြားဆက်ဆံ လျှင်တော့ ကျူရှင်ဆိုသည်မှာ မရှိသင့်သည့်အရာဖြစ်သည်။ ကျူ ရှင်ကို လုံးဝပပျောက်အောင် မလုပ်နိုင်ခင်စပ်ကြားတွင် လိုင်စင် ဖြင့် စနစ်တကျ ပြသခွင့်ပေးနိုင်လျှင် အကျိုးရှိနိုင်သည်။

ဆရာ၊ ဆရာမများအနေနှင့် ကျောင်းသား အမှန်တကယ် စာတတ်မြောက်ရေးကို ရှေးရှုပါက မိမိဆီမှာ သင်မှ မဟုတ်၊ အခြားမည်သူမဆို သင်ကြားပေးခြင်းကိုလည်း လက်ခံနိုင်ရမည်။ ထို့အပြင် နေ့စဉ်ထမ်းဆောင်ရသည့် များပြားလှသော တာဝန် ဝတ္တရားကြားမှ ကျုရှင်ပေါင်းများစွာကို သင်ကြားရန်အချိန်ပေးရ သော ဆရာ၊ ဆရာမများအနေနှင့် ကျောင်းတွင် သင်ကြားရေး တာဝန်ကို အရည်အသွေးပြည့်မီစေရန် ကြိုးစားသင့်သည်။

ဆရာ၊ ဆရာမများအနေနှင့် ကျူရှင်သင်ကြားခြင်းသည် ကျောင်းသူ၊ ကျောင်းသားများအတွက် အထောက်အကူဖြစ် စေရန် သင်ကြားပေးခြင်းသာဖြစ်ကြောင်း မကြာခဏ နှလုံးသွင်း ပြီး ကျောင်းနှင့်ကျူရှင်ကြား ကွာခြားမှု မရှိစေရန် တာဝန်ယူ   သင့်သည်။

မိဘများ၊ ဆရာများစဉ်းစားရန်လိုအပ်သလို ကျောင်းသား များဘက်မှလည်း ကျူရှင်မယူခင် (အတန်းငယ်သေးသော ဆုံး ဖြတ်ချက်မချနိုင်သော ကလေးများမှလွဲ၍)အောက်ပါအချက် များကို ဆင်ခြင်သင့်သည်။ မိမိအားနည်းသော ဘာသာရပ်သည် အမှန်တကယ်နားမလည်ခြင်းလား၊ မိမိ၏ကြိုးစားအားထုတ်မှု ညံ့ဖျင်းခြင်းကြောင့်လား၊ သို့မဟုတ် ၎င်းဘာသာကို အခြားသော သင်ကြားပေးနိုင်သော ဆရာမနှင့်ပြောင်းသင်လျှင်ရော ကျူရှင် မယူဘဲ လေ့လာတတ်မြောက်နိုင်မည်လား စဉ်းစားသင့်သည်။

ပိုမိုလေ့ကျင့်သင်ယူလိုသောကြောင့် ကျူရှင်ယူလိုလျှင် စေတနာဖြင့် နားလည်စေရန်သင်ကြားပေးသော ဆရာ၊ ဆရာမ မျိုးကို ရွေးချယ်သင့်သည်။ ထို့ပြင် ကျူရှင် မဖြစ်မနေယူသော် လည်း တိုးတက်မှု မရှိပါက ကျောင်းသားအနေနှင့် ကျူရှင်တစ်ခု တည်းသာ အားကိုးရာမဟုတ်ဘဲ အခြားပိုကောင်းသော နည်း လမ်းများ ရှိနေနိုင်သည်ဟု သိမြင်ပြီး ကိုယ်တိုင်ကြံဆကာ ကြိုး စားသင့်သည်။

လတ်တလော ကျူရှင်ပပျောက်အောင်ပြုလုပ်ခြင်းထက် ကျူရှင်မလိုဘဲ လေ့လာတတ်မြောက်နိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ကျောင်းသား၊ မိဘများနှင့် ဆရာများပါ လက်ခံလာအောင် အစိုးရအနေဖြင့် ဆောင်ရွက်သင့်ပါသည်။ အစိုးရက ချမှတ်ထားသော ပညာရေးဆိုင်ရာမူဝါဒများကို တစ် နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းတိုင်း၊ ပညာရေးဝန်ထမ်း တိုင်းက အကောင်ထည်ဖော်လျက် ရှိ၊ မရှိကို စစ်ဆေးသင့်သည်။

ထိုသို့အကောင်ထည်ဖော်ဆောင်နေဆဲကာလတွင် နိုင်ငံ ဆင်းရဲမှုနှင့် တစ်မျိုးသားလုံး၏ထုတ်ကုန်တန်ဖိုး နိမ့်ကျမှုအတွက် တစ်ဦးချင်းဝင်ငွေလျော့ပါးမှုပြယုဂ်အဖြစ် ကျောင်းချိန်ပြင်ပ ကျူရှင်ပြသခြင်းများမှာ ပညာရေးဝန်ထမ်းအချို့အတွက် ရှိနေဦး မည်ဖြစ်သည်။

ကလေးများအနေဖြင့် ကိုယ့်ကျောင်းစာကို ကိုယ်တိုင်စီစဉ် လုပ်ကိုင်လိုစိတ် ဖွံ့ဖြိုးလာအောင်မိဘများက လုပ်မပေးနိုင်သေး သရွေ့ ကျူရှင်လုံးဝပျောက်ကွယ်သွားရန် မဖြစ်နိုင်ပေ။ စာမေးပွဲ မေးသည့်ပုံစံမှာလည်း ကျောင်းတွင် သင်သောအချက်အလက် များကို လိုတာထက် ပိုမေးသောပုံစံ ဖြစ်နေသောကြောင့် စာကျက်ပျင်းသောကလေးများအတွက် စာကျက်ပေးသည်၊ စာ မေးပေးသည်၊ အလွတ်ရမှ အိမ်ပြန်လွှတ်ပေးသည်ဆိုသော ကျူရှင်များဆီသို့ ရောက်သွားသည်မှာ မဆန်း။

စာမေးပွဲရမှတ်ကိုဦးစားပေးသော လူ့အသိုင်းအဝိုင်း၊ ကာယဉာဏ စာရိတ္တလူမှုပေါင်းသင်းဆက်ဆံရေးနှင့် ကျောင်းမှ ပညာသင်ပြီး အပြင်လောက အတွေ့အကြုံတွင် အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးထက် ကျောင်းစာတော်ခြင်းကိုသာ ဂုဏ်ယူ သော လူ့အသိုင်းအဝိုင်းရှိနေသမျှ ကျူရှင်ပပျောက်ရေးအတွက် အခက်အခဲများ ရှိနေဦးမည် ဖြစ်သည်။

ဥပမာအားဖြင့်..

  • .ကျောင်းသားနှင့် ဆရာအချိုးမမျှသော စာသင်ခန်းတွင် သင် ကြားသင်ယူမှုဖြစ်စဉ်သည် ရည်မှန်းချက်အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် ခဲယဉ်းလိမ့်မည်။ အထူးသဖြင့် ချမှတ်ထား သော ဦးတည်ချက်ပေါက်ရောက်အောင် မသင်ကြားမီ၊ သင် ကြားနေစဉ်၊ သင်ကြားပြီး အချိန်များတွင် ကျောင်းသားအား လုံး ခြုံငုံမိစေရန် စစ်ဆေးဖို့ မဖြစ်နိုင်ပါ။ ထိုအခါ ကျောင်း သားများသည် ကိုယ်တိုင်ပါဝင်သင်ယူရန် အခွင့်အလမ်း အလှည့်ကျ ရနိုင်ခြေ နည်းပါးသွားပြီး သင်ခန်းစာကို သေ ချာနားလည်မည် မဟုတ်ပေ။ နားမလည်ခြင်းရလဒ် အနေ နှင့် ဘာသာရပ်ကိုကြောက်ပြီး ကျူရှင်ယူရန် သံသရာလည် ပေမည်။
  • အစိုးရက ဖန်တီးပေးသော ပညာရပ်ဆိုင်ရာ လေ့လာသင်ယူ ခွင့်ကို လက်တစ်ဆုပ်စာ လူနည်းစုသာရပြီး နိုင်ငံတစ်ဝန်းလုံး ရှိ အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရသော ဆရာ၊ ဆရာမများကိုယ်တိုင် ဆက်လက်လေ့လာသင်ယူရန် အခွင့်အရေး မရသောအခါ၊ အသစ်အသစ်သောဘာသာရပ်ဆိုင်ရာနည်းပညာကို ထပ်မံလေ့လာဖို့နေနေသာသာ လစဉ် အသုံးစရိတ်ကာမိစေရန် ကျူရှင်ပြရင်းဖြင့်သာ အချိန်ကုန် သွားနိုင်သည်။
  • မိဘများ၏ လောဘကြောင့် ကလေးများကို သတ်မှတ်ထား သော အသက်အရွယ်၊ အတန်းမတိုင်မီ ကျောင်းစာကြိုတင် သင်ယူနေချင်သမျှ ကာလပတ်လုံး ကျူရှင်ရှိနေမည်ဖြစ်သည်။
  • လူသားတစ်ဦးအနေနှင့် လုပ်ဆောင်နိုင်သော အခြားသော ကျွမ်းကျင်မှုနှင့် အရည်အချင်းများရှိရန် လိုအပ်ကြောင်းကို နားလည်လိုက်နာသော လူ့အဖွဲ့အစည်းတစ်ရပ် မပေါ်ပေါက် သမျှ အတွေးအခေါ်မပါသော၊ လက်တွေ့အသုံးချရန် အခွင့် အလမ်းနည်းပါးသော သင်နည်း၊ မေးခွန်းနှင့် စစ်ဆေးမှုပုံစံတို့ ရှိနေသမျှ စာမှစာစနစ်ဖြင့် ကျူရှင်အပြိုင် သင်နေကြပေဦးမည်။
  • ကျောင်းမှသင်သောစာများကို ကျောင်းခန်းထဲတွင် နား မလည်လျှင် မလည်ကြောင်း ပြောခွင့်၊ သင်ကြားသော အကြောင်းအရာအပေါ် ဖြန့်ကျက်စဉ်းစားခွင့် မပေးသမျှ စာ ကိုကြောက်ပြီး ကျူရှင်ယူရသော ကျောင်းသားများ ရှိနေဦး မည်ဖြစ်သည်။

ခေတ်အဆက်ဆက်က အသားကျခဲ့သော နိုင်ငံ့ဝန်ထမ်း အချို့ဖြစ်သော ဆရာ၊ ဆရာမများသည် ဝင်ငွေ မလုံလောက်မှု အပေါ် ကျူရှင်ပြ၍ ဖြေရှင်းကြရသောကြောင့် လက်ရှိအစိုးရ၏ကျူရှင်မသင်ရသတ်မှတ်ချက်အပေါ် မကျေနပ်မှုများရှိနေနိုင် သော်လည်း ၎င်းတို့၏ ပြန်မပြောရဲသော အကြောက်တရား လွှမ်းမိုးစိတ်က ဆက်လက် သည်းခံနေကြပုံပေါ်သည်။ သို့သော် ကျူရှင် ပြခြင်းသည် အပြီးတိုင်ပပျောက်ခြင်း မရှိသေးပေ။

အချုပ်အားဖြင့်ကြည့်လျှင် ကျူရှင်သည် သာမန်ကိစ္စရပ် မဟုတ်၊ အလွယ်ကြိုက်သော စိတ်ဓာတ်၊ စဉ်းစားလိုစိတ်နည်းပါး မှု၊ တစ်ဦးချင်းစီ၏ ထုတ်ကုန်အရည်အသွေးနိမ့်ကျမှု၊ အုပ်ချုပ်ခဲ့ သော အစိုးရတစ်ရပ်၏ ပညာရေးအပေါ် ထားခဲ့သည့် စေတနာ စသဖြင့် ထင်ဟပ်နေသော ရေရှည်စီမံဖြေရှင်းရမည့် အကြောင်း အရာဖြစ်သည်။ အစိုးရအနေနှင့် ၎င်းအခြေအနေကို ကျော်လွှား နိုင်ရန် ပိုမိုထိရောက်သောနည်းရှာသင့်သည်။ ကျူရှင်ပပျောက် ရေးသည် ရေရှည်စီမံကိန်းဆွဲ၍ ပြုပြင်သင့်သောအကြောင်းအရာ ဖြစ်သည်။       ။

၂၀၁၆-စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၈) မှ သုံးသပ်ချက် ဆောင်းပါးဖြစ်ပါသည်။

နွေအေးချမ်း ရေးသည်။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."