လေပြေထဲတွင် ငယ်ရုပ်ဆင်

အောက်တိုဘာလထုတ်-၂၀၁၄၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၇)မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။

မောင်ဥယျာဉ် ရေးသည်။

ရုပ်ရှင်ရုံတွေရဲ့ ရုံဆင်ပိုစတာကြီးတွေ ကွယ်ပျောက်သွား တာ ဆယ်စုနှစ်နဲ့ ချီ ကြာခဲ့ပါပြီ။ ကျွန်တော်တို့ခပ်ငယ်ငယ်က ရုံ ဆင်ပိုစတာကြီးတွေ ကြည့်ပြီး ဇာတ်ကားကောင်း၊ မကောင်း ခန့် မှန်းကြရတာအမော။ အခုတော့ တခမ်းတနားရှိလှတဲ့ ရုံဆင်ပို စတာကြီးတွေရဲ့ နေရာမှာ ကွန်ပျူတာအထူးပြုလုပ်ချက်များနဲ့ ဖန်တီးထားတဲ့ ဗီနိုင်းတွေက နေရာယူလာပြီလေ။

          ခေတ်စနစ်ရဲ့ ဝါးမျိုမှုအောက်မှာ ရုံဆင်ပိုစတာရေးတဲ့ ပန်း ချီဆရာတွေလည်း ဒရောသောပါး ပါသွားကြတယ်။ ဗီနိုင်းဆရာ တွေရဲ့ လက်စွမ်းပြချက်က တကယ်တော့ ရုံဆင်ပိုစတာတွေတင် မကဘူူး၊ ဆိုင်းဘုတ်တွေ၊ လမ်းဖြတ်ပိုစတာတွေ၊ ဝေါလ်ရှိတွေ၊ ဆိုင်းဘုတ်တွေအထိပါ နေရာယူလာကြတယ်။ သတင်းစာရှင်း လင်းပွဲတွေ၊ ဘုံဆွမ်းလောင်းအသင်းဆိုင်းဘုတ်တွေ၊ မြေစိုက်ပို စတာတွေမှာလည်း မလွတ်ဘူး။ တစ်မိုးလုံး ဖျောက်ဆိတ်လို့ တောင်ပြောနိုင်တယ်။ ယုတ်စွအဆုံး ဆန္ဒပြရာမှသည်ပင် ဗီနိုင်းနဲ့ မလွတ်တော့ဘူး။ ဗီနိုင်းစက်ပိုင်ရှင်တွေက အခါပေးနေသလား အောက်မေ့ရတယ်။

          ဗီနိုင်းတွေ ပေါ်ပေါက်လာတာ ခရစ်နှစ် ၂ဝဝဝ ဝန်းကျင် လောက်မှာ ပေါ်ပေါက်လာတာပါ။ အရင်ခေတ်ကတော့ အခု ခေတ်လို ဗီနိုင်းလည်း မရှိတော့ ဘာလေးလုပ်ချင်လုပ်ချင် ပန်းချီ ဆရာတွေကိုသာ အားကိုးကြရတယ်။ အထူးသဖြင့် ကျွန်တော်တို့  ခပ်ငယ်ငယ်က ရုံဆင်ပိုစတာတွေအားလုံးဟာ ပန်းချီဆရာတွေ လက်စွမ်းပြထားတာတွေချည်းပဲ။ ရုပ်ရှင်ရုံပိုစတာတွေ မကပါ ဘူး။ စတိတ်ရှိုးတို့၊ မျက်လှည့်ပွဲတို့၊ ဇာတ်ပွဲ၊ အငြိမ့်ပွဲတို့ကလည်း ပန်းချီပိုစတာကြီးတွေနဲ့ပေါ့။ မန္တလေးတောင်ခြေ ရာပြည့်ကွင်းမှာ လုပ်တဲ့ ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့အခမ်းအနားတွေမှာ ရုံဆင်ပိုစတာကြီးတွေ တခမ်းတနားနေရာယူခဲ့ကြဖူးတယ်။ အခု လို သီတင်းကျွတ်ကျောက်တော်ကြီးပွဲတော်ရောက်ရင် မိုးဝင်း၊ မိုး မင်း၊ သိန်းဇော်၊ နန်းဝင်း၊ ဘီအီးဒီအောင်သိုက်၊ မြို့တော်အင်အား စုစတဲ့ ဇာတ်သဘင်အဖွဲ့တွေရဲ့ ပိုစတာကြီးတွေကို နတ်ကရာ ကျီး မော့လုပ်ခဲ့ရဖူးတယ်။

          ရုံပြည့်ရုံလျှံဆိုတဲ့ ဝေါဟာရကို မျက်ဝါးထင်ထင် တွေ့ခဲ့ရဖူး တယ်။ အခုခေတ်လို ဟိုတယ်ကြီးတွေရဲ့ ရေကူးကန်နံဘေးက ကွက်လပ်ကျဉ်းကျဉ်းလေးထဲမှာ လုပ်တဲ့ ပွဲ မဟုတ်ဘူး။ စတိတ်ရှိုး ရုံကြီးတွေဆိုတာ အကျယ်ကြီး။ ပလေးဘွိုင်းသန်းနိုင်၊ အယ်လ်ပီ ဂျေသိန်းတန်၊ ကျော်ဟိန်း၊ ဇော်ဝင်းရှိန်၊ တူးတူး၊ ခင်မောင်ထူး စတဲ့ အဆိုတော်တွေ လျှမ်းလျှမ်းတောက်စဉ် ရွှေရောင်ကာလတွေ ပေါ့။ ကျော်ဟိန်းကြီးက ပြောက်ကျားအင်္ကျီ၊ ဘောင်းဘီကြီးဝတ် ထားပြီး နားသန်သီးဆွဲထားတာ မှတ်မိနေသေးတယ်။

          အဲဒီခေတ်၊ အဲဒီအခါက ကျွန်တော်တို့အတွက် ဖေးဘရိတ် အစားအစာက မုန့်ခေါင်းအုံး၊ ဖုန်တထောင်းထောင်းကြားက ထန်းလျက်ရည်ရွှဲရွှဲဆမ်းထားတဲ့ မုန့်ခေါင်းအုံးရဲ့ အရသာဟာ နတ်သုဒ္ဓါတမျှပါပဲ။ မုန့်ခေါင်းအုံးက ဆယ့်နှစ်ရာသီ အချိန်ပြည့် ရတဲ့ အစားအစာမဟုတ်ဘူး။ ပွဲတော်ရှိတဲ့ ကာလတွေမှသာ ရနိုင် တဲ့ သရေစာဆိုတော့ ပွဲတော်ပြန်လက်ဆောင်အဖြစ် ရာပြည့် ကွင်းက ပြန်လာကြသူ တော်တော်များများ ဝယ်ကြတယ်။ အခု ခေတ်လို ကြွပ်ကြွပ်အိတ်နဲ့ ထုပ်တာမဟုတ်ဘဲ အင်ဖက်နဲ့ ထုပ်ပြီး  လျှော်ကြိုးနဲ့ ခေါက်တွန့်ချည်ထားတာလေ။

          ကျောက်တော်ကြီးဘုရားပွဲတော်ရောက်ရင်လည်း ဇာတ်ပွဲ တွေက အပြိုင်အဆိုင်ပဲ။ အခု ဦးလေးကြီးအရွယ်ရောက်နေကြပြီ ဖြစ်တဲ့ မ္တနလေးသိန်းဇော်ရဲ့ ‘ပန်းသလား မေပျို’၊ ဘီအီးဒီအောင် သိုက်ရဲ့ ‘နန်းထား လမ်းသလားနေသည်’တို့ဟာ ရုံဖွင့်ပေးခဲ့ရတဲ့ အထိ အောင်မြင်တဲ့ ပြဇာတ်တွေ ဖြစ်ကြတယ်။ ဦးလေးကိုမိုးမင်း ရဲ့ ကိုယ်ပျောက်စတိတ်ရှိုး၊ မိုက်ကယ်ဂျက်ဆင်စတိတ်ရှိုးတွေက လည်း ပရိသတ်လက်ခုပ်သံတွေ ချူယူနိုင်ခဲ့တာ မှတ်မိသေးတယ်။

          ရုပ်ရှင်ပိုစတာတွေရဲ့ ဆွဲဆောင်မှုကြောင့် ကျွန်တော်ကိုယ် တိုင် ကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်ကားတွေလည်း မနည်းဘူး။ ကျွန်တော် တို့ကြည့်ခဲ့ရတဲ့ မင်းသားတွေက ကျော်သူ၊ စိုးသူ၊ ရန်အောင်၊ ရဲ အောင်တို့ခေတ်။ ကျွန်တော်တို့အစ်ကိုတွေ၊ ဦးလေးတွေက ကျော်ဟိန်း၊ ဇော်ဝမ်းတို့ခေတ်။

          ကျွန်တော်တို့လူငယ်ဘဝမှာ ရင်ကို လှုပ်ခတ်နိုင်တဲ့ဇာတ် ကားက ဒဏ္ဍာရီဇာတ်ကား။ ဇင်ဝိုင်းနဲ့ မေသန်းနုတို့ ခေါင်းဆောင် ပါဝင်ထားကြတယ်။ မန္တလေးတက္ကသိုလ်ကို အခြေပြုပြီး ဇာတ် အိမ်တည်ထားတာကြောင့်လည်း ဖြစ်နိုင်တယ်။ ဇာတ်ဝင်သီချင်း တွေရဲ့ အထောက်အပံ့ကောင်းတာကြောင့်လည်း ဖြစ်နိုင်တယ်။

          ကျော်သူနဲ့ စိုးသူတို့နှစ်ယောက်တွဲပြီး သရုပ်ဆောင်ထားတဲ့ ဒိုးဇာတ်ကားကလည်း မှောင်ခိုလက်မှတ်ရောင်းရတဲ့အထိ အောင်မြင်ခဲ့တာ မှတ်မိသေးတယ်။

          ကျွန်တော်တို့ခေတ်မှာ နာမည်ကြီးတဲ့ ရုပ်ရှင်မင်းသမီးတွေ က မို့မို့ုမြင့်အောင်၊ ခိုင်ခင်ဦး၊ ဇင်မာဦး စတဲ့သူတွေ ဖြစ်ကြတယ်။ သံယောဇဉ်ချာတိတ်တို့၊ ကိုကိုဘာလို့မုန်းတာလဲ၊ တစ်ပြည်သူ မရွှေထား၊ အကြွေပန်းပေမယ့် ရွှေနန်းတော့ထိုက်ချင်တယ် စတဲ့ ကားတွေဟာ ရုပ်ရှင်ရုံရဲ့ လူဝင်ပေါက်မှာ ရုံပြည့်ပြီဆိုင်းဘုတ် ချိတ်ရတဲ့ ရုပ်ရှင်ကားတွေ ဖြစ်ကြတယ်။

          ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘဝမှာ သွားကြည့် ခဲ့ကြတဲ့ ရုပ်ရှင်ကားတစ်ကားရှိတယ်။ ဝတ္ထုက ဆရာမြသန်းတင့် ရဲ့ နာမည်ကျော် ဘဝဖြတ်သန်းမှုဝတ္ထု။ ပါဝင်ကြတဲ့ သရုပ်ဆောင် တွေကလည်း အဲဒီခေတ်က ဂရိတ်ဆိုတဲ့သူတွေချည်းပဲ။ ကျော် ဟိန်း၊ ကျော်သူ၊ မင်းဦး၊ နေအောင်၊ ဘီအီးဒီအောင်သိုက်တို့ ပါဝင် တာ မှတ်မိတယ်။ ရုပ်ရှင်က ဘယ်လိုဖြစ်တယ်မသိဘူး၊ မျှော်မှန်း ထားသလောက် မအောင်မြင်ဘူး။ အဲဒီရုပ်ရှင်ကတော့ ဓား တောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်ဆိုတဲ့ ရုပ်ရှင်။

          အခုတော့ ရုပ်ရှင်လည်း မကြည့်ဖြစ်တာ ကြာပြီ။ ရုပ်ရှင်ရုံ တွေကလည်း နည်းသထက် နည်းလာပြီ။ စီမံကိန်းစီးပွားရေးစနစ် မှာတောင် မားမားမတ်မတ်ရပ်တည်နိုင်ခဲ့တဲ့ ရုပ်ရှင်ရုံတွေဟာ ဈေးကွက်စီးပွားရေးခေတ်ရောက်မှပဲ တဖြည်းဖြည်းယုတ်လျော့ လာရတယ်။ လူဦးရေလည်း တိုးလာတယ်၊ မြို့ကွက်လည်း ကျယ် လာတယ်၊ တကယ်ဆိုရင် ရုပ်ရှင်ရုံတွေဟာ အရင်ထက်ပိုပြီး တိုး လာရမှာ မဟုတ်လား။ ဒါပေမဲ့ လက်တွေ့မှာတော့ ရုပ်ရှင်ရုံတွေရဲ့ ကျဆုံးခန်းလို့တောင် ပြောနိုင်တယ်။

          ဘာကြောင့် ရုပ်ရှင်ရုံတွေ ကွယ်ပျောက်လာရတာလဲ။ ဟို တယ်ကြီးတွေ၊ ကွန်ဒိုကြီးတွေ ဖြစ်သွားတာလည်း ရှိတာပေါ့။ ဘာ မှ မလုပ်ရမကိုင်ရသေးဘဲ ဒီအတိုင်းပစ်ထားတဲ့ ရုပ်ရှင်ရုံတွေ လည်း ရှိတာပဲ။ ပိုင်ရှင်အပြောင်းအလဲဖြစ်တာတွေလည်း ရှိတာ ပေါ့။ ရုပ်ရှင်ထုတ်လုပ်သူတွေဘက်က (ကျွန်တော့်အထင်)စေ တနာနည်းလာတာလည်း ပါတယ်။

          ဒီဘက်နှစ်ပိုင်းတွေမှာ ရုံတင်ပြသတဲ့ ကားအရေအတွက် ဟာ တစ်နှစ်လုံးမှာလက်နှစ်ဖက်မပြည့်ချင်တော့ဘူး။ အရင်က တော့ ပြက္ခဒိန်နှစ်တစ်နှစ်မှာ ရုံတင်တဲ့ ဇာတ်ကားအရေအတွက် က လေး၊ ငါး၊ ခြောက်ဆယ်ရှိခဲ့တာကလား။ ကျွန်တော့်ဦးလေး တွေခေတ်ကဆို ဦးကျော်ဟိန်းကြီး သရုပ်ဆောင်တဲ့ ကျီးယောင် ဆောင်သော ဒေါင်းတို့၊ လွမ်းနေမယ်မမတို့ဆို နှစ်ပတ်၊ သုံးပတ် ဆက်တိုက်ပြသကြရတဲ့ ကားတွေ။ လွမ်းနေမယ်မမဇာတ်ကားထဲ မှာ ဦးကျော်ဟိန်းကြီးက ဟာဝေယံရှပ်လက်တိုနဲ့ စတိုင်လ် ဘောင်းဘီတွဲပြီး ဝတ်ပြလိုက်တော့ ကျွန်တော့်ဦးလေးတွေက လိုက်ဝတ်ကြတယ်လေ။ ကျွန်တော်တို့ခေတ်မှာလည်း ကျော်သူ က ကောင်းချစ်တဲ့မမ ဇာတ်ကားမှာ စီလွန်လွယ်အိတ်ကို ထုံးပြီး လွယ်တော့ ကျော်သူ့အထုံးဆိုပြီး လိုက်ထုံးကြတာ မှတ်မိသေးတယ်။

          ဒီဘက်နှစ်တွေမှာ ရုံတင်ခဲ့တဲ့ ဇာတ်ကားနာမည်အချို့ကို ကြည့်ခြင်းအားဖြင့် ပရိသတ်အပေါ်မှာ ထားတဲ့စေတနာကို မျက် ဝါးထင်ထင် တွေ့မြင်နိုင်ပါလိမ့်မယ်။ ဖလန်းဖလန်းထနေတဲ့ အချစ်၊ ဟော့ရှော့၊ ယောက္ခမဆိုတာ တစ်ခါတုန်းက သမက်ပါပဲ၊ အလန်းဇယားစတဲ့ ကားတွေ ဖြစ်ကြတယ်။

          တချို့ကတော့ ပြောကြတယ်၊ ပရိသတ်ကို ပေါ့ပေါ့ပါးပါး ဖြစ်စေချင်လို့တဲ့။ (ဒီလိုနဲ့ ပရိသတ်ပိုက်ဆံ ညာယူနေတာ ကြာ လေလှပေါ့) ပရိသတ်က တကယ်တော့ တာဝန်ကျေပြီးသား။ တကယ်ကောင်းရင် တကယ်အားပေးခဲ့တာချည်းပဲ။ ဆူလွယ်နပ် လွယ်လေးတွေလောက်နဲ့ လုပ်စားမှတော့ ပရိသတ်ရဲ့ ဒဏ်ခတ် တာ ခံကြရတော့မှာပေါ့။ ပရိသတ်ကို အဆိပ်ခတ်ရင် ပရိသတ်က လည်း ဒဏ်ခတ်မှာ မလွဲဘူး။

          အရင်ကတော့ ဇာတ်ကားအသစ်ရုံတင်တော့မယ်ဆိုရင် သောကြာနေ့ထုတ် သတင်းစာတွေမှာ ရုံတင်မယ့်ဇာတ်ကား ကြော်ငြာနဲ့ ဇာတ်လမ်းအကျဉ်းကို စောင့်ဖတ်ကြရတာအမော။ အခုတော့လည်း ရုပ်ရှင်ကြည့်ရမှာ စိတ်မပါတာကြောင့် သတင်း စာမှာ ကြော်ငြာမှ ပါသေးရဲ့လား မသိ။ ရုပ်ရှင်ရုံတွေဘက်လည်း ခြေဦးမလှည့်ဖြစ်တာ ကြာပြီ။ တစ်ခါတစ်ရံ ပရက်ရှိုးမေတ္တာလက် မှတ်ရရင်တောင် မကြည့်ဖြစ်တော့ဘူး။ အထူးသဖြင့် ဗီနိုင်းကြီး တွေနဲ့ လုပ်ထားတဲ့ ရုံဆင်ပိုစတာကြီးတွေက မဆွဲဆောင်နိုင်တာ လည်း ပါတာပေါ့။

          တကယ်တော့ ဗီနိုင်းတွေဟာ ခေတ်ရဲ့ လိုအပ်ချက်ကြောင့် ပေါ်လာရတဲ့ နည်းပညာအသုံးပြုထုတ်ကုန်တစ်ခုပါပဲ။ ဗီနိုင်းမှာ အားသာချက်တွေ ရှိနေတာလည်း အမှန်ပါပဲ။ မြန်ဆန်တယ်၊ လွယ်ကူတယ်၊ ကပ်စတန်မာအတွက် စရိတ်ကျဉ်းတယ်၊ ဆိုင်း ဘုတ်လုပ်လိုသူတွေ၊ တန်ဖိုးကြီးပန်းချီကားနှစ်သက်သူတွေ အတွက် အဖိုးနည်းဝန်ပါဖြစ်တယ်။ လီယိုနာဒို၊ ရေနွား၊ ပီကာဆို၊ မွန့်ချ်စတဲ့ ကမ္ဘာကျော်ပန်းချီကားတွေကို ဗီနိုင်းထုတ်ပြီး ဧည့်ခန်း ထဲမှာ ချိတ်ဆွဲထားရင် မြန်မာငွေ ကျပ်တစ်ထောင်လောက်သာ ကုန်ကျတယ်။ ဒေါ်လာသန်း ၃ဝဝ လောက်တန်တဲ့ ပီကာဆိုပန်း ချီကားကို မြန်မာငွေ ထောင်ဂဏန်းလောက်နဲ့ ဧည့်ခန်းထဲမှာ ချိတ်ထားနိုင်တာဟာ ဗီနိုင်းတွေရဲ့ ကျေးဇူးပဲ မဟုတ်လား။

          ဆိုင်းဘုတ်တစ်ခုခုလုပ်မယ်ဆိုလည်း ပန်းချီဆရာတွေကို မ,နေစရာ မလိုတော့ဘူး။ အရင်ကတော့ မီးသွေးရသည် ဆိုင်း ဘုတ်မှသည် စိန်ရွှေရတနာအရောင်းဆိုင်အထိ ပန်းချီဆရာတွေ ရဲ့ လက်ရာမကင်းခဲ့ဘူး။ ကားနံပါတ်လောက်ရေးတဲ့ ပန်းချီဆရာ (အမည်ခံ)ကလည်း လာအပ်တဲ့ ကပ်စတန်မာကို ဖိုင်းန်အတ်က ဘယ်လို၊ ကော်မာရှယ်က ဘယ်နည်း စသဖြင့်  လက်ချာရိုက်လွှတ် သေးတာ။ တစ်ခါတလေ ဆိုင်လေး၊ ဘာလေးဖွင့်မှာမို့ ဆိုင်နာမည် ရွေးဖို့ ဗေဒင်သွားမေးရင် ဗေဒင်ဆရာက ဆိုင်နာမည်တင်မက ဘူး၊ အောက်ခံအရောင်က ဘာ၊ စာလုံးအရောင်က ဘယ်အရောင် ဆိုတာပါ ထည့်ဟောလိုက်သေးတာ။ ကျွန်တော်တို့လူ့အဖွဲ့အစည်း က အင်တာနက်ဆိုင်ဖွင့်ရင်တောင် ဗေဒင်ဆရာပေးတဲ့ နာမည်၊ ဗေဒင်ဆရာဟောတဲ့ အရောင် လုပ်လိုက်ရမှ စားဝင်အိပ်ပျော်တဲ့ လူ့အဖွဲ့အစည်း။ အဲဒီလိုအခါမျိုးမှာ ပန်းချီဆရာနဲ့ ခွန်းကြီးခွန်း ငယ် ပြောကြဆိုကြရပြီ။ လက်တစ်ဝါးစာလောက် ဆိုင်းဘုတ် အတွက် လိုက်ဖက်အရောင်က ဘယ်လို၊ ဆန့်ကျင်ဘက်အရောင် က ဘာ၊ ကာလာကွန်ပိုစေးရှင်းက ဘယ့်နှယ်ဆိုပြီး ပန်းချီဆရာက ဋီကာချဲ့ရင် ချဲ့နေသေးတာကလား။ တစ်ခါတလေများ ဆိုင်း ဘုတ်ပေါ်မှာ ရေးရမယ့်စာလုံးကို ခဲနဲ့ အရာပေးပြီး တမေ့တမော လက်ဖက်ရည် သွားသောက်ရင် သောက်နေသေးတာ။

          အခုတော့ ဗီနိုင်းခေတ်မှာ အဲဒီလိုအဖြစ်တွေ မရှိတော့ဘူး။ ဗီနိုင်းမထုတ်ခင် ကွန်ပျူတာစခရင်မှာ ကပ်စတန်မာကို ပြလိုက် သေးတယ်။ ကပ်စတန်မာစိတ်ကြိုက်အရောင်၊ စိတ်ကြိုက်ဒီဇိုင်း ဖြစ်ပြီဆိုမှ ဗီနိုင်းအဖြစ် ထုတ်ပေးကြတာ။ စရိတ်ကလည်း ကျဉ်း၊ မြန်ကလည်း မြန်၊ ကပ်စတန်မာလည်း စိတ်ကြိုက်ရွေးချယ်ခွင့် ရဆိုတော့ အဟောဝတ ကောင်းလေစွပေါ့။

          ကျွန်တော်လည်း စိတ်ကူးထားတာရှိတယ်။ ဂျက်ဆန်ပူး လော့ရဲ့ပန်းချီကားတစ်ချပ်ရယ်၊ ဆရာပေါ်ဦးသက်ရဲ့ ပန်းချီကား တစ်ချပ်ရယ် ဗီနိုင်းထုတ်ပြီး ဧည့်ခန်းမှာ ချိတ်ထားမယ်။ ပန်းချီ ကားမြတ်နိုးသူတစ်ယောက်အနေနဲ့ မူရင်းကားတွေ မတတ်နိုင် တာကြောင့် ရသေ့စိတ်ဖြေ ဗီနိုင်းလေးတွေနဲ့ အာလျဖြေရတဲ့ သဘောပါပဲ။ ခင်ဗျားတို့အတွက်လည်း လက်ဆောင်ပေးဖို့ စဉ်း စားထားတယ်။ လူကြုံကောင်းရင် ထည့်ပေးလိုက်ပါ့မယ်။     ။

 

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."