မဘသကို ဆန်းစစ်ခြင်း အပိုင်း(၁)

၂၀၁၅ ၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၃)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။

ခင်မောင်မြင့် နှင့် ကျော်ဇေယျာထွန်း ရေးသည်

ကောင်းမြတ်မိုး ပံ့ပိုးသည်။

 

လွန်ခဲ့တဲ့သုံးနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခဖြစ်စဉ်တွေနဲ့ အတူ ပေါ်ထွက်လာခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့တွေထဲမှာ အင်အားအကောင်းဆုံး၊ အတက် ကြွဆုံးနဲ့ ပြည်တွင်းပြည်ပ ဝေဖန်ခံရမှုတွေ၊ ထောက်ခံမှုတွေနဲ့ အများအာရုံစိုက်ခံရဆုံးအဖွဲ့ကတော့ မဘသ လို့ အတိုကောက်ခေါ်နေကြတဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက်မှာ ၂ဝ၁၃၊ ဇွန် ၂၆-၂၇ ရက်က ကျင်းပခဲ့တဲ့ သံဃာ့ညီလာခံကနေ ပေါ်ထွန်းလာခဲ့တဲ့ မဘသအဖွဲ့ရဲ့ သက်တမ်းဟာ လာမယ့် ဇွန်ဆို ရင်    နှစ်နှစ်တင်းတင်းပြည့်ပါတော့မယ်။

မဘသအဖွဲ့ဟာ နှစ်နှစ်အတွင်းမှာ အတော်ပဲ အင်အား ကောင်းတဲ့အဖွဲ့ဖြစ်လာခဲ့ပါတယ်။ မဘသအဖွဲ့ထံမှ ရရှိတဲ့စာရင်း ဇယားတွေအရ နှစ်နှစ်အတွင်းမှာ မြန်မာတစ်နိုင်ငံလုံး မဘသ အဖွဲ့ပေါင်း ၁၇၃ ဖွဲ့အထိ ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ်စုစုပေါင်းရဲ့ ထက်ဝက်ကျော် ဖြစ်ပါ တယ်။ သဘောကတော့ မဘသအဖွဲ့တွေဟာ မြို့နယ်နှစ်မြို့နယ် လျှင် တစ်မြို့နယ်နှုန်းရှိတဲ့ သဘောပါ။

ဗဟိုအဆင့်၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့်၊ ခရိုင် အဆင့်၊ မြို့နယ်အဆင့်၊ ရပ်/ကျေးအဆင့် ဆိုပြီးတော့ အဆင့်ငါး ဆင့်နဲ့ ဖွဲ့စည်းထားတဲ့ ဒီအဖွဲ့အစည်းမှာ ဥက္ကဋ္ဌက အင်းစိန်ရွာမ ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသဖြစ်ပါတယ်။ မဘသ (အထက်မြန်မာပြည်) ဦးဆောင်ဆရာတော်ကတော့ ဦးဝီရသူ (မစိုးရိမ်)ဖြစ်ပြီး မဘသ(အောက်မြန်မာပြည်) ကိုတော့ ဓမ္မဒူတ ဆရာတော် ဦးပညာဝရက တာဝန်ယူထားပါတယ်။ မကွေး ကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက ရန်ကုန်တိုင်းဒေသကြီး ရဲ့ ဦးဆောင်ဆရာတော်အဖြစ် တာဝန်ယူထားပါတယ်။

နှစ်နှစ်ဆိုတဲ့အတိုင်းအတာအတွင်းမှာ မဘသဟာ ဘာ တွေလုပ်ဆောင်ခဲ့ပါသလဲ၊ ဘယ်အချက်တွေကို လူအများက သဘောကျ ထောက်ခံကြပြီး ဘယ်လုပ်ဆောင်ချက်တွေကိုတော့ အပြစ်တင်ဝေဖန်ခဲ့ကြပါသလဲ။ အမျိုး ဘာသာ သာသနာကို အမှန်တကယ် ထိထိရောက်ရောက် စောင့်ရှောက်ရာကျပါရဲ့လား စတဲ့အချက်တွေကို ဆန်းစစ်ဝေဖန်ဖို့ လိုအပ်ပါလိမ့်မယ်။

 

ရည်ရွယ်ချက်တွေ ကောင်းပေမယ့် ဝေဖန်ခံရ

အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေး၊ တည်တံ့ပြန့်ပွားရေး၊ နိုင်ငံအတွင်း လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှု ပဋိပက္ခတွေ မပေါ်ပေါက်ရေး၊ သာသနာရေး၊ လူမှု ရေးဆောင်ရွက်ကြတဲ့ အဖွဲ့အချင်းချင်း အပြန်အလှန် ချိတ်ဆက် ပံ့ပိုးကူညီနိုင်ရေးဆိုတဲ့ မဘသအဖွဲ့ရဲ့ ရည်ရွယ်ချက်တွေကို ဝေဖန် မှုတွေ မရှိပေမယ့်လည်း ဒီအဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်မှုအချို့ အပေါ်မှာတော့ ဝေဖန်စရာတွေ ဖြစ်ခဲ့ပါတယ်။

နွေရာသီမှာ ကလေးသူငယ်တွေကို သင်ပေးတဲ့ ယဉ်ကျေး လိမ္မာသင်တန်းတွေ ဖွင့်လှစ်ခြင်း၊ တနင်္ဂနွေနေ့တွေမှာ ဖွင့်လှစ် ပေးတဲ့ ဓမ္မစကူးလ်တွေ ဖွင့်လှစ်ခြင်းစတာတွေအပေါ်မှာ ရဟန်း ရှင်လူများက နှစ်သက်သဘောကျကြတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေလို့ ဆိုသော်လည်း ဗုဒ္ဓ ဘာသာ အသိတရားတွေနဲ့ ကင်းကွာ၊ ပြတ်ထွက်သွားတဲ့အတွက် ဗုဒ္ဓဘာသာရဲ့ ဘာသာရေး အသိတရားတွေကို စောင့်ထိန်းနိုင် အောင် မဘသအနေနဲ့ ယဉ်ကျေးလိမ္မာသင်တန်းတွေ၊ ဓမ္မစကူးလ် တွေ ဖွင့်လှစ်သင်ကြားပေးနေသလို တောရော မြို့ပါမကျန် တစ် နိုင်ငံလုံးအတိုင်းအတာနဲ့ သင်တန်းတွေ ပေးသွားဖို့ရှိတယ်လို့ မဘသ ဦးဆောင်ဆရာတော်တွေက မိန့်ပါတယ်။

နယ်လှည့်ဓမ္မကထိကဆရာတော်တစ်ပါးဖြစ်တဲ့ မန္တလေးမှ ဒယ်အိုးလေးဆရာတော် အရှင်တေဇနန္ဒကတော့ ယဉ်ကျေး လိမ္မာသင်တန်းတွေ၊ ဓမ္မစကူးလ်တွေ ဖွင့်လှစ်သင်ကြားပေးနေ တာနဲ့ ပတ်သက်ပြီး ယခုလို မိန့်ပါတယ်။

”မဘသက အခုလို ယဉ်ကျေးလိမ္မာသင်တန်းတွေ ပေးနေ တာ ဒါက အင်မတန်ကောင်းတဲ့ ပန္နက်ရိုက်မှုတွေပဲ”

သို့သော်လည်း အချို့ အချက်တွေကိုတော့ ဝေဖန်ကြတာ တွေ့ရပါတယ်။ အထူးတလှယ် ဝေဖန်ခံရတဲ့ကိစ္စကတော့ အမျိုး စောင့်ဥပဒေပြဋ္ဌာန်းရေးကိစ္စမှာ ဖြစ်ပါတယ်။

အဲဒီလိုဝေဖန်တဲ့သူတွေထဲမှာ အများဆုံးကတော့ လူ့ အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဖြစ်ပါတယ်။ ဝေဖန်ကြတဲ့ အထဲမှာ နိုင်ငံရေးသမားနဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့ ပါ ဝင်ကြပေမယ့် အများစုကတော့ ဒီအဖွဲ့နဲ့ ထိပ်တိုက် မတိုးချင်တာ ကြောင့် လက်ရှောင်ကြတဲ့ သူတွေ ဖြစ်ပါတယ်။

တကယ်တော့ မဘသကို ဝေဖန်တဲ့နေရာမှာ လူပုဂ္ဂိုလ်တွေ ကပဲ ဝေဖန်ကြတာတော့မဟုတ်ပါဘူး။ နာမည်ကြီး သံဃာအချို့ တောင် ဝေဖန်တဲ့နေရာမှာ ပါဝင်နေကြတာကိုတွေ့ရပါတယ်။

ရွှေညဝါဆရာတော်ဆိုရင် ကနဦးကာလတွေမှာ မဘသ အဖွဲ့ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို ကြိုက်တဲ့အတွက် မဘသအဖွဲ့ထဲ ဝင်ခဲ့တာပါ။

သံဃာတွေ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ တိုင်း ပြည်ကောင်းအောင် ပြိုင်တူတွန်းမလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ခဲ့ပေမယ့် နောက်ပိုင်း စောင့်ကြည့်တဲ့အခါမှာ ပူးပေါင်းလို့ မရ တော့လို့ မဘသအဖွဲ့မှာ ဆက်လက် မပါဝင်တော့တာဖြစ်တယ်လို့ မိန့်ပါတယ်။

”ငါ့ရဲ့ ရည်ရွယ်ချက်တွေ၊ စိတ်နေစိတ်ထားတွေနဲ့ အကောင် အထည်ဖော်ဆောင်မှုအပိုင်းတွေမှာ ငါက တစ်မျိုးသားလုံးကို ဗဟိုပြုတဲ့ အကျိုးစီးပွားကို လိုချင်တာ”လို့ ရွှေညဝါဆရာတော်က မိန့်ပါတယ်။

မဘသရဲ့ လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး အဓိက ဝေဖန် ကြတာကတော့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေက အစ္စလာမ် ဘာသာဝင်အမျိုးသားတွေကို လက်မထပ်ကြဖို့ လှုံ့ဆော်စည်းရုံး တာတွေကိုပဲ အများဆုံးဦးတည်နေတယ်ဆိုတဲ့ အချက်ပဲဖြစ် ပါတယ်။

ပြည်တွင်းမှာ အစ္စလာမ်ဘာသာဝင်တွေနဲ့ လက်ထပ်တာ တွေက သိပ်မပြောပလောက်ဘူးလို့ ရွှေညဝါဆရာတော်က ယူဆပါတယ်။

ပြည်ပမှာ ”မြန်မာအမျိုးသမီးကောင်းတွေ အတင်းအဓမ္မ အကျင့်ခံရတာတွေအပါအဝင် တရုတ်ပြည်ကို လူကုန်ကူး ရောင်းစားခံလိုက်ရတာတွေကိုလည်း ဆောင်ရွက်ဖို့လိုအပ်တယ်” လို့ မိန့်ပါတယ်။

”အခုတော့ အဲဒီလိုမဟုတ်ဘူးကွာ။ မျက်ကန်းမျိုးချစ်တွေ”လို့ ရွှေညဝါဆရာတော်က ပြောဆိုပါတယ်။

ရွှေညဝါဆရာတော်လိုပဲ သီတဂူဆရာတော် ဦးဉာဏိ ဿရလည်း မဘသစတင်ဖွဲ့စည်းစဉ်တုန်းက ပါဝင်ခဲ့ပါသေး တယ်။ ဗဟိုကော်မတီအဖွဲ့မှာ ပါဝင်ခဲ့တာပါ။ နောက်ပိုင်းကာလ တွေမှာတော့ မဘသအဖွဲ့မှာ သီတဂူဆရာတော်ကြီး ပါဝင်မှု  ရှိခြင်း၊ မရှိခြင်းနဲ့ ပတ်သက်လို့ အငြင်းပွားမှုတချို့ပင် ဖြစ်ခဲ့ပါ သေးတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး မဘသအပေါ် သီတဂူ ဆရာတော်ကြီးရဲ့အမြင်ကို သိရှိနိုင်ဖို့ မော်ကွန်းက ဆက်သွယ် ပေမယ့် ဆရာတော်ကြီးကို ဆက်သွယ်လို့မရခဲ့ပါဘူး။ သီတဂူမှ ကျန်တဲ့ဆရာတော်တွေကလည်း သီတဂူဆရာတော်ကြီးရဲ့ ညွှန်ကြားမိန့် မရတဲ့အတွက် အင်တာဗျူးလက်မခံပါဘူးလို့ သီတဂူ ဗုဒ္ဓ တက္ကသိုလ် (ရန်ကုန်)မှ ပါမောက္ခ ဒေါက်တာအရှင်ကောဝိဒ သိရီက မိန့်ပါတယ်။

နှစ်နှစ်အတွင်း မဘသ ဘာတွေလုပ်ဆောင်ခဲ့တယ်ဆိုတာ ကို အခုကြည့်ကြရအောင်ပါ။

မဘသ ဘာတွေလုပ်ခဲ့လဲ

အွန်လိုင်းလူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Facebook ကို အသုံးပြုပြီး လူထုနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေလည်း ဖောက်ထားတဲ့ မဘသဟာ နှစ်နှစ်အတွင်းမှာ သဘောထားကြေ ညာချက်အများအပြားကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်တွေထဲမှာ အစ္စလာမ်ဘာသာဝင်တွေနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ကိစ္စအတော်များများကို ကန့်ကွက် ဆန္ဒပြတာ၊ သဘောထားကြေညာချက်ထုတ်ပြန်တာတွေ များ စွာလုပ်ခဲ့တာကို တွေ့ရပါတယ်။

အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ဘင်္ဂါလီလူ မျိုးတွေကို ရိုဟင်ဂျာလို့ နိုင်ငံတကာက ခေါ်ဝေါ်သုံးစွဲနေမှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့တာတွေ ပါပါတယ်။

ဒါ့အပြင် လောက်ကိုင်စစ်ပွဲ၊ ပညာရေးဥပဒေကို ကျောင်း သားတွေ ဆန္ဒပြမှု၊ ဗိုလ်ချုပ် နှစ် ၁ဝဝ ပြည့်၊ ပြည်ပရောက် မြန်မာ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးဆုံးရှုံးမှု၊ ဆီးရီးယားနိုင်ငံနှင့် အီရတ်မြောက်ပိုင်း ရှိုISIS အဖွဲ့တွေရဲ့ ဘာသာရေး အစွန်းရောက်လုပ်ရပ် စတာတွေနဲ့ပတ်သက်ပြီး သဘောထားထုတ်ပြန်ကြေညာ ချက်တို့ လုပ်ခဲ့တာကို တွေ့ရပါတယ်။

မဘသ(ဗဟို)ရဲ့ နောက်ဆုံးထုတ်ပြန်ချက်ကတော့ မြန်မာ နိုင်ငံရဲ့ အဓိကအထွတ်အမြတ်ထားကြတဲ့ ရွှေတိဂုံစေတီပုံကို မလေးရှားနိုင်ငံထုတ် ှSong Singha အရက်ပုလင်းတွေမှာ တံ ဆိပ်ကပ်ရောင်းချနေတာနဲ့ ပတ်သက်ပြီး ဧပြီ ၂၂ ရက်က ကန့်ကွက် ရှုံ့ချခဲ့တာပါပဲ။

ကြေညာချက်တွေထဲမှာ မဘသအဖွဲ့ကို စွပ်စွဲပြောဆိုနေ ခြင်းနဲ့ ဝေဖန်မှုပြုလုပ်ခြင်းတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ ထုတ်ပြန် ချက်တွေလည်း ပါပါတယ်။

မဘသအဖွဲ့က နောက်ထပ် လိုက်လံဆောင်ရွက်ပေးတဲ့ လုပ်ငန်းတစ်ခုက ဘာသာခြားတွေရဲ့ အဓမ္မပြုကျင့်ခြင်းခံရတဲ့ မိန်းကလေးတွေ၊ အသက်မပြည့်သေးဘဲ အိမ်ထောင်ပြုခံရတဲ့ မိန်း ကလေးတွေအနေနဲ့ သက်ဆိုင်ရာမှာ အမှုဖွင့်ချင်တယ်ဆိုရင် အမှု ဖွင့်နိုင်အောင် လိုက်လံဆောင်ရွက်ပေးတဲ့ အလုပ်ဖြစ်တယ်လို့ မဘသ(ရန်ကုန်တိုင်းဒေသကြီး) ဦးဆောင်ဆရာတော် ဦးပါမောက္ခက မိန့်ပါတယ်။

ဦးပါမောက္ခကို မော်ကွန်းက တွေ့ဆုံမေးမြန်းတဲ့နေ့က ဆရာ တော်ဟာ အမှုတစ်ခုကို လိုက်ပါဖွင့်ပေးခဲ့ရတယ်လို့မိန့်ပါတယ်။

ဖြစ်စဉ်ကဒီလိုပါ။ အသက်၁၅ နှစ်အရွယ် ဗုဒ္ဓဘာသာမိန်း ကလေးတစ်ယောက်ဟာ ဘာသာခြားတစ်ယောက်နဲ့ ခိုးရာလိုက် သွားခဲ့တယ်လို့ဆိုပါတယ်။ လိုက်သွားတုန်းက ဘာသာခြားအမျိုး သားက ဗုဒ္ဓဘာသာကို ကူးပြောင်းမယ်လို့ဆိုပေမယ့် ဘာသာခြား ရွာရောက်သွားတဲ့အခါမှာ သူ့ရဲ့ ဘာသာကိုပဲ မိန်းကလေးကို လိုက် ပါပြောင်းလဲရမယ်ဆိုလာတာကြောင့် ပြဿနာဖြစ်လာခဲ့ပါ တယ်။ ဒါ့အပြင် မိန်းကလေးမှာ အသက်မပြည့်သေးတဲ့အတွက် တရား နည်းလမ်းနဲ့အညီ အရေးယူပေးဖို့ ”ကိုယ့်အမျိုးသားရေးဘက်က နေ အမှုဖွင့်ပေးခဲ့ရတယ်” လို့ ဆရာတော် ဦးပါမောက္ခက မိန့်ပါတယ်။

ဘာသာတူ၊ လူမျိုးတူတွေဖြစ်တဲ့ အမှုတွေကိုတော့ လိုက် ပါဆောင်ရွက်ပေးခြင်းမရှိဘဲ ဘာသာခြားနဲ့ ပတ်သက်တဲ့ အမှုကိစ္စ တွေမှသာ လိုက်ပါကူညီဆောင်ရွက်ပေးတယ်လို့ မဘသအဖွဲ့ ဦးဆောင်ဆရာတော်တွေက ဆိုပါတယ်။

မဘသတည်ထောင်ခဲ့တဲ့ နှစ်နှစ်အတွင်း ၎င်းကဲ့သို့ အမှု ပေါင်း မည်မျှရှိခဲ့တယ်ဆိုတာကို မော်ကွန်းက စာရင်းမှတ်တမ်း များ တောင်းဆိုသော်လည်း စာရင်းအတိအကျမရှိခဲ့ပါဘူး။

     အပိုင်း(၂)

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."