၂၀၁၆ ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄)မှ ပို့စကဒ် ဆောင်းပါး ဖြစ်ပါသည်။
မြတ်စုမွန် ရေးသည်။
မတ်လ လဆန်းပိုင်းက ရန်ကုန်မြို့အပြင်ဘက်သို့ ခရီးထွက်ဖြစ်သည်။ တကယ်တော့ ရန်ကုန်မြို့ အပြင်ဘက်ဟုဆို၍ရရုံသာဝေးသည့် ရွာကလေး တစ်ရွာသို့ဖြစ်သည်။ ထိုရွာမှာ ရန်ကုန်တိုင်းဒေသ ကြီး၊ ကော့မှူးမြို့နယ်အတွင်းတည်ရှိသည့် ငှက် အော်စမ်းကျေးရွာဖြစ်သည်။
အရပ်အခေါ် ကလေးထောင်ဟု သုံးနှုန်းကြသည့် ‘ငှက် အော်စမ်း လူငယ်သင်တန်းကျောင်း’တည်ရှိရာ ထိုရွာကလေး သည် ရန်ကုန်မြို့မှ မိုင် ၃ဝ ကျော်ဝေးသည်။ ယခင်က မညီညာ သောမြေသားလမ်းဖြစ်သည့် ကော့မှူး-ငှက်အော်စမ်းလမ်းသည် ယခု ဖြောင့်ဖြောင့်ဖြူးဖြူးကွန်ကရစ် လမ်းမကြီး ဖြစ်နေပြီ။
လွန်ခဲ့သည့် ငါးနှစ်ခန့်က ငှက်အော်စမ်းလူငယ်သင်တန်း ကျောင်းသို့ အကြိမ်ကြိမ်ရောက်ခဲ့ဖူးသည်။ ထိုသင်တန်းကျောင်း တွင် ဘဝမျိုးစုံ၊ ဇာတ်လမ်းမျိုးစုံကို ဖြတ်သန်းခဲ့ဖူးသည့် ၁၈ နှစ် အောက် လူငယ်များစွာရှိသည်။ တစ်ဦးတစ်ယောက်ချင်းစီတိုင်း တွင် စိတ်ဝင်စားဖွယ်၊ သနားစဖွယ်၊ ခါးသီးဖွယ် ဘဝဖြတ်သန်းမှု များရှိခဲ့ကြသည်။ ထိုသင်တန်းကျောင်းတွင် တစ်နိုင်ငံလုံးမှ ပြစ် ဒဏ်ကျခံရသူ ကလေးသူငယ်များနှင့်လူငယ်များအပြင် လမ်းပေါ် နေ လေလွင့်ကလေးငယ်များကိုလည်း ထိန်းသိမ်းစောင့်ရှောက် ထားသည်။
သူတို့အကြောင်းကို စာရေးဖူးသည်။ သို့သော် သူတို့၏ တစ်ဘဝစာဖြတ်သန်းခဲ့ဖူးသမျှအား နာရီပိုင်းမျှ မေးမြန်းရေးသား ရသည်ကို စိတ်ထဲအားမရ။ ဘဝင်မကျ။ အနည်းဆုံး သူတို့နှင့် တစ်နေကုန်အတူရှိနေချင်သည်။ သင်တန်းကျောင်းတွင် သူတို့ နေ့စဉ်ဖြတ်သန်းနေရသည့် အခြေအနေများကို စောင့်ကြည့် ချင်သည်။ သူတို့နှင့် စကားစမြည်ပြောကာ သူတို့ဖြတ်သန်းခဲ့ရ သည့် ဘဝအစိတ်အပိုင်းများကို နားထောင်ချင်သည်။ တစ်နေ့နေ့ ပြန်လာဦးမည်ဟု ကြုံးဝါးခဲ့သော်လည်း အခြားသော အလုပ်တာ ဝန်များကြောင့် တစ်ကြိမ်မျှ ပြန်မရောက်ခဲ့။ သည်တစ်ကြိမ်တော့ လွန်ခဲ့သည့်ငါးနှစ်က စိတ်ကူးခဲ့သည်ကို ပြန်၍ အကောင်အထည် ဖော်နိုင်ပြီဖြစ်သည်။
ရန်ကုန်မြို့မှ နံနက် ၃ နာရီခွဲခန့်က ထွက်လာသည့် ကျွန်မ တို့သည် ထိုသင်တန်းကျောင်းသို့ မနက် ၅ နာရီခန့်တွင် ရောက် သည်။ ကျွန်မတို့ရောက်သွားချိန်တွင် ကျောင်းခြံဝင်းကြီး၏ အဓိကဝင်ပေါက်တံခါးကြီးက မဖွင့်သေး။ ထိုတံခါးကြီးဘေးမှ လူဝင်ပေါက်တံခါးက စေ့ရုံသာစေ့ထားသဖြင့် တွန်းဖွင့်၍ဝင်ခဲ့ သည်။ အတွင်းသို့ရောက်သည်နှင့် လူငယ်တစ်ဦး ပြေးထွက်လာ ကာ တံခါးဖွင့်ပေးသည်။ ကျောင်းအုပ်ကြီးထံသို့ မနေ့ကတည်းက ဖုန်းဆက်ထားသဖြင့် ကြိုသိနေသော တာဝန်မှူးဆရာက ဖော် ရွေစွာပင် ဆီး၍ နှုတ်ဆက်သည်။
ကစားမက်ပြီး အသက်အရွယ်ငယ်လွန်းသေးသော ကလေး ငယ်များအတွက် မနေ့ကတည်းက ဝယ်ခြမ်းထားသည့် သားရေ ကွင်း၊ ရောင်စုံဂေါ်လီလုံး၊ ဘိုးလင်းနှင့် မိုနိုပိုလီကတ်စသည့် ကစားစရာများ၊ စားဖိုဆောင်အတွက် အိုးခွက်ပန်းကန်များ ဆေး ကြောရန် ဆပ်ပြာခရင်မ်ပုံးတစ်ပုံး၊ သင်တန်းသားများအတွက် ပရုတ်လုံး၊ ခေါင်းလျှော်ရည်စသည်တို့ကို လူငယ်တစ်ဦးက ကူ၍ သယ်ပေးသည်။
သင်တန်းသားတို့၏ အဆောင်များမှ ထွန်းထားသည့် မီး အလင်းရောင်အချို့ကလွဲလျှင် ကျောင်းဝင်းတစ်ခုလုံးအပေါ် အမှောင်ထုက ကြီးစိုးထားသည်။ ကျောင်းအုပ်ကြီးရုံးခန်းတွင် ညပိုင်းတာဝန်ကျနေသည့် ဆရာတစ်ဦးနှင့် ကျောင်းသားလူငယ် အချို့ကလွဲလျှင် အခြားကလေးငယ်များကို မတွေ့ရသေးပေ။
ငှက်အော်စမ်း၏ မနက်ခင်းရာသီဥတုမှာ ရန်ကုန်နှင့်ယှဉ် လျှင် အနည်းငယ်ပို၍ အေးစိမ့်စိမ့်ကလေးဖြစ်နေသည်။ ကျောင်း ဝင်းထဲရှိ အဆောင်အချို့မှ မီးရောင်များကို လှမ်းမြင်နေရသည်။ မနက် ၅ နာရီဆိုလျှင် သင်တန်းကျောင်းမှ ကလေးအားလုံး အိပ် ရာထကြရသည်။ မိမိတို့အိပ်ရာများကို သိမ်းဆည်းကာ ဘုရား ဝတ်ပြုရသည်။ ပြီးလျှင် အပြေးလေ့ကျင့်ခြင်း၊ ကျန်းမာရေးလေ့ ကျင့်ခန်းများပြုလုပ်ခြင်း စသည့်အစီအစဉ်အများကို လုပ်ရမည် ဖြစ်သည်။
ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတွင် သင်တန်း သားများကိုထားသည့် အဆောင်ခြောက်ဆောင်ရှိသည်။ သုံး ဆောင်က ပြစ်ဒဏ်ကျခံနေရသည့် ကလေးငယ်နှင့်လူငယ်များ၏ အဆောင်ဖြစ်ပြီး ကျန်သုံးဆောင်မှာ လမ်းပေါ်နေ လေလွင့် ကလေးငယ်များနေထိုင်သည့် အဆောင်များဖြစ်သည်။
ကျောင်းဝင်းထဲကို ရောက်သည်နှင့် ကျွန်မလုပ်ရမည့် အလုပ်ကို စတင်လိုက်သည်။ တာဝန်မှူးဆရာက လမ်းပေါ်မှ လေလွင့်ကလေးငယ်များနေထိုင်သည့် အဆောင်များဘက်သို့ ခေါ်ဆောင်သွားသည်။ ဓာတ်မီးရောင် တဝင်းဝင်းနှင့် အဆောင် အတွင်းဝင်လာသည့် သူတို့၏ဆရာနှင့် လူစိမ်းဖြစ်သည့် ကျွန်မ အား ကလေးငယ်များက စူးစမ်းသည့်အကြည့်ဖြင့် ကြည့်ကြ သည်။ ကလေးငယ်များသည် ခုနစ်နှစ်ခန့်မှစ၍ ၁၅ နှစ်အတွင်း အရွယ်များဖြစ်ကြသည်။
”မနေ့က လေလွင့်ကလေး ၁၅ ယောက် အသစ်ထပ်ရောက် တယ်”ဟု ကျွန်မတို့ကို လာကြိုသည့် ညပိုင်းတာဝန်ကျဆရာက ပြောပြသည်။
လေလွင့်ကလေးငယ်များကိုထားသည့် အဆောင်ထဲသို့ ဝင်လိုက်သည်နှင့် ပုံမှန်မဟုတ်သောအနံ့အသက်တစ်မျိုးကိုရ၏။ အားကစားဝတ်စုံများကို ဆင်တူဝတ်ဆင်ထားကြသည့် ဗုဒ္ဓ ဘာသာဝင်ကလေးငယ်များက ဘုရားကျောင်းဆောင်ရှေ့တွင် နေရာယူထားကြသည်။ ဘုရားကျောင်းဆောင်သည် သူတို့အိပ် သည့် အိပ်ဆောင်ကြီး၏ ပင်မဝင်ပေါက်ထိပ်တွင်ရှိသည်။ တချို့ ကလေးများက အိပ်ရာမှအလူးအလဲထနေကြဆဲဖြစ်သည်။ တချို့ ကလေးငယ်များက သူတို့၏ကိုယ်ပိုင်သေတ္တာများကို မွှေနှောက် ရှာဖွေနေကြသည်။ တချို့က မနက်ခင်းအပြေးလေ့ကျင့်ခန်း အတွက် ကင်းဘတ်ဖိနပ်များကို ဝတ်ဆင်နေကြသည်။
ကလေးငယ်ငါးဦးလျှင် သေတ္တာကြီးတစ်လုံးဝေစုရသည်။ ထိုသေတ္တာကြီးထဲတွင် ထိုငါးဦး၏အသုံးအဆောင် တိုလီမိုလီ လေးများကို အတူထည့်ကြရသည်။ ထသူထ၊ ထိုင်သူထိုင်နှင့် ဝရုန်းသုန်းကားဖြစ်နေသော ကလေးငယ်များသည် ကျောင်း အုပ်ကြီးရုံးခန်းမှထွက်ပေါ်လာသည့် သံချောင်းခေါက်သံကြောင့် ဘုရားကျောင်းဆောင်ရှေ့မှ ဘုရားကန်တော့ရန် ပြင်ဆင် လိုက် ကြသည်။ သံချောင်းခေါက်သံက ခြောက်ချက်။
သင်တန်းကျောင်း၏ သံချောင်းခေါက်သံများတွင် အဓိပ္ပာယ်ကိုယ်စီရှိကြသည်။ စည်းမျဉ်းစည်းကမ်းများကို စတင် လုပ်ဆောင်ရန် အချက်ပေးသည့် အသံများဖြစ်သည်။ သံချောင်း ခေါက်သံသုံးချက်သည် မနက်ခင်း အပြေးလေ့ကျင့်မှု စတင်ရန် ဖြစ်သည်။ သံချောင်းခေါက်သံငါးချက်သည် ထမင်းစားချိန်ကို ရည်ညွှန်းသည်။ သံချောင်းခေါက်သံ ခြောက်ချက်သည် ဘုရား ရှိခိုးရန် သတ်မှတ်ထားခြင်းဖြစ်သည်။ သံချောင်းခေါက်သံ ခုနစ် ချက်က တန်းစီမိန့်ဖြစ်သည်။
အိပ်ချင်မူးတူးဖြင့်ဘုရားရှိခိုးနေသော ကလေးငယ်များကို မြင်ရသည်မှာ ကရုဏာသက်ဖွယ်ဖြစ်သည်။ အချို့က လက်အုပ် ကလေးချီကာ ဘယ်ညာယိမ်းထိုးလျက် အိပ်ငိုက်နေသည်။ တချို့ က ဘုရားစာကို ပါးစပ်က လိုက်အော်ဆိုနေသော်လည်း မျက်လုံး က သူစိမ်းဧည့်သည်ထံသို့။
ဘုရားရှိခိုးပြီးသည့်နောက် ကလေးငယ်များက တန်းစီရန် ပြင်ကြသည်။ ကျွန်မက သင်တန်းကျောင်းတစ်ခုလုံး၏ အစား အစာများကို ချက်ပြုတ်နေသည့်မီးဖိုဆောင်(ဖိုကြီး)သို့ သွား ကြည့်သည်။ ဖိုကြီးတွင်တာဝန်ကျနေသည့် ကလေးငယ်များက ချွေးတဒီးဒီးဖြင့် ချက်ပြုတ်နေကြသည်။ အသားတုချက်ပြုတ်ရန် ပြင်ဆင်နေသည့် လူငယ်တစ်ဦးနှင့် မီးဖိုကို မီးထိုးပေးနေသည့် လူငယ်နှစ်ဦးကို တွေ့ရသည်။
မီးခိုးငွေ့များသည် မီးဖိုဆောင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်း ထားသည်။ ထိုနေ့မနက်စာအတွက် ပဲထမင်းဖြစ်သည်။ ဖိုကြီး တာဝန်ကို တစ်ပတ်တစ်ကြိမ်အလှည့်ကျတာဝန်ယူရခြင်းဖြစ် ကြောင်း ရေနွေးငွေ့ဖြင့် ပေါင်းခံ၍ချက်နေသော ထမင်းပေါင်း အုပ်ဆောင်းကြီးအား မီးထိုးပေးနေသည့် လူငယ်တစ်ဦးက ရှင်း ပြသည်။
”စိုက်ပျိုးရေးတာဝန်နဲ့ ဖိုကြီးတာဝန်မှာ ဖိုကြီးတာဝန်ကျ တာ ပိုကြိုက်တယ်”ဟု သူက ခင်မင်နှစ်လိုဖွယ်ပြုံးကာဆိုသည်။
မနက်ခင်းအလင်းရောင် တဖြည်းဖြည်းရောက်လာချေပြီ။ မကြာ မီ သံချောင်းခေါက်သံခုနစ်ချက်ကြားရတော့မည်။ အဆောင် အသီးသီးမှ သင်တန်းသားများသည် တူညီဝတ်စုံများဝတ်ဆင် ကာ ကျန်းမာရေးလေ့ကျင့်ခန်းများပြုလုပ်ရမည့် အားကစား ကွင်းသို့သွားရန် အသင့်ဖြစ်နေကြပြီ။ အချို့က သာမန်အဝတ် အစားများ၊ ဖိနပ်များကိုသာ ဝတ်ဆင်ထားကြသည်။ တူညီဝတ်စုံ မရသေးသူများဖြစ်ဟန်တူသည်။
သံချောင်းခေါက်သံကြားသည်နှင့် အဆောင်အလိုက် ခေါင်းဆောင်တာဝန်ပေးခံထားရသူများထံမှ သတိဆွဲရန် အချက်ပေးသံက ဟိန်း၍ထွက်လာသည်။ စစ်တပ်တွင် စစ်သား များ မနက်စောစော တန်းစီရသည့်ပုံစံမျိုးဖြစ်သည်။ တာဝန်ကျ ဆရာများက တန်းစီနေသော ကလေးငယ်များ၏ရှေ့တွင် လူစစ် ရန်အသင့်အနေအထားဖြင့် ရပ်လျက်ရှိကြသည်။
လူဦးရေလျော့၊ မလျော့ကို စစ်ရသည်။ ကျောင်းခြံဝင်းသည် ထောင်တံခါးများကဲ့သို့ တင်းကျပ်စွာ သော့ခတ်ထားခြင်းမရှိ၊ လွတ်လပ်စွာ သွားလာနိုင်ခြင်းကြောင့် အချိန်မရွေးထွက်ပြေး နိုင်သည်။ ထွက်ပြေးဖူးသည့် သာဓကများလည်းရှိခဲ့သည်။
ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းတွင် ပြစ်ဒဏ်ကျ ခံနေရသည့် ကလေးငယ် ၂၆၈ ဦး၊ လမ်းပေါ်နေ လေလွင့်ကလေး ငယ် ၁၅ဝ ဦး၊ စုစုပေါင်း ၄၁၈ ဦးရှိသည်။ ယင်းကလေးငယ်များ အနက် အတန်းပညာ ဆက်လက်သင်ကြားနေသူမှာ ၇၄ ဦးရှိပြီးကျောင်းပြင်ပမူလတန်းပညာရေးကို သင်ယူနေသူ ၅၈ ဦးရှိ ကြောင်း သင်တန်းကျောင်း၏ စာရင်းဇယားများတွင် တွေ့ရသည်။
ပြစ်မှုဖြင့်ရောက်လာသည့် ကလေးငယ်ဖြစ်သော်လည်း ကျောင်းပညာဆက်လက်သင်ကြားမည်ဆိုပါက ကျောင်းသား များ သီးသန့်ထားသည့်အဆောင်တွင် နေထိုင်ကြရသည်။ ငှက် အော်စမ်းလူငယ်သင်တန်းကျောင်းခြံဝင်းအတွင်း၌ ကျောင်း ပြင်ပ မူလတန်းပညာရေးကိုသင်ယူနေသည့် ကလေးငယ်များ အတွက်စာသင်ဆောင်ရှိပြီး အခြားကလေးငယ်များမှာ ငှက် အော်စမ်းရွာထဲရှိ အစိုးရအထက်တန်းကျောင်း၌ တက်ရောက် ကြရသည်။ အတန်းပညာဆက်လက်သင်ကြားခြင်း မရှိသည့် လူ ငယ်များကို ဆံသသင်တန်း၊ ဒီဇယ်အင်ဂျင်စက်ပြင်သင်တန်း၊ မော်တော်ဆိုင်ကယ်ပြင်သင်တန်း၊ အခြေခံလျှပ်စစ်သင်တန်းများ သင်ကြားပေးသည်။
သင်တန်းသားများအနက် မိမိကိုယ်ကိုယ် ပြုပြင်ပြောင်းလဲ လာသော၊ လိမ္မာသော၊ ယုံကြည်စိတ်ချရပြီဟု ယူဆရသော လူ ငယ်များကို ကျောင်းပြင်ပသို့လွတ်လပ်စွာ သွားလာခွင့်ပြုထား သည်။ အပြင်လောကနှင့် ထိတွေ့ဆက်ဆံခွင့်ရကြသည်။ ကျောင်း ပြင်ပရှိ ကျောင်းဝန်ထမ်းဆရာ၊ ဆရာမများ၏အိမ်များတွင် အိမ်မှုကိစ္စများကို ဝိုင်းဝန်းကူညီလုပ်ကိုင်ခွင့်ရကြသည်။
”ဒီကိုရောက်ပြီး တစ်နှစ်ပြည့်ရင် သူအခြေအနေကောင်း ရင် ကျွန်တော်တို့က တရားရုံးကို ထောက်ခံပေးတယ်။ အိမ်ကိုပြန် ပြီး မိသားစုနဲ့ အာမခံနဲ့နေရတယ်။ ဒါကိုသိနေတော့ များသော အားဖြင့်တော့ ကလေးတွေက မပြေးကြတော့ဘူး”ဟု ကျောင်း အုပ်ကြီးက ပြောသည်။
ထိုသို့ ဝင်ထွက်ခွင့်ရရှိနေကြခြင်းကြောင့်လည်း ထွက်ပြေး သူရှိ၊ မရှိ သိနိုင်စေရန် နေ့စဉ် အကြိမ်ကြိမ်တန်းစီရသည်။ လူ စစ်ရသည်။ လူစစ်ပြီးသည်နှင့် ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ရန် အမိန့်ပေးမည့် သံချောင်းခေါက်သံ သုံးချက်က အသင့် စောင့်နေ သည်။ သူတို့၏ တစ်နေ့တာသွားလာလှုပ်ရှားမှုမှန်သမျှသည် ထိုသံချောင်းခေါက်သံ၏ စေညွှန်ရာအတိုင်းပင် ဖြစ်သည်။
မနက်ခင်း ကျန်းမာရေးလေ့ကျင့်ခန်းများကို အဆောင် အလိုက် စစ်ကြောင်းများချီကာ ဘယ်ညာသံပေး၍ ထွက်ခွာ ကြသည်။
‘ဘာလုပ်နေလဲ လေ့ကျင့်နေတယ်’
‘ဘာလုပ်ဖို့လဲ ကျန်းမာရေးအတွက်’
‘ဘာစိတ်ဓာတ်လဲ သံမဏိစိတ်ဓာတ်’
‘ဘယ် ညာ၊ ဘယ် ညာ၊ ဘယ် ညာ’
ထိုအသံများသည် ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း ၏ ပရဝဏ်အတွင်းသာမက ငှက်အော်စမ်းရွာထဲအထိတိုင် အောင် ညံ၍ နေလေသည်။
မနက်ခင်း လေ့ကျင့်ခန်းကို တစ်နာရီခန့် ပြုလုပ်အပြီးတွင် မနက်စာစားကြရသည်။ ညာသံပေး၍ ချီတက်သွားသည့် သင် တန်းသားများသည် အသင့်ပြင်ထားသော ထမင်းစားပွဲရှည်ကြီး များဘေးတွင် အသီးသီး နေရာယူလိုက်ကြသည်။
ထို့နောက် မနက်စာမစားမီ နိုင်ငံတော်က ကျွေးမွေးသည့် အစားအစာများကို စားသောက်ရခြင်းအတွက် နိုင်ငံတော်၏ ကျေးဇူးကို စောင့်သိပါမည့်အကြောင်း သစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြ ရသည်။ ကလေးငယ်တို့၏ အသံစာစာကလေးများ၊ လူပျိုပေါက် အရွယ် လူငယ်တို့၏ ခပ်သြသြအသံကျယ်ကြီးများသည် ရော ထွေးကာ ဟိန်း၍ထွက်နေခြင်းကြောင့် သူတို့၏ သစ္စာအဓိဋ္ဌာန် ကို စ၊ လယ်၊ ဆုံး ကွဲကွဲပြားပြား နားမလည်ပေ။
သူတို့၏ရှေ့တွင် ပုံစံခွက်ဖြင့်ထည့်ထားသော ဝါကြင့်ကြင့် ထမင်းလုံးများနှင့် ကုလားပဲခြမ်းများကိုတွေ့ရသည်။ ဆန်ထဲသို့ ကုလားပဲခြမ်းများပစ်ထည့်ကာ ချက်ပြုတ်ထားသည့် အနေ အထားဖြစ်သည်။ ပုံစံခွက်တွင် ထမင်းထည့်မည့်အကန့်တစ်ကန့် နှင့် ဟင်းထည့်မည့်အကန့်သုံးကန့်ပါသည်။ ထိုနေ့က မနက်စာ သည် ပဲထမင်းတစ်မျိုးတည်းသာဖြစ်သည်။ ဟင်းထည့်ရန် သတ် မှတ်ထားသည့် ကျန်အကန့်သုံးကန့်ထဲတွင် ဗလာနတ္ထိ။
ထိုကလေးငယ်များအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေမှာ တစ်နေ့လျှင် တစ်ဦးစာအတွက် စားစရိတ် ၄၃၂ ကျပ်၊ ၁ဝ ပြား ဖြစ်သည်။ နိုင်ငံတော်မှ ထောက်ပံ့ငွေဖြင့် သတ်မှတ်ချက်အတိုင်း ကျွေးမွေးနိုင်ပြီး ပုဂ္ဂလိကအလှူရှင်များ၏ ပူးပေါင်းပါဝင်မှု ကြောင့် ပိုမို၍ လောက်လောက်ငင ကျွေးမွေးနိုင်ကြောင်း ကျောင်းအုပ်ကြီး ဦးအောင်စိုးက ရှင်းပြသည်။
ထမင်းစားဆောင်နှစ်ဆောင်တွင် နေရာအပြည့်ယူထား သည့် ကလေးငယ် ၄ဝဝ ကျော်ထံမှ ထွက်နေသည့် ဇွန်းနှင့် ပုံစံ ခွက်ပန်းကန်တို့ ထိခတ်သံများမှလွဲလျှင် တိတ်တိတ်ဆိတ်ဆိတ်။ သူတို့စားနေသည့် အမူအရာတို့မှာ ‘အရသာက အရေးမကြီး။ ဗိုက်တင်းရန်သာ အဓိက’ဟု ဆုံးဖြတ်ချက်ချထားသည့်နှယ်။ တချို့က ခပ်သုတ်သုတ်စားကြသည်။ တချို့က ဖြည်းဖြည်းနှင့် လေးလေးပင်ပင်စားကြသည်။ တချို့က တစ်ဇွန်း၊ နှစ်ဇွန်းခန့်သာ စားပြီး ထွက်သွားကြသည်။
ပြတင်းပေါက်မှတစ်ဆင့် လှမ်းမြင်နေရသည့် ကလေးငယ် တစ်ဦးသည် ပဲထမင်းကိုပါးစပ်ထဲတွင် အပြည့်ထည့်ဝါးထားသဖြင့် ပါးတစ်ဖက်ဖောင်းနေသည်။ ထိုကလေးငယ်က ကျွန်မကိုမြင် သွားသောအခါ မနိုင်မနင်းပြုံးပြသည်။ ကျွန်မက ရုတ်တရက် သူ့ ကိုလက်မထောင်ပြလိုက်သည်။ အသားဖြူဖြူ၊ မျက်လုံးဝိုင်းဝိုင်း ကလေးနှင့် သွက်လက်ပုံပေါ်သည့် ထိုကလေးငယ်က ပြန်၍ လက်မထောင်ပြကာ စားလက်စထမင်းကိုသာ ငုံ့၍လွေးတော့ သည်။ သူ့ကိုမြင်ရပြန်တော့လည်း အဖြူထည် ပဲထမင်းက အရသာရှိသလိုလို ထင်ယောင်မိလေသည်။
မနက်စာစားပြီးလျှင် အချို့ကလေးငယ်များက စားပွဲပေါ်မှ ပန်းကန်များကိုလိုက်သိမ်းကာ သူတို့၏အဆောင်များဆီသို့ သယ်ဆောင်သွားကြသည်။ စားပြီးသားပန်းကန်များကို သူတို့ အဆောင်ဘေးရှိရေကန်တွင် ဆေးကြသည်။ သင်တန်းသားတို့ သည် ထမင်းချက်ရန်၊ ထမင်းခူးရန်၊ ပန်းကန်ဆေးရန် စသည့် အလုပ်များကို နေ့စဉ်အလှည့်ကျ တာဝန်ယူကြရသည်။ သင်တန်း ကျောင်း၏ စိုက်ခင်းတာဝန်များ၊ ထင်းစုဆောင်းရေး၊ ကျောင်း သန့်ရှင်းရေးနှင့် အခြားသော ဝေယျာဝစ္စအလုပ်များလည်း ထို နည်းတူပင်ဖြစ်သည်။
ကျောင်းပြင်ပ မူလတန်းပညာရေးကို သင်ယူနေသည့် ကလေးငယ်အချို့မှအပ အခြားကျောင်းသားများက အတန်းတင် စာမေးပွဲများ ပြီးကြပြီဖြစ်သည်။
ညအိပ်ယာမဝင်ခင် နောက်နေ့နံနက်စာ အတွက် ကြိုတင်ပြင်ဆင်ကြရသည်။
နေ့စဉ်ဝေယျာဝစ္စများကို တာဝန်ကျသည့် ကလေးငယ် များက သူ့နေရာနှင့်သူ အသီးသီးလုပ်ငန်းခွင်ဝင်ရန် ပြင်ဆင် နေကြသည်။ တာဝန်မကျသဖြင့် အားလပ်နေသည့် ကလေးငယ် အချို့က ဘောလုံးကန်ကြသည်။ ရုပ်မြင်သံကြား ကြည့်ကြသည်။ အဆောင်တိုင်းတွင် ရုပ်မြင်သံကြားတစ်လုံးစီရှိသည်။ ထို့အတူ အဆောင်တိုင်းတွင် ကျောင်းအုပ်ကြီးထံ လိပ်မူတိုင်ကြားနိုင် သည့် လျှို့ဝှက်စာတိုက်ပုံးလေးတစ်ခုစီရှိသည်။
အဆောင်တိုင်းတွင် ကျောင်းသားခေါင်းဆောင်အဖြစ် တာဝန်ယူထားရသူများက အသီးသီးတာဝန်ကျသူများ၏ အဝင် အထွက်စာရင်းကိုမှတ်သားရသည်။ အပြင်ထွက်မည့် ကျောင်း သားများက သူတို့ကိုသတင်းပို့ရသည်။ တန်းစီချိန်များတွင် တစ် နေ့တာ ကျောင်းသားအဝင်အထွက်စာရင်းများကို သူတို့က ဆရာ၊ ဆရာမများထံ တင်ပြရသည်။
ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတွင် သြဂဲနစ်စိုက် ခင်းများရှိသည်။ ထိုစိုက်ခင်းတွင် ဘူးပင်၊ ခရမ်းပင်၊ ကန်စွန်းပင် စသဖြင့် မီးဖိုချောင်သီးနှံများကို စိုက်ပျိုးထားသည်။ ငယ်ရွယ် သည့် ကလေးများက ရေပုံးများတွင် ရေဖြည့်ပေးခြင်း၊ မြေဆွေး၊ နွားချေးနှင့် ကြက်ချေးများကို အရည်ဖျော်ပေးခြင်းတို့ကို ပြုလုပ် ရသည်။ ကိုယ်ကာယတောင့်တင်းသည့် လူငယ်တချို့က သီးပင် စားပင်များကို ရေလောင်းကြရသည်။ မြေဆွေးအိတ်များကို သယ်ယူရသည်။
အရွယ်ပိုကြီးသောလူငယ်တစ်ဦးက အရွယ်ငယ်သည့် ကလေးများကို နိုင်လိုမင်းထက်ပြုဟန်ပါသည့်လေသံဖြင့် စကား ပြောခြင်း၊ ဆဲရေးခြင်းများကို လုပ်နေစဉ် ကျွန်မနှင့် တာဝန်ကျ ဆရာမတို့ရောက်လာသဖြင့် ကိုယ်ရှိန်သတ်ကာ လုပ်စရာရှိသည် များကို ဆက်၍လုပ်ကိုင်ကြသည်။
တစ်ခဏမျှအကြာတွင် မီးဖိုချောင်တာဝန်ကျနေသည့် လူငယ်တစ်ဦးက စိုက်ခင်းထဲသို့ရောက်လာကာ ဘူးသီးနှစ်လုံး တောင်းသည်။ ဖိုကြီးမှ တာဝန်ကျဆရာမက တောင်းခိုင်းလိုက် သည်ဟုဆိုသဖြင့် စိုက်ခင်းတာဝန်ကျ လူငယ်တစ်ဦးက အရွယ် တော် ဘူးသီးနှစ်လုံးကို ကူ၍ ခူးပေးသည်။
ဘူးသီးတစ်လုံးကို ပခုံးထက်၌တင်ကာ တစ်လုံးကို လက် ကဆွဲ၍ စိုက်ခင်းထဲမှထွက်သွားသော လူငယ်နောက်မှ ကျွန်မ လိုက် သွားသည်။ ဖိုကြီးအဖွဲ့သားများသည် နေ့လယ်စာအတွက် အလုပ်ရှုပ်နေကြသည်။ တချို့က မနက်စောစောတုန်းကလိုပင် မီးထိုးနေသည်။ တစ်ဖွဲ့က ဘဲဥအလုံး ၄၂ဝ ကို အခွံဝိုင်းနွှာနေကြ သည်။ တချို့က အိုးခွက်ဇလုံများကို ဆေးကြောနေသည်။
ဘဲဥဝိုင်းနွှာနေသည့် ကလေးများထံသို့ ချဉ်းကပ်ကာ သူ တို့နှင့် စကားစမြည်ပြောကြည့်သည်။ ကလေးအများစုမှာ ခိုးဝှက် မှုဖြင့် ရောက်ရှိလာသူများဖြစ်သည်။ ဖိုကြီးတွင် အကူအညီလို သဖြင့် သူတို့ကိုခေါ်ထားခြင်းဖြစ်သည်။ ကလေးများအနက် တစ် ဦးသာ ရယ်ရယ်မောမောဖြင့် စကားပြောသည်။ ကျန်ကလေးငယ် များမှာ ခေါင်းကိုတွင်တွင်ငုံ့ကာ ဘဲဥများကိုသာ ခွာ၍ နေသည်။ လူစိမ်းဖြင့် စကားပြောရခြင်းကို သဘောကျဟန်မရှိလှ။
စကားပြောဖော်ရသည့်ကလေးက ရန်ကုန်မြို့ရှိ မြို့နယ် တစ်ခုမှ ဖြစ်သည်။ တယ်လီဖုန်းနှင့် ဆက်စပ်ပစ္စည်းများကို ဆိုင် ဖောက်ခိုးသည့်အမှုဖြင့် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ ခိုးစဉ်က အဖွဲ့ လိုက်ခိုးခဲ့သော်လည်း အဖမ်းခံရစဉ်တွင် သူတစ်ဦးတည်း ခံရခြင်း ဖြစ်သည်။
”အဲဒီနေ့က ခိုးပြီးတဲ့ပစ္စည်းတွေကို ရောင်းပြီးတော့ ဘုရား ပွဲရှိလို့ သွားကြတယ်။ ကျန်တဲ့ကောင်တွေ ဇာတ်ကြည့်နေတုန်း သားက မုန့်စားချင်လို့ အပြင်ထွက်လာတာ။ ရဲက ခဏလိုက်ခဲ့ ဆိုပြီး ဖမ်းခေါ်သွားတာနဲ့ ပါလာတာ”ဟု သူက ဆိုသည်။
အချုပ်ခန်းထဲတွင် ငါးလခန့် နေထိုင်ခဲ့ရပြီးနောက် ဤ သင်တန်းကျောင်းသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ သင်တန်း ကျောင်းတွင် နောက်ထပ် တစ်နှစ်ခန့်နေရဦးမည်။
”အချုပ်ခန်းမှာတုန်းက ထမင်းမဝဘူး။ စည်းကမ်းလည်း သိပ်မကြီးဘူး။ ဒီမှာတော့ စည်းကမ်းကြီးတယ်။ ဒါပေမဲ့ လိုအပ် တဲ့ ပစ္စည်းလုံလောက်အောင် ရတယ်။ ထမင်းဝဝစားရတယ်”ဟု ထိုကလေးငယ်က ဆက်ပြောပြသည်။
နှစ်ပြည့်၍ သင်တန်းကျောင်းမှ ထွက်ခွာခွင့်ရလျှင် နောက် ထပ်ခိုးမှုများကို မလုပ်တော့ဘူးဟု သူက ဆိုသည်။ ထိုင်း-မြန်မာ နယ်စပ်တွင် ဆိုင်ကယ်ဆက်စပ်ပစ္စည်းအရောင်းဆိုင်ဖွင့်ထား သော ဦးလေးတစ်ဝမ်းကွဲထံတွင် အလုပ်သွားလုပ်ရန် သူ ရည် ရွယ်ထားသည်။ ခိုးမှုအတူတူကျူးလွန်ခဲ့ကြသည့် သူငယ်ချင်းများ ကိုတော့ သံယောဇဉ်မပြတ်နိုင်ကြောင်း သူက ဆိုသည်။
”သူတို့တွေလည်း တချို့က အလုပ်ရကုန်ကြပြီတဲ့။ အမေ ပြောပြတယ်။ သားကတော့ သူတို့တွေနဲ့ မခေါ်မပြောဘဲတော့ မနေနိုင်ဘူး။ ငယ်ငယ်ကတည်းက မရှိအတူ၊ ရှိအတူပေါင်းလာ တာလေ။ ကျွန်တော့်မှာ စားစရာမရှိရင်လည်း သူတို့ပဲ ကျွေးခဲ့ တာ”ဟု သူက ပြောသည်။
ကျန်ကလေးငယ်များကတော့ သူတို့အကြောင်းကို ပြော ပြလိုဟန်မရှိ။ သို့သော် ဤသင်တန်းကျောင်းတွင် တစ်နှစ်ပြည့် လျှင်၊ ကောင်းမွန်စွာနေထိုင်လျှင် သင်တန်းကျောင်း၏ထောက် ခံမှုဖြင့် တရားရုံးတွင် အာမခံပြန်လျှောက်၍ ရမည့် အခွင့်အရေး ကို မျှော်လင့်နေကြောင်း သူတို့အချင်းချင်းအပြန်အလှန် ပြောဆို သည့်စကားများက ဖော်ပြနေသည်။
”အိမ်မပြန်ချင်တဲ့လူလို့ ဘယ်ရှိပါ့မလဲ။ ကိုယ့်မိဘအိမ်ပြန် ချင်တာပေါ့”ဟု သင်တန်းသားတစ်ဦးက ဘဲဥအခွံခွာရင်း ဆိုသည်။
တချို့ကလေးငယ်များက သင်တန်းကျောင်းတွင် နေထိုင်ရ သည်မှာ သူတို့၏ ဘဝလုံခြုံမှု ပို၍ ရှိသည်ဟု ခံစားကြရသည်။ သူတို့တွင် ပြန်စရာ အိမ်မရှိ။ လွမ်းစရာ မိဘမရှိ။ အောက်မေ့စရာ ဆွေမျိုးသားချင်းလည်း မရှိပေ။
”ကျွန်တော် ဒီမှာနေတာ ခုနစ်နှစ်ရှိပြီ။ ဒီမှာပဲနေမယ်။ အဖေရော၊ အမေရော မရှိတော့ဘူး။ ပြန်စရာမရှိဘူး”ဟု အိုးခွက် ပန်းကန်များဆေးကြောနေသည့် လူငယ်တစ်ဦးကပြောသည်။
သူတို့သည် ဘဲဥများကိုအခွံခွာပြီးနောက် စားဖိုဆောင်တာ ဝန်ကျဆရာမထံ ပြန်အပ်ရသည်။ ဆရာမက ရေအပြည့်ထည့် ထားသော ဇလုံကြီးတစ်လုံးထဲသို့ဘဲဥများကို ငါးလုံးတစ်ကြိမ်စီခွဲ ထည့်ကာ အရေအတွက်ပြည့်၊ မပြည့်ရေတွက်သည်။ ဘဲဥ ခွံခွာ သည့် ကလေးငါးဦးက ဆရာမ၏ဘေးတွင် ရပ်၍စောင့်ရသည်။ ပထမတစ်ကြိမ်ရေသည်။ ဘဲဥတစ်လုံးပျောက်နေသည်။ မသေ ချာ၍ ဒုတိယအကြိမ် ထပ်၍ရေတွက်ပြန်သည်။ သည်တစ်ကြိမ် တွင်လည်း ဘဲဥက တစ်လုံးလိုနေပြန်သည်။ ကလေးများ၏မျက် နှာမှာ ငယ်၍သာနေလေတော့သည်။ အပိုင်း(၂)