စက်တင်ဘာလထုတ်-၂၀၁၃၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၇)မှ သတင်းဆောင်းပါးဖြစ်ပါသည်။
သန်းထိုက် ရေးသည်။ ခင်မောင်မြင့်၊ကျော်ဇေယျ နှင့် မောင်သင်တုန်း သတင်းပေးပို့သည်။
မြောက်ဦး(စက်တင်ဘာ၊ ၂၀၁၅)
ရေပြန်ကျချိန် ရခိုင်ပြည်နယ်၊ မြောက်ဦးနဲ့ မင်း ပြားမြို့နယ်ကြားက လယ်ကွင်းတွေဟာ ကန် သင်းတောင်မမြင်ရတော့ဘဲ သဲသောင်ပြင်ကြီး တစ်ခုလို ဖြစ်သွားတယ်။ တချို့လယ်တွေဆိုရင် လည်း သစ်တုံးတွေ၊ အမှိုက်တွေနဲ့ ပြည့်လို့။သဲဖုံးသွားတဲ့ လယ်ကွက်တွေကို ပြန်ဖော်ပြီး စပါးပြန်စိုက် မယ်ဆိုရင်တောင် မျိုးစပါးရဖို့က ဒီဘက်က ရေဘေးသင့် လယ် သမားတွေအတွက် ခေါင်းခဲစရာဖြစ်နေတယ်။ ရေကြီးရေလျှံ ဖြစ် တဲ့အထဲမှာ လယ်ယာတွေ ပျက်စီးရုံတင်မကဘူး၊ လှောင်ထားတဲ့ ဝမ်းစာစပါးတွေနဲ့ မျိုးစပါးတွေလည်း ပါကုန်ကြတယ်လို့ ဒေသခံ တွေက ဆိုကြတယ်။
ရေပြန်ကျလို့ သုံးပတ်လောက်ကြာတဲ့အထိ လယ်သမား အများစု မှာ အစိုးရဆီက မျိုးစပါးအကူအညီ မရကြသေးပါဘူး။ မျိုးစပါးရတဲ့ ကျေးရွာအုပ်စုတွေမှာလည်း တစ်အုပ်စုကို တင်းနှစ် ဆယ်လောက်ပဲရတော့ ”တောင်သူတွေကို ရန်တိုက်ပေးနေတာ နဲ့တောင် တူနေတယ်လို့” မြောက်ဦးမြို့နယ်၊ မျောက်ချောင်းရွာ က လယ်သမားဦးစိန်လှထွန်းက သြဂုတ် ၂၃ ရက်မှာ မော်ကွန်းကို ပြောပြပါတယ်။
သူတို့တစ်ရွာလုံးအတွက် ရရှိတဲ့ ဝေပုံကျ မျိုးစပါးက ငါး တင်းပဲ ရတယ်လို့ သူက ပြောပြတယ်။ တချို့လည်း အစိုးရပေး တာ မစောင့်တော့ဘဲ သူတို့မှာရှိတဲ့ စားစပါးတွေ ချကြဲပစ်လိုက် ကြတယ်။ ဒါပေမဲ့ အပင်ပေါက်နည်းပြီး ပုပ်သွားတာ များတယ်လို့ လယ်သမားတွေက ဆိုပါတယ်။
မင်းပြားမြို့နယ်၊ လောင်မီးကျေးရွာက တောင်သူ ဦးကျော် သိန်းလှကလည်း ”ဒီနှစ်စပါးတွေ မဖြစ်လိုက်ရင် နောက်နှစ် အတွက်တော့ မတွေးဝံ့စရာဘဲ”လို့ စိုးရိမ်နေတယ်။
မျိုးစပါးအခက်အခဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်တင်မကဘဲ ရေဘေးသင့်တဲ့တခြားနေရာတွေမှာလည်း လယ်တွေ ရေပြန် မပေါ်သေးတာ၊ ရေပြန်ပေါ်ပေမယ့် ရွှံ့ နွံတွေဖုံးသွားတာနဲ့ မိုးကုန် တော့မှာကြောင့် လယ်ယာတွေ ပြန်ပြီး စိုက်နိုင်ဖို့က အခက်အခဲတွေ ကြုံနေရတယ်။
ဇူလိုင်လလယ်က စတင်ပြီး အဆက်မပြတ်မိုးရွာသွန်းမှုနဲ့ မုန်တိုင်းတိုက်ခတ်မှုတွေကြောင့် တနင်္သာရီတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့ကလွဲပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေဟာ ရေ ကြီးရေလျှံမှုတွေနဲ့ ကြုံခဲ့ကြပြီး လူ ၁၂ဝ လောက်သေဆုံးကာ တစ်သန်းခွဲကျော် ရေဘေးသင့်ခဲ့ရပါတယ်။ အိုးအိမ်တွေ ပျက်စီး ခဲ့ရသလို လယ်ယာချောင်းမြောင်း အမြောက်အမြားဟာလည်း ရေလွှမ်းခံလိုက်ရပါတယ်။
ရခိုင်ပြည်နယ်နဲ့အတူ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသ ကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့ဟာလည်း အရေးပေါ်အခြေအနေ ကြေညာခံရတဲ့အထိ ဆိုးရွာတဲ့ ရေကြီးရေလျှံမှုနဲ့ ကြုံခဲ့ရပါတယ်။ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေဟာလည်း ထိခိုက် ပျက်စီးသွားကြပါတယ်။
အစိုးရထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံး စပါးစိုက်ဧကရဲ့ ၁၁ ရာခိုင်နှုန်း (စိုက်ပျိုးပြီးဧက ၁၃ သန်းအနက် ၁ ဒသမ ၄ သန်း ကျော်) လောက် ရေနစ်မြုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလယ်တွေ ဟာ မြို့နယ်ပေါင်း ၁၈ဝ ကျော်ရှိ ကျေးရွာအုပ်စုပေါင်း ၃,၁ဝဝ ကျော်ထဲက တောင်သူပေါင်း နှစ်သိန်းကျော်တို့ စိုက်ထားတဲ့ လယ်တွေပါ။
ရေဘေးအလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ရာမှာ အစားအသောက်ဖူလုံရေး၊ သန့်ရှင်းတဲ့သောက်သုံးရေ ရရှိရေး၊ ပျက်စီးသွားတဲ့ လူနေအိမ်တွေ ပြန်လည်တည်ဆောက်ပေးရေးနဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးပေါ်လုပ်ဆောင် ပေးဖို့လိုအပ်သလို ပျက်စီးသွားတဲ့ အသက်မွေးဝမ်းကျောင်းလုပ် ငန်းတွေ နဂိုအနေအထား ပြန်လည်ရောက်ရှိရေးကိုလည်း အရေးပေါ်ကူညီပေးဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။
လောလောဆယ် ”ရေတိုမှာ ဦးစားပေးရမယ့်ဟာတွေက ရေတွင်းတွေ၊ သန့်ရှင်းတဲ့ ရေအရင်းအမြစ်တွေရဖို့ပါ။ ရေကန် တွေဟာ (ရေကြီးတာကြောင့်) ညစ်ပတ်ကုန်တယ်။ ရေကြောင့် ဖြစ်တတ်တဲ့ ရောဂါဘယတွေ မဖြစ်ပွားအောင် ကာကွယ်တဲ့အနေ နဲ့ ရေတွင်းတွေနဲ့ အခြားရေအရင်းအမြစ်တွေကို သန့်ရှင်းဖို့ကို မြန်နိုင်သမျှ အမြန်ဆုံး ဦးစားပေးလုပ်ရမယ်” လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက် ရေးမှူးရုံး (UN Office for the Coordination of Humanitarian Affairs – OCHA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ပီးရားပီရွန် (Pierre Peron) က မော်ကွန်းကို ပြောပြပါတယ်။
Photo: Khin Maung Myint ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ ရေလွှမ်းခံခဲ့ ရသည့် စာသင်ကျောင်းတစ်ကျောင်း
သောက်ရေအခက်အခဲ
အိမ်ခြေပေါင်း တစ်သောင်းကျော် ရေထဲ မျောပါပျက်စီး သွားလို့ ပြည်နယ်နဲ့ တိုင်းတွေထဲမှာ အိမ်အများဆုံး ပျက်စီးမှု ဖြစ် ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ စားဖို့အတွက် ဒုက္ခရောက်နေကြသလို သန့်ရှင်းတဲ့ သောက်ရေရဖို့ကလည်း ခက်ခဲနေပါသေးတယ်။ ရေမြုပ်ပြီး ရွှံ့ နွံတွေဝင်သွားတဲ့ ကန်တွေထဲက ရေတွေဟာ ကော်ဖီရောင် နောက်ကျိကျိတွေ ဖြစ်ကုန်ကြတယ်။
မြောက်ဦးတစ်မြို့လုံးမှာ ရွာတစ်ဝက်လောက်က ရေကန် တွေ မြုပ်သွားတယ်လို့ အဲဒီမြို့နယ်ရဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ လက်ထောက်òန်ကြားရေးမှူး ဦးထွန်းခင် က ပြောပါတယ်။ ကန်တွေ အကုန်လုံးမြုပ်သွားတဲ့ ရွာတွေဆိုရင် တစ်ကန်စီလောက်ကို ရေစုပ်စက်နဲ့ လိုက်ပြီး စုပ်ပေးနေပြီး အကုန် လုံးကိုတော့ သူတို့ လိုက်လုပ်မပေးနိုင်သေးဘူးလို့ သြဂုတ် ၂၈ ရက်က ဦးထွန်းခင်က မော်ကွန်းကို ဖုန်းမှတစ်ဆင့် ပြောပြပါ တယ်။ တချို့ ကန်တွေကို ကလိုရင်း လိုက်ခတ်ပေးနေတာလည်း ရှိတယ်လို့ သူက ဆိုတယ်။
သောက်ရေအခက်အခဲဖြစ်တဲ့ ရွာတွေထဲမှာ မြောက်ဦးမြို့ နယ်က ကလေးသုံးယောက်မိခင် မသင်းမေတို့ မျောက်ချောင်း ရွာလည်း ပါပါတယ်။ ရေကျပြီး တစ်လလောက်အကြာမှာတော့ ရွာထဲက ကန်ရေတွေကို ကိုယ်ထူကိုယ်ထ စုပ်ထုတ်လိုက်ကြပေ မယ့် ကန်ထဲမှာ နွံတွေက ခါးလောက် ကျန်နေသေးတယ်လို့ ဆိုပါ တယ်။ အခုအခြေအနေကတော့ မိုးရွာရင် မိုးရေခံသောက်ကြ၊ မိုးမရွာရင်တော့ လောင်းလှေနဲ့ တစ်နာရီလောက် သွားရတဲ့ ရွာ တွေက ရေကို ချိုး၊ အဲဒီက ရေကို သယ်လာပြီး သောက်ကြနဲ့ပေါ့။
တစ်ခါတလေတော့လည်း ချောင်းထဲက ရေပဲ ချိုးကြရ တယ်လို့ အသက် ၃၂ နှစ်အရွယ် မသင်းမေက ပြောပြပါတယ်။ အခုတော့ ဒီရေတွေ သောက်နေ၊ ချိုးနေရလို့ ကလေးတွေ တစ် ကိုယ်လုံးမှာ အနာလုံးတွေ ပေါက်နေပြီလို့ဆိုတယ်။ မသင်းမေက ဘလိတ်ဓားနဲ့ အဲဒီအနာလုံးတွေကို ခွဲပြီး ကယ်ဆယ်ရေးက ပေး ထားတဲ့ ရေသန့်ဆေးပြားတွေ ထည့်တာပဲ။
”ရေသန့်ဆေးက ရေထဲမှာ ရှိတဲ့ ပိုးတွေကို သတ်တဲ့ ဆေး ဆိုတော့ အဲဒီဆေးကို ကလေးတွေ အနာမှာ ထည့်လိုက်တယ်။ ကောင်းတဲ့ အနာက ကောင်းတယ်။ မကောင်းတဲ့ အနာကတော့ ပိုများတာပေါ့”လို့ မသင်းမေက ဆိုတယ်။
ရေကတစ်ဆင့် ကြီးမားတဲ့ နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေကို မကြားရသေးပေမယ့် သန်ရှင်းတဲ့ သောက်သုံး ရေ ရရှိရေးက ရေဘေးသင့်ဒေသအတော်များများမှာ ဖြစ်ပျက် နေတဲ့ ပြဿ နာတစ်ရပ်ပါ။ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်း မြို့နယ်အတွင်းက ရေလွှမ်းခံရတဲ့ ရွာတွေမှာလည်း သန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့က အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
ညောင်တုန်းမြို့နယ်၊ ရွှေဟင်္သာအထက်စုရွာက ဒေါ်သန်း သန်းညိုတို့ မိသားစုနဲ့ အခြားအိမ်ထောင်စု ၆ဝ ကျော်တို့ဟာ အရင်က ရွာက တုံကင်ရေကိုပဲ သောက်ရေ၊ သုံးရေ နှစ်ခုစလုံး အတွက် သုံးခဲ့ကြတာပါ။ သူတို့ရွာ ရေလွှမ်းခံရပြီးနောက်ပိုင်း တုံကင်က ရေတွေ ငန်လာလို့ ရက်အနည်းငယ်ကြာတဲ့အထိ ကျို ချက်ပြီး သောက်ရတယ်လို့ ဆိုပါတယ်။
အခုတော့ ရေတွေ မငန်တော့ပါဘူး။ ဒါပေမဲ့ တုံကင်ရေကို မသောက်ကြတော့ဘဲ သုံးရေအတွက်သာ အသုံးချတော့တယ် လို့ ဒေါ်သန်းသန်းညိုက ဆိုပါတယ်။
”သောက်တာကတော့ ရေသန့်တွေ ပေးထားတာ သောက် ကြတယ်”လို့ သြဂုတ် ၃ဝ ရက်မှာ မော်ကွန်းက ဆက်သွယ်ရာမှာ ပြောဆိုခဲ့ပါတယ်။
လူနေအိမ်အခက်အခဲ
ရေဘေးမှာပျက်စီးသွားတဲ့ လူနေအိမ်တွေ ပြန်လည်တည် ဆောက်ပေးဖို့ကိစ္စကလည်း ရေဘေးအလွန်ကာလမှာ အရေးတကြီး လုပ်ဆောင်ပေးရမယ့် အချက်တစ်ခု ဖြစ်နေပါတယ်။
ရေဘေးကြောင့် လူ ၂၄ ဦး သေဆုံးပြီး လေးသိန်းနီးပါး ရေ ဘေးသင့်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာဆိုရင်လည်း လူနေ အိမ်အမြောက်အမြား ပျက်စီးသွားခဲ့ရပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီးထဲမှာ ထိခိုက်ပျက်စီးမှုများတဲ့ မြို့ကတော့ ကလေးမြို့ ဖြစ်ပါတယ်။ လူဦးရေနှစ်သိန်းကျော်ရှိတဲ့ အထဲမှာ ထက်ဝက်နီးပါး ရေဘေးသင့်ခဲ့ပြီး လူခုနစ်ဦး သေဆုံးခဲ့ပါတယ်။
ချင်းတွင်းမြစ်ရဲ့မြစ်လက်တက်တစ်ခုဖြစ်ပြီး တောင်ကနေ မြောက်ကိုပြန်စီးလို့ မြန်မာနိုင်ငံမှာ ပြောင်းပြန်စီးတဲ့မြစ်လို့ သိ ကြတဲ့ မြစ်သာမြစ် ရေလျှံတာကြောင့် ကလေးမြို့ ရေဘေးသင့်ခဲ့ရ တာပါ။ ကလေးမြို့ကနေမြစ်သာမြစ်တစ်ဖက်ကမ်းကို ကူးလိုက် ရင် ဥယျာဉ်ဆိုတဲ့ ရွာ ရှိတယ်။
အဲဒီရွာမှာတော့ ရေက ပေ ၂ဝ လောက်အထိ တက်သွား တာပါ။ ”ညဘက်ရေတက်လာလို့ ပြေးရတာ ခါးတောင် ကျိုး မလားပဲ။ နောက်က ရေကလည်း တရကြမ်းလိုက်တာ”လို့ အဲဒီ ရွာက ဒေါ်ပုက ပြန်ပြောပြတယ်။
ရွာမှာ ကြေးရတတ်တစ်ယောက်ဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ်ဝန်းကျင် ဒေါ်ပုဆိုရင် လယ်တွေ၊ ပဲခင်းတွေ ရေနစ်သွား တာ သိန်းတစ်ရာဖိုးလောက်တောင် ရှိတယ်လို့ပြောပါတယ်။ အရင်နှစ်တွေကတော့ မြစ်သာမြစ်ရေ လယ်တွေထဲ ဝင်တာ ကြုံ ဖူးပေမယ့် အခုလို ‘ဘဝကိုပါ နှစ်မြုပ်ပစ်တဲ့ ရေ’ မျိုးကိုတော့ ဒီ တစ်ခါပဲ ကြုံဖူးသေးတယ်လို့ ပြောပြတယ်။
ကလေး-ကလေးဝ ကားလမ်းအနီးက ကျောက္ကာကျေးရွာ ဆိုရင် ရေဘေးဒဏ်ကို ကျောကော့အောင် ခံလိုက်ရပါတယ်။ ရေနဲ့ ပါလာတဲ့ ယောက်ျားတစ်ဖက်စာလောက် သစ်လုံးတွေက အိမ်ခြေ ၁၆၇ လုံးရှိတဲ့ သူတို့ရွာကို တိုက်ချသွားလိုက်တာ သုံးပုံ နှစ်ပုံလောက် အိမ်တွေက ရှာလို့ကို မရတော့ဘူးလို့ဆိုတယ်။ ကျန်တဲ့ အိမ်တွေကလည်း လဲတဲ့ အိမ် လဲ၊ ပွင့်တဲ့ အိမ် ပွင့်နဲ့။
ရေကျလို့ တင်ကျန်ခဲ့တဲ့ သစ်တုံးတွေကိုတော့ ရွာထဲမှာပဲ မော်တာတပ် လက်ဆွဲလွှတွေ သုံးပြီး ခွဲစိတ်နေကြတယ်။ ဒါတွေနဲ့ အိမ်တွေ ပြန်ဆောက်ကြမယ်ပေါ့။ သြဂုတ် ၂၄ ရက်က အဲဒီရွာက မူလတန်းကျောင်းအုပ် ဦးတင်ဇော်ဦးကို ဖုန်းဆက်မေးကြည့် တော့ အိုးအိမ်မဲ့တွေဟာ ကားလမ်းဘေးမှာပဲ တဲထိုးပြီးတော့ ဆက်နေနေကြဆဲလို့ဆိုတယ်။ တချို့မိသားစုတွေကတော့ ကြက် ခြေနီအဖွဲ့က ထောက်ပံ့တဲ့ ယာယီတဲတွေရထားတယ်လို့ ပြောတယ်။
”အိမ်တွေကတော့ အခုအထိ လာမဆောက်ပေးသေးပါ ဘူး။ (အစိုးရက)လုပ်ပေးမယ်လို့တော့ ပြောသွားတယ်”လို့ သူ က ပြောပြတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ရေဘေးသင့်ပြည်သူများ ပြန် လည်ထူထောင်ရေးကော်မတီအဖွဲ့ဝင်လည်း ဖြစ်၊ ကလေးမဲဆန္ဒ နယ်ရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးခင်မောင်သန်းကို ပြန်လည်နေရာချထားရေးနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာတော့ ကလေးမြို့နယ်ထဲက အိမ်မျောသွား တဲ့ ရွာတွေနဲ့ ရွှံ့ဖုံးသွားတဲ့ ကျေးရွာ ၁၃ ရွာကို နေရာပြောင်း ရွှေ့တာ၊ ပြန်လည်အစားထိုးပေးတာတွေကို လုပ်ပေးဖို့ စီစဉ်နေ တယ်လို့ ဆိုပါတယ်။
ပျက်စီးသွားတဲ့ အိမ်ခြေ ကိုးရာကျော်ကို ပုဂ္ဂလိကဘဏ် တွေ၊ ကုလသမဂ္ဂအကူအညီတွေအပြင် လိုတဲ့ဟာကို နိုင်ငံတော် ငွေနဲ့ ပြန်ဆောက်ပေးဖို့လုပ်နေတယ်လို့ ဦးခင်မောင်သန်းက ပြောပြတယ်။
Photo: Thet Oo Mon ညောင်တုန်းမြို့နယ်အတွင်းမှ ရေနစ်မြုပ်နေသော ရွှေဟင်္သာ အထက်စုကျေးရွာ
ပြန်ထူရမယ့် အသက်မွေးဝမ်းကျောင်း
နောက်ပြဿ နာတစ်ခုက အသက်မွေးဝမ်းကျောင်းလုပ် ငန်းတွေ နဂိုအနေအထားပြန်ရောက်အောင် လုပ်ဆောင်ပေးရ မယ့် ကိစ္စဖြစ်တယ်လို့ OCHA ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
”ကျေးလက်တွေမှာ အလုပ်အကိုင်တွေ ပြန်ဖန်တီးပေးဖို့၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်ထူထောင်ပေးဖို့ ဆို တာဟာ ကျွန်တော်တို့ ဦးစားပေးလုပ်ဆောင်ရမယ့်ဟာတွေပါ” လို့ သူက ဆိုတယ်။
လယ်ယာကဏ္ဍ ပြန်လည် ထူထူထောင်ထောင်ဖြစ်ဖို့ဆိုရင် မျိုးစပါးလို သွင်းအားစုတွေ အချိန်မီပေးဖို့ လိုအပ်မယ့်အပြင် စိုက်ပျိုးရေးကိရိယာတွေပါ ထောက်ပံ့ပေးဖို့ လိုအပ်မှာ ဖြစ်ပါ တယ်လို့ မကွေးတိုင်းဒေသကြီး၊ တောင်သူလယ်သမားသမဂ္ဂ အကြံပေး ဦးညွန့်ဝင်းက ဆိုပါတယ်။ လယ်ယာတွေ ပြန်လည် ထွန်ရက်ဖို့အတွက်ကတော့ ရွာတွေမှာ လုပ်အားပြဿ နာတွေ ရှိနေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။
မကွေးတိုင်းဒေသကြီးမှာဆိုရင်တော့ အစိုးရ ထွန်ပေးတာ က ရေဘေးသင့်ရွာတွေ အားလုံးရဲ့ နှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိသေးတယ်လို့ သူက ဆိုပါတယ်။ မကွေးတိုင်းဒေသကြီးထဲမှာ တော့ မုန်းချောင်း စံချိန်တင်ရေကြီးမှုကြောင့် ပွင့်ဖြူနဲ့ စေတုတ္တ ရာ မြို့နယ်တွေဟာ ရေဘေးဒဏ်ကို အလူးအလဲခံခဲ့ရပါတယ်။ ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေ အဆိုအရ ပွင့်ဖြူ မြို့နယ်ထဲက လယ်ဧက ၄,ဝဝဝ နီးပါး ပျက်စီးသွားတယ်လို့ ဆို ပါတယ်။
ရေလွှမ်းမိုးမှုဖြစ်ခဲ့တဲ့ ဇူလိုင်လဆိုတာက တောင်သူဦးကြီး တွေအနေနဲ့ နွေမှာ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေ သိမ်း ဆည်းပြီး မိုးစပါးအတွက် စိုက်ဖို့ ပျိုးထောင်ထားကြတဲ့ ကာလ ဖြစ်ပါတယ်။ တချို့ကလည်း မိုးစပါးတွေတောင် စစိုက်ထားကြပါ ပြီ။ ဒီအချိန်မှာပဲ ပြည်နယ်နဲ့ တိုင်းဒေသကြီး တော်တော်များများ ထဲက လယ်ယာမြေတွေဟာ ရေလွှမ်းခံလိုက်ရတာ ဖြစ်ပါတယ်။
လယ်သမားတွေဟာ အစိုးရဆီကပဲ ဖြစ်ဖြစ်၊ ပုဂ္ဂလိကလုပ် ငန်းရှင်တွေဆီကပဲ ဖြစ်ဖြစ် ငွေချေးကြလေ့ရှိပါတယ်။ ချေးထား တဲ့ ငွေတွေကိုတော့ စပါးပေါ်တော့မှ ပြန်ဆပ်ကြတာပါ။ ခုချိန်မှာ လယ်ယာပျက်စီးထားတဲ့ တောင်သူတွေအတွက်က ငွေမပေါ်တဲ့ အပြင် အရင်းပါဆုံးသွားပါပြီ။ ချေးထားတဲ့ ငွေတွေရဲ့ အရင်း ပြန် မဆပ်နိုင်တဲ့အပြင် အတိုးတွေကလည်း တရိပ်ရိပ်တက်လာဦးမယ့် အခက်အခဲကို လယ်သမားတွေ တွေ့လာလိမ့်မယ်လို့ Action Aid Myanmar အဖွဲ့ရဲ့ အစီအစဉ်မှူး သော်ဟစ်အိုင်ဘင်ဖာရစ်က ထောက်ပြပါတယ်။
သူတို့အဖွဲ့က သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ပညာ ပေးလုပ်ငန်းတွေနဲ့ အခုရေဘေးမှာ မကွေး၊ ဆားလင်းကြီး၊ ပုသိမ် စတဲ့နေရာတွေမှာ ပြန်လည်ထူထောင်ရေးအတွက် ကူညီမှုတွေ လုပ်နေကြတာပါ။ ဒီပြဿ နာကိုရှင်းဖို့ အစိုးရအနေနဲ့ တောင်သူ တွေကို ချေးထားတဲ့ ငွေတွေရော၊NGO တွေနဲ့ အသေးစားငွေ ချေးတဲ့ ကုမ္ပဏီတွေကို ချေးထားတဲ့ ငွေတွေပါ ပြန်မတောင်းဘဲ ဆိုင်းထားဖို့ လိုမယ်လို့ ပြောပါတယ်။
”ချေးထားတဲ့ ငွေတွေသာ ပြန်ဆပ်နေရရင် ကူညီတဲ့လူ တွေ လှူဒါန်းနေတာတွေကလည်း အလကားဖြစ်ပြီး ပြန်လည်ထူ ထောင်ရေးက နာလန်ထူလာမှာမဟုတ်ဘူး” လို့ သော်ဟစ်အိုင် ဘင်ဖာရစ်က ဆိုပါတယ်။
ပစ္စည်းနဲ့ ကျွဲ နွားတွေရှိသေးတဲ့လူကတော့ ရှိတာကို ထုတ် ရောင်းချပြီး အကြွေးဆပ်လိုက်ရင်လည်း ပစ္စည်းရှိတဲ့ဘဝကနေ ဆင်းရဲသား လူတန်းစားဖြစ်သွားလိမ့်မယ်လို့ သူက ထပ်မံ သတိ ပေး ပြောဆိုပါတယ်။ ဒီလိုသာဖြစ်သွားရင်တော့ ကလေးတွေ ကျောင်းပြန်ထားဖို့ကလည်း သေချာတော့မှာ မဟုတ်ဘူးလို့ Action Aid Myanmar အရာရှိက ဆိုပါတယ်။
နောက်တစ်ခုက ရောင်းချဖို့ ပစ္စည်းပါမကျန်တဲ့လူတွေပါ။ ဒီလူတွေကတော့ ရေကြည်ရာ မြက်နုရာ ထွက်သွားကြဖွယ်ရှိ တယ်လို့ အထက်ပါအရာရှိက ဆိုပါတယ်။ ဒီလိုထွက်လာတဲ့အထဲ မှာ အမျိုးသမီးတွေ ပါဝင်နိုင်ပြီး သူတို့အတွက် လုံခြုံရေးကလည်း စိုးရိမ်စရာပါလို့ဆိုပါတယ်။ ”နောက်တစ်ခုဖြစ်လာနိုင်တာက လူကုန်ကူးမှုပါ” လို့ သူက ဆိုပါတယ်။
လူကုန်ကူးသူတွေဟာ အခုလိုဒုက္ခရောက်နေတဲ့အမျိုး သမီးတွေကို ပြည်တွင်း (သို့မဟုတ်) နိုင်ငံခြားမှာ အလုပ်အကိုင် ရမယ်ဆိုတဲ့မက်လုံးတွေပေးပြီး လူကုန်ကူးမှုပြုလုပ်လေ့ရှိတယ် လို့ Action Aid Myanmar အရာရှိက သတိပေးပါတယ်။ ဘရာ ဇီး၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ အိန္ဒိယတို့လို နိုင်ငံတွေမှာလည်း အလားတူ ပြဿ နာတွေ ဖြစ်ခဲ့တာကို မြင်တွေ့ ခဲ့ဖူးတယ်လို့ သူက ဆိုပါတယ်။
”အသက်မွေးဝမ်းကျောင်းတွေ အဆင်မပြေတဲ့အတွက် ယောကျ်ားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ်၊ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်မှုတွေ ပိုများလာမှာဖြစ်တဲ့အတွက် လယ်ယာ စိုက်ပျိုးရေးကဏ္ဍကိုပါ ထိခိုက်ပြီး ကုန်ထုတ်လုပ်မှု ထိုးကျပါ လိမ့် မယ်”လို့ သူက ထပ်မံသတိပေးပါတယ်။
အဲဒီအတွက် ကနဦးထူထောင်ရေး ချက်ချင်းလုပ်ဆောင်ဖို့လိုတယ်လို့ သူက ထောက်ပြတယ်။ တစ်လ၊ နှစ်လလောက်ကြာ မှ လုပ်မယ်ဆိုရင် စားဝတ်နေရေးအဆင်မပြေလို့ ပြောင်းရွှေ့တာ တွေ၊ လယ်ယာတွေ၊ တိရစ္ဆာန်တွေ ရောင်းတာတွေ ဖြစ်လာလိမ့် မယ်လို့ သတိပေး ပြောဆိုပါတယ်။လယ်ယာစိုက်ပျိုးရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးနိုင်ကြည်ဝင်းကတော့ သူတို့ဌာနမှာ အရန်မျိုးစပါး တင်း တစ်သန်းကျော်နဲ့ အထူးအထွက်တိုး စပ်မျိုးစပါး ကီလိုတစ် သိန်းတစ်သောင်းကျော် အသင့်ရှိတယ်လို့ ပြောတယ်။
အခုပျက်စီးသွားတဲ့ လယ်တွေအတွက် မျိုးစပါးတင်းပေါင်း နှစ်သိန်းရှစ်သောင်းကျော်နဲ့ စပ်မျိုး စပါးမျိုးစေ့ ကီလို ငါးသောင်း ကျော်ကို ဖြန့်ဖြူးပြီးဖြစ်တယ်လို့ သြဂုတ် နောက်ဆုံးပတ်ထဲမှာ စက်မှုလယ်ယာဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမြင့် ဇော်က ပြောပြပါတယ်။
ပြန်စိုက်လို့ ရနိုင်တဲ့ လယ်တွေအတွက် တစ်ဧကကို မျိုး စပါးတစ်တင်းနှုန်း၊ ဒါမှမဟုတ် စပ်မျိုးစပါး ခုနစ်ကီလို (ငါးပြည် ခန့်) နှုန်းပေးထားတယ်လို့ သူက ဆိုတယ်။
မျိုးစပါးမှာဆိုလည်း ဒေသရင်းမျိုးစေ့ဖြစ်ဖို့ လိုသေးတယ် လို့ သော်ဟစ်အိုင်ဘင်ဖာရစ်က ထောက်ပြတယ်။ အစိုးရက ထောက်ပံ့ပေးတဲ့ မျိုးစပါးတွေက ဒေသမျိုးရင်းမဟုတ်ရင် မူလ စိုက်ပျိုးနေတဲ့ ဒေသတွင်း မျိုးရင်းကောင်းတွေ ပြန်ရတော့မှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။
လယ်တွေပြန်စိုက်တဲ့အခါ မှန်ကန်တဲ့မျိုးစပါးကို ရွေးချယ် မှုဟာ ဘာလို့အရေးကြီးတယ်ဆိုတာကိုတော့ စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(Food Security Working Group) ရဲ့ Coordinator ဒေါက်တာဥမ္မာခိုင်က ခုလိုရှင်းပြတယ်။
”ဒီ မျိုးတစ်ခုက ဒီနေရာမှာ စိုက်လို့ရပေမယ့် ဟိုနေရာမှာ စိုက်လို့ ရချင်မှ ရမှာပါ။ မျိုးစေ့မမှန်ဘူးဆိုရင် အပင်ကတော့ ပေါက်မှာပဲ။ စပါးမထွက်ရင် ဘာလုပ်မှာလဲ”လို့ မျိုးစေ့ပြဿနာ ကို သူက သတိပေး ပြောပါတယ်။
ယခင်သက်ကြီးစပါး (ရက် ၁၂ဝ အထက်မှာမှ ရင့်မှည့်တဲ့ စပါး ) စိုက်တဲ့နေရာတွေမှာ သက်ငယ်(ရက် ၁ဝဝ အောက်မှာ ရင့်မှည့်တဲ့စပါး) စိုက်မယ်ဆိုရင် သူတို့ရေမြေ သင့်တော်မှု ရှိ၊ မရှိ ဆိုတာ အဆင့်ဆင့် စမ်းသပ်ပေးဖို့ လိုပါတယ်လို့ ထောက်ပြတယ်။
”ဘယ်နေရာမှာ ဘယ်လိုမျိုး စပါးသုံးမလဲ၊ ဘယ်မြေကို ဘယ်လိုပြင်မလဲ။ အခုလုပ်တဲ့နေရာမှာ မတွေ့ဘူး။ စိုက်ပျိုးရေး ဝန်ကြီးဌာနက အမှန်က ပညာရှင်တွေ အားလုံးကို သူတို့စုပြီး တော့ လွှတ်ပေးရမှာ ကွင်းဆင်းရမှာ”လို့ သူက ထောက်ပြတယ်။
လယ်ယာစိုက်ပျိုးရေးဦးစီးဌာနက ဒုညွှန်ချုပ် ဦးနိုင်ကြည် ဝင်းကတော့ သူတို့ဌာနမှာ မျိုးစေ့ပညာရှင်တွေနဲ့ မြေအသုံးချ ရေးပညာရှင်တွေ၊ ပိုးမွှားပညာရှင်တွေကို စုပေါင်းပြီး အဖွဲ့ ဖွဲ့ ထား ကာ မကွေးနဲ့ စစ်ကိုင်းတို့ကို လွှတ်ထားတယ်လို့ ပြောပါတယ်။ နောက်ပိုင်း ချင်းနဲ့ ရခိုင်ကို ဆက်လွှတ်သွားမယ့် အစီအစဉ်လည်း ရှိသေးတယ်လို့ ဆိုပါတယ်။
”စိုက်နေတဲ့ အနေအထားတွေ၊ ထိခိုက်မှုအနေအထားတွေ စိုက်နေတာတွေ ပိုကောင်းလာအောင် နည်းပညာတွေနဲ့ ဆောင် ရွက်နေပါတယ်။ နောက်ဖြစ်လာမယ့် ပိုးမွှားတွေ၊ ကြွက်တွေ ဘယ်လို ကာကွယ်ရမယ်ဆိုတာ ဆက်လုပ်နေတယ်”လို့လည်း သူက ဆိုပါတယ်။
မျိုးစေ့ရသည့်တိုင် တချို့ဒေသတွေမှာတော့ ပြန်စိုက်ဖို့ကမဖြစ်နိုင်သေးပါဘူး။ ရေမြုပ်ပြီး တစ်လလောက်ကြာတဲ့အထိ ရေပြန်မပေါ်သေးတဲ့ လယ်တွေရှိသလို ရေနဲ့အတူ ပါလာတဲ့ ရွှံ့ နွံ တွေ၊ ကျောက်ခဲတွေ၊ သစ်တုံးတွေကြောင့်လည်း စိုက်ပျိုးလို့ မရ နိုင်သေးတဲ့ လယ်တွေ အများကြီးရှိနေသေးလို့ ဒါတွေကို အရင် ဆုံး ဖယ်ဖို့ လိုတယ်လို့ ဒေါက်တာဥမ္မာခိုင်က ထောက်ပြပါတယ်။
”ဒီစပါးက နွံထဲမှာစိုက်လို့မှမရတာ။ ပြီးတော့ ဒီမြေကို ပြန် ပြီးတော့ ထွန်ရက်ရမယ်”လို့ ဒေါက်တာဥမ္မာခိုင်က ပြောပါတယ်။
တချို့နေရာတွေမှာ ချက်ချင်းမျိုးစပါးကြဲပြီး စိုက်နေကြ ပေမယ့် အပင်ရှင်သန်မှုကိုတော့ အာမခံလို့မရနိုင်ဘူးလို့ ဒေါက် တာဥမ္မာခိုင်က ထောက်ပြပါတယ်။ ရွှံ့နစ်သွားတဲ့လယ်ထဲက မြောင်းတွေကိုတော့ ကိုယ့်မြောင်းကိုယ် ပြန်ဖော်ဖို့ လိုပြီးတော့ မဖော်နိုင်ရင်တော့ ဆည်မြောင်းဦးစီးဌာနနဲ့ ညှိပြီး လုပ်ပေးသွား မယ်လို့ ဦးနိုင်ကြည်ဝင်းကတော့ ပြောပါတယ်။
စက်မှုလယ်ယာမှာက ထွန်စက်ပဲရှိလို့ နုန်းတွေ ဖယ်လို့ရ ပေမယ့် မြောင်းဖော်တဲ့ကိစ္စမျိုးကတော့ သူတို့အတွက် အခက် အခဲရှိတယ်လို့ စက်မှုလယ်ယာဦးစီးဌာနက ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးမြင့်ဇော်က ပြောပါတယ်။
လယ်တွေ ပြန်ထွန်ဖို့ကတော့ တောင်သူတွေ ပိုင်တဲ့ ထွန် စက် အစီး ၄,ဝဝဝ နဲ့ ဝန်ကြီးဌာနပိုင်စက် ၅ဝဝ ကျော်ကို ဌာနက ဦးစီးပြီး မြို့နယ် ၆၃ ခုမှာ ထွန်ရက်မှုတွေ ပြုလုပ်ပေးနေတယ်လို့ သူက သြဂုတ် ၂၄ ရက်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ မုတ်သုံက စက်တင်ဘာကုန်ဆိုရင် ထွက်ပြီ ဖြစ်လို့ အခုစိုက်ရင်တောင် စပါးစိုက်ဖို့ လိုအပ်တဲ့ အောင်ရေ ရဖို့ ကတော့ မသေချာတော့ပါဘူး။ ဆည်ရေသောက်တွေကတော့ အောင်ရေ အခက်အခဲမရှိနိုင်ပေမယ့် မိုးကို မျှော်ရတဲ့ နေရာတွေ မှာတော့ အောင်ရေရဖို့အခက်အခဲဖြစ်ကြမှာပါ။
သြဂုတ်လထဲမှာ စိုက်ထားတဲ့ စပါးက စက်တင်ဘာလထဲ မှာ မိုးနဲ့ တွေ့ပြီး အောင်ရေရနိုင်မှာပါ။ ဝါခေါင်မိုးစိပ်မှာမှ ထွန်တုံး မပိတ်နိုင်ရင်တော့ အောင်ရေ မသေချာတော့ပါဘူး။ ဒါကြောင့် အခုလည်း ဈေးကောင်းနေပြီးတော့ နောက်ရာသီမှာလည်း ဈေး ကောင်းလာမှာဖြစ်လို့ ဆောင်းသီးနှံအတွက် ကြိုတင်ပြင်ဆင်နေ တယ်လို့ လယ်ယာစိုက်ပျိုးရေးဦးစီးဌာနက ဒုညွှန်ချုပ် ဦးနိုင် ကြည်ဝင်းက ပြောပါတယ်။ အပိုင်း(၂)သို့

