အောင်မြင်ရေးသော့ချက်
မြန်မာနိုင်ငံသည် ကမ္ဘာတွင် ရေအရင်းအမြစ်ပေါကြွယ်ဝသည့်နေရာတွင် အဆင့် ၁၄၊ အာရှတိုက်တွင် အဆင့် ၆၊ အရှေ့ တောင်အာရှတွင် နံပါတ်တစ် နေရာတွင်ရှိနေသော်လည်း ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်မှုအားနည်းခဲ့သောကြောင့် ဖောင်စီးရင်းရေငတ်ဆိုသကဲ့သို့ ဖြစ်နေကြောင်း ရေအရင်းအမြစ်ပညာရှင်တွေက ထောက်ပြပြောဆိုကြပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ရေအရင်းအမြစ်ဦးစီးဌာန၏ ၂၀၀၈ တွင်ပြုလုပ်ထားသော စာရင်းအရ မြန်မာနိုင်ငံအတွင်းရှိသော မြစ်ကြီးများမှ တစ်နှစ်တာ ပျမ်းမျှဖြတ်သန်းစီးဆင်းနေသောရေထုသည် ၁,၀၈၁ ဒသမ ၈၈ ကုဗကီလိုမီတာရှိသည်ဟုဆိုပါသည်။
ထို့သို့ရေပေါကြွယ်ဝပေမယ့် မြန်မာနိုင်ငံတွင် ရေအခက်အခဲများကြုံတွေ့နေရခြင်းမှာ ရေအရင်းအမြစ်စီမံခန့်ခွဲမှု အားနည်း သောကြောင့်ဟု ဦးခင်လတ်ကဆိုပါသည်။ ဒါ့အပြင်စီမံကိန်းဆောင်ရွက်ရာတွင်လည်း ကြိုတင်သုတေသန ပြုလုပ်မှု အလွန်အားနည်းသည်ဟုအထက်ပါဝန်ကြီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမူး ဦးခင်လတ်ကလည်း ဆိုပါသည်။
“ကျွန်တော်တို့တိုင်းပြည်မှာ သုတေသန မရှိဘူး။ အဲ့ဒါအဓိကပဲ” ဟုသူကဆိုသည်။
သူလေ့လာခဲ့ဖူးသည့် သြစတြေးလျနိုင်ငံမှာဆိုလျှင် သုတေသနဆောင်ရွက်မှုအားကောင်းသောကြောင့် “လုပ်တဲ့မြစ်ရေတင် စီမံကိန်းတွေက အရမ်းအောင်မြင်တာကိုတွေ့ရတယ်” ဟုသူကဆိုပါသည်။
သြစတြေးလျတွင် မြစ်ရေတင်စီမံကိန်းတစ်ခုစတင်မည်ဆိုပါက စီမံကိန်းမှရေမည်သည့်ပမာဏပေးဝေမည်၊ ပေးဝေသည့် ရေများ စိုက်ခင်းတွေထဲမည်မျှရောက်ရှိကာ မြေကြီးထဲသို့မည်မျှစိမ့်ဝင်မှုရှိမည်နှင့် ထိုရေကို မည့်သို့အသုံးချကာ မည်သည့် သီးနှံများ စိုက်ပျိုးမည်ဆိုသည်အထိ အဆင့်ဆင့် စနစ်တကျ သုတေသနပြု ဆောင်ရွက် သည်ဟုဆိုပါသည်။
“နောက်တစ်ချက်က သူတို့မှာဘာရှိလဲဆိုတော့ ရေဘယ်လောက်ပေးနေလဲ၊ ပေးတဲ့ရေကရော အောက်ခြေမှာ တကယ် ရောထိရောက်မှုရှိရဲ့လားဆိုတာကို အမြဲတမ်းလေ့လာဆန်းစစ်နေတယ်” ဟု သူကဆိုသည်။
“သူတို့က ဆုံးရှုံးမှုပိုလာပြီဆိုတာနဲ့ တပြိုင်နက်တည်း ဘာကြောင့်ခုလိုဖြစ်ရတာလဲဆိုတာကို ချက်ချင်းအဖြေရှာတဲ့ အတွက် အောင်မြင်တယ်” ဟု ဦးခင်လတ်က သူလေ့လာတွေ့ရှိခဲ့သည်များကို ပြန်ပြောပြပါသည်။
မြန်မာနိုင်ငံတွင်လည်း ရေကိုစနစ်တကျစီမံခန့်ခွဲနိုင်ဖို့အတွက် ဒေသတွင်းရှိသော ရေအရင်းအမြစ်များကို တိုင်းတာရန် အရေးကြီးကြောင်းနှင့် ရေပေးဝေရာတွင် စနစ်တကျတိုင်းတာမှုမရှိပါက အကျိုးမရှိဘဲ လေလွင့်ဆုံးရှုံးမှုများမည်ဟု ဆိုပါ သည်။
ထို့ပြင် လက်ရှိတည်ဆောက်ထားသော စီမံကိန်းများကို အသုံးချနိုင်သလားနှင့် ဒေသအတွက် အကျိုးဖြစ်ထွန်းမှုများကို ပြန်လည်လေ့လာဆန်းစစ်သင့်သည်ဟု သူကအကြံပြုပါသည်။
လက်ရှိမြစ်ရေတင်စီမံကိန်းများတွင် ဆောင်ရွက်နေသော မြေသားမြောင်းစနစ်မှာလည်း ရေအလေအလွင့် ဆုံးရှုံးမှုများ နေကာ အကျိုးဖြစ်ထွန်းမှုနည်းနေပြီး ထိုမြေသားမြောင်းစနစ်အစား ကွန်ကရစ်မြောင်းများနှင့် အစားထိုးသင့်သည်ဟု ဆိုပါ သည်။
“ကျွန်တော်တို့ဆီမှာလုပ်တဲ့ မြေသားမြောင်းစနစ်က ရေတစ်ဂါလန်ပေးတယ်ဆိုရင် မြေသားဖြစ်တဲ့အတွက် အောက်ကို စိမ့်ဝင်တဲ့ရေက ၅၀ ရာခိုင်နှုန်းရဲ့အထက်မှာရှိတယ်။ ဒါကြောင့် ကုန်ကျမှုထက် အကျိုးဖြစ်ထွန်းမှုနည်းတယ်” ဟု ဦးခင် လတ်ကဆိုသည်။
ကွန်ကရစ်များဖြင့်ဆောင်ရွက်မည်ဆိုပါက ကုန်ကျစရိတ်များနိုင်သော်လည်း ရေရှည်တွင် “ကွန်ကရစ်လုပ်တာကတော့ ပိုပြီး အကျိုးများပါတယ်” ဟုသူကဆိုသည်။
မြစ်ကြီးကျန်းမာဖို့လို
လက်ရှိအချိန်တွင်တော့ အပူပိုင်းဇုန်တွင်ရှိသော မြစ်ရေတင်စီမံကိန်းများမှာ ဧရာဝတီမြစ်ကြီးကို အသုံးချနေသည့် နည်းတူ တစ်ဖက်တွင်လည်း အရေးကြီးသောအချက်တစ်ခုမှာ မြစ်ကြီး၏ ကျန်းမာရေးအခြေအနေကိုလည်း ဂရုစိုက် ရမည်ဟု ရေအရင်းအမြစ်ပညာများကထောက်ပြကြပါသည်။
တစ်ကယ်တမ်းရှိသည့်ဧရာဝတီမြစ်ရေမှာ နည်းပါးလှသည်မဟုတ်ဘဲ အရင်ကမြစ်ကြောင်း တစ်ခုတည်းရှိရာမှ ယခုအခါ မြစ်ကြောင်းများ သုံးလေးခု ဖျာထွက်မှုကြောင့် ရေစူးတိမ်လာခြင်း၊ သောင်ထွန်းခြင်းများ ဖြစ်လာသည့်အတွက် မြစ်ရေတင်စီမံကိန်းအတွက် မရှိမဖြစ် မြစ်ကြောင်းများကို ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရမည်ဟု ဦးချိုချိုက ဆိုပါသည်။
“ဧရာဝတီမြစ်ကြီးက ရေခန်းပြီးချိနဲ့နဲ့ဖြစ်နေရင် ဘယ်လိုလို့စုပ်လို့ရမလဲ။ ဧရာဝတီမြစ်ကြီးက ကျန်းမာဖို့အရေးကြီးပါတယ်” ဟု သူကဆိုသည်။
လက်ရှိ ဧရာဝတီမြစ်တွင် ပျမ်းမျှရေစီးနှုန်းမှာ တစ်စက္ကန့်တွင် ကုဗမီတာ ၂၀,၀၀၀ (ဂါလန် ငါးသန်းကျော်) မှ ၃၀,၀၀၀ (ဂါလံ ရှစ်သန်းခန့်) ကြားတည်ရှိပြီး ဧရာဝတီမြစ်ရေကို အသုံးပြုနေသည့်အတွက် စိုးရိမ်စရာ အခြေအနေမရှိဘဲ ရေလုံလောက်မှုရှိသည်ဟု ဦးခင်လတ်ကဆိုပါသည်။
ဧရာဝတီမြစ်ဆုံဒေသတွင် ဆောက်လုပ်ရန်အတွက် မူလဧရာဝတီမြစ်ဆုံဆည်ကို ဒီဇိုင်းရေးဆွဲခဲ့သော ဆည်မြောင်းဦးစီး ဌာန၊ ညွှန်ကြားရေးမူး(ငြိမ်း) ဦးခင်မောင်ချစ်ကလည်း ဧရာဝတီမြစ်ကြီး ပြန်လည်ရေစီးရေလာ ကောင်းမွန်လာဖို့အတွက် ဆည်မြောင်းဌာနက ရေးဆွဲထားသည့် ဧရာဝတီဘက်စုံစီမံကိန်းကို အကောင်အထည်ဖော်သင့် သည်ဟု ဆိုပါသည်။
အဘယ်ကြောင့်ဆိုသော် မြစ်ဆုံဆည်တည်ဆောက်ခြင်းအားဖြင့် မိုးရာသီတွင်ဒလဟောစီးဆင်းလာမည့် မြစ်ရေများကို ဆည်ဖြင့်ပိတ်ကာဖမ်းထိန်းထားမှုကြောင့် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးများကာ ရေကြီးရေလျှံမှုများကို ကာကွယ်ရာ ရောက်သည့်အပြင် ထိုသို့ဖမ်းထိန်းထားသော ရေများကို နွေရာသီမြစ်ရေတိမ်ချိန်မှာ ပြန်လွှတ်မည်ဖြစ်သောကြောင့် ရေကြောင်းသွားလာမှုများ အဆင်ပြေပြီး တစ်နှစ်တာပတ်လုံး လျှပ်စစ်ထုတ်လုပ်နိုင်မည်ဟု ဆိုပါသည်။
ထို့ပြင် “နွေမိုးဆောင်းလျှပ်စစ်ထုတ်ပြီး လျှပ်စစ်တွေနဲ့ပဲ ဧရာဝတီမြစ်ရဲ့ ဘယ်နဲ့ညာဘက်မှာရှိတဲ့ စိုက်ပျိုးမြေ ဧက နှစ်သန်းခန့်ကို လျှပ်စစ်ရေတင်စနစ်နဲ့စိုက်ပျိုးနိုင်မယ်” ဟု ဦးခင်မောင်ချစ်က ရှင်းပြပါသည်။
ဧရာဝတီမြစ်စတင်ဖြစ်ပေါ်ရာ မြစ်ဆုံတွင် တရုတ်နိုင်ငံက လျပ်စစ်ထုတ်ရန်အတွက်သာ ရည်ရွယ်ပြီး ဆောက်လုပ်မည့် မြစ်ဆုံဆည်စီမံကိန်းကိုတော့ကန့်ကွက်သည်ဟု ဦးခင်မောင်ချစ်ကဆိုသည်။
(မြစ်ဆုံဆည်တည်ဆောက်ခြင်းဖြင့် ကောင်းကျိုးထက် ဆိုးကျိုးများမည့်အချက်များကိုထောက်ပြကာ ထိုနေရာတွင် ဆည် မဆောက်ရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များက အကြံပြုထားကြသည်။)
ဦးချိုချိုက အပူပိုင်းဇုန်ပြန်လည်စိမ်းလန်းစိုပြေပြီး ဒေသခံတောင်သူများအဆင်ပြေရန် တာဝန်ရှိသူများမှ စိတ်စေတနာရှိပြီး အလျှင်အမြန် စနစ်တကျစီမံဆောင်ရွက်ဖို့လိုအပ်သည်ဟုဆိုသည်။
အပူပိုင်းဒေသ စိမ်းလန်းစိုပြေဖို့ နည်းလမ်းများလည်းရှိနေသည့်အတွက် “တစ်ကယ်လုပ်ချင်ရင်ဖြစ်ပါတယ်” ဟု သူက ဆိုသည်။ ။
၂၀၁၆-ဧပြီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄)တွင် ပါရှိမည့် မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။
သက်ဦးမွန်နှင့် မင်းလွင်ရေးသည်။

