The Bagan Step : ခြံဝန်းအတွင်း မှရှေးဟောင်းအဆောက် အအုံ များ
Photo : Than Htike
၂၀၁၅ ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်းအမှတ်(၂၂)၊မှမျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။
ယခုဖြစ်ပျက်နေသည့်နေရာများသည် ပုဂံမြို့ဟောင်းနှင့် ပုဂံမြို့သစ်တို့တွင်ဖြစ်သည်။ ပုဂံမြို့ဟောင်းမှ လမ်းဟောင်း အတိုင်း ညောင်ဦးဘက်သို့သွားလျှင် ညောင်ဦးမြို့အနီးတွင် ဝက် ကြီးအင်းရွာရှိသည်။ ယင်းရွာတွင်လည်း ပြဿနာအများအပြား ဖြစ်နေသည်။
ယင်းဝက်ကြီးအင်းရွာသည်လည်း ရှေးဟောင်းစေတီပုထိုး များ ပေါများလှပြီး MZ ဇုန်ထဲတွင်ပါဝင်သည်။ ဝက်ကြီးအင်းရွာရှိ ဘိုးဘွားရိပ်သာနှင့် တစ်ဖက်တစ်ချက်တွင် ပါဒစေတီခြေတော်ရာ တစ်စုံနှင့် ဆင်းတုတော်တစ်ဆူရှိနေသည်။ ယင်းတို့သည် အင်း၀ ခေတ်က မိုညင်းမင်းကြီး၏ကောင်းမှုဖြစ်သည်။
ပုဂံရောက်စဉ်ကာလတွင် ယင်းခြေတော်ရာဘုရားနှင့် စေတီဆီသို့ ကျွန်တော်သွားရောက်ရန်ကြိုးပမ်းခဲ့သည်။ ယင်းစေ တီနှင့် ညာဘက်ကပ်လျက်တွင် ကားရေဆေးဆီထိုးဝင်းဖွင့်လှစ်ထားသည်ကို တွေ့ရသည်။ ယင်းဝင်းအတွင်းဝင်ရောက်၍ ကြည့်ပါက စေတီကို လှမ်းမြင်ရသော်လည်း ခတ်ထားသည့် တံတိုင်း တွင်တော့ ဝင်ပေါက်မရှိ။
တံတိုင်းတစ်လျှောက် လှည့်ပတ်ကြည့်ရာတွင်တော့ ဘုရားနှင့် မနီးမဝေးတွင် ဂိုထောင်တစ်လုံးနှင့် အိမ်သာအခန်းများကို အုတ်တံတိုင်းခြားလျက် တွေ့ရသည်။ စေတီ၏ အရှေ့တွင်တော့ အနန္ဒပုဂံ ဟုရေးထိုးထားသော ဟိုတယ်တစ်လုံးက ကာဆီးထားသည်။ ယင်းဟိုတယ်သို့သွားရောက်ကာ ဘုရားအတွင်းသို့ဝင်ရောက်ခွင့်တောင်းသော်လည်း ဟိုတယ်ဂိတ်စောင့်များက အဆို ပါဘုရားသို့ သွားရောက်၍ မရကြောင်းပြောသည်။
ယင်းဘုရားအရှေ့တွင် တည်ဆောက်ထားသည်မှာ အနန္ဒ ဟိုတယ်နှင့် Eden BBB စားသောက်ဆိုင်တို့ဖြစ်သည်။ယင်းတို့ကိုပတ်ကျော်၍နောက်ဖေးလမ်းကြားမှဝင်ရောက်ရန်သွား သော်လည်း ခွေးကြီးတစ်ကောင်ကိုသာ တွေ့ရသဖြင့် ပြန်လှည့် လာခဲ့ရသည်။ အနီးအနားရှိဒေသခံများကို မေးမြန်းရာ ယင်း အနောက်ဘက်မှသွားပါက ဘုရားသို့ ရောက်နိုင်သည်ဟုဆိုသည်။ သို့သော် ခြံထဲတွင် အယ်လ်ဇေးရှင်းခွေးများ အမြောက်အမြား မွေးမြူထား၍ မည်သူမျှမသွားတော့ဟု ဆိုသည်။
အဆောက်အအုံဆောက်ပါက ယင်းခြေတော်ရာဘုရားကို ပိတ်သွားမည်ဖြစ်သောကြောင့် အဆိုပါနေရာတွင် အဆောက် အအုံဆောက်လုပ်ခွင့်ကို ရှေးဟောင်းသုတေသနဦးစီးဌာန၊ ပုဂံ ဌာနခွဲတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးဘိုကေလက်ထက်တွင်လည်း ခွင့်မပြုခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဦးဘိုကေနောက်ပိုင်းတွင် ညွှန်ကြားရေးမှူးတာဝန်ထမ်း ဆောင်ခဲ့သည့် ဦးအောင်ကြိုင်ကလည်း ညောင်ဦးမှ လုပ်ငန်းရှင် တစ်ယောက် ဤနေရာတွင် အဆောက်အအုံဆောက်မည်ဆို သောကြောင့် စာထုတ်၍ တားမြစ်ခဲ့ကြောင်းပြောသည်။
ယင်းသို့အဆောက်အအုံများတည်ဆောက်လိုက်ခြင်း ကြောင့် စေတီနှစ်ဆူ၊ ရုပ်ပွားတော်တစ်ဆူ၊ ကျောင်းပျက်တစ်ကျောင်းနှင့် ခြေတော်ရာတစ်စုံတို့ အတွင်းတွင် ပိတ်မိသွားတော့သည်။
လွန်ခဲ့သည့်နှစ်နှစ်ခန့်က ယင်းအနန္ဒပုဂံ(ဒေသအခေါ်Adventure)ဟိုတယ်ကိုစတင်ဆောက်လုပ်ခဲ့ပြီး ဆောက်လုပ် စဉ်အခါကပင် ဒေသခံများက ကန့်ကွက်ခဲ့ကြောင်း ဦးဝင်းမောင်က ပြောသည်။
ယင်းအချိန်တွင် ဒေသခံများက ရှေးဟောင်းသုတေသန ဦးစီးဌာန၊ ပုဂံဌာနခွဲတွင် ညွှန်ကြားရေးမှူးရာထူးဖြင့် တာဝန် ထမ်းဆောင်နေသော ဦးနိုင်ဝင်းကို သွားရောက်တိုင်ကြားချိန်တွင် တော့ ယာယီတည်ဆောက်ခြင်းသာဖြစ်ပြီး နောက်ပိုင်းတွင် ပြန် ဖျက်ရမည်ဟု ပြန်ဖြေခဲ့ကြောင်းပြောသည်။
ယင်းသို့ ‘ဘုရားကိုချောင်ထဲပို့သလို’ ဖြစ်သွားသည်ကို မြင် ရသည်မှာ မျက်ရည်ပင်ကျခဲ့ရသည်ဟု ဦးဝင်းမောင်က ဆိုသည်။ ယင်းဟိုတယ်သည် လက်ရှိယဉ်ကျေးမှုဝန်ကြီး ဦးအေးမြင့်ကြူ၏ ရှယ်ယာများပါခြင်းကြောင့် ဆောက်လုပ်ခွင့်ရခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းမောင်က ဆိုသည်။ (ထိုဟိုတယ်တွင် ဦးအေးမြင့်ကြူ၏ ရှယ်ယာပါ၊ မပါကိုတော့ မော်ကွန်းက သီးသန့် အတည်ပြုချက် မပြုလုပ်နိုင်သေးပါ။)
ယမန်နှစ်၊ ဧပြီလအတွင်း ပုဂံဒေသစစ်ဆေးရေးခရီးစဉ် အဖြစ် ပုဂံသို့ ဒုတိယသမ္မတဦးညဏ်ထွန်း လာရောက်ခဲ့သည်။ ထိုစဉ်က ခွင့်ပြုချက်မရဘဲ တည်ဆောက်ထားသော အဆောက် အအုံများမှာ တည်ဆောက်လက်စသာဖြစ်နေသော်လည်း လာ စစ်ဆေးပြီး နောက်ပိုင်းတွင်မှ ပြီးစီးအောင်ဆက်လက် ဆောက် လုပ်သွားကြောင်း ဦးဝင်းမောင်က ပြောသည်။
ပုဂံဒေသခံ ဦးသူရကတော့ လွန်ခဲ့သည့်ငါးနှစ်ဝန်းကျင်က ဤနေရာတွင် ကွက်လပ်ကြီးသာရှိသေးဟုဆိုသည်။ သမ္မတ ဦးသိန်းစိန်အစိုးရသစ် တက်လာပြီး နောက်ပိုင်းတွင်မှ ယင်းသို့ တည်ဆောက်မှုများ ပို၍ဆိုးလာကြောင်းပြောပြသည်။ သူက ယခုကဲ့သို့လည်း မှတ်ချက် ပြုသေးသည်။
“ဥပဒေက သူတို့(အစိုးရ)ပါးစပ်ထဲမှာရှိတယ်”