လူလည်ကုလားထိုင်မှာ ထိုင်ခဲ့ကြသူများ

ကျွန်တော်တို့ရဲ့ ငယ်ဘဝတွေမှာ ဝပ်ကျင်းကိုယ်စီ ရှိခဲ့ကြတယ်။ တချို့ဝပ်ကျင်းတွေက လမ်းထိပ်မှာ၊ ဝပ်ကျင်းတချို့က လမ်းဆုံမှာ၊ ကျွန်တော်တို့ လူငယ်ဘဝရဲ့ ဝပ်ကျင်းတွေက လက်ဖက်ရည်ဆိုင်မဟုတ်ခဲ့ဘူး။ ဘီယာစတေရှင်တွေ မဟုတ်ခဲ့သလို ကာရာအိုကေတွေ၊ မာဆတ်တွေ မဟုတ်ခဲ့တာသေချာတယ်။ သေချာတာကတော့  ကျွန်တော်တို့ ခေတ်ပြိုင် လူငယ်အားလုံးရဲ့  ဝပ်ကျင်းတွေက အသွင်သဏ္ဌာန်ရော အနှစ်သာရတွေပါ တူညီကြတယ်။ ကျွန်တော်တို့ရဲ့ ဝပ်ကျင်းတွေက ဆံသဆိုင်တွေပါပဲ။

 

ကျွန်တော်တို့ရဲ့ ရှေ့က မျိုးဆက်တွေ ဖြစ်တဲ့ အစ်ကိုတွေ၊ ဦးလေးတွေ၊ ဦးကြီးတွေအားလုံး ဆံသဆိုင်တွေမှာ တခုတ်တရ အချိန်ပေးခဲ့ကြတယ်။ ကျွန်တော်တို့ခေတ်မှာတော့ အစ်ကိုတွေ၊ ဦးလေးတွေလို ဆံသဆိုင်တွေမှာ သူတို့လောက် အချိန်အကြာ ကြီး မပေးနိုင်ခဲ့ကြပေမယ့် နည်းနည်းဖြစ်စေ ပေးခဲ့ကြသေးတာပါ ပဲ။ အဲဒီခေတ်က ဆံသဆိုင်တွေကို လူငယ်တွေက ဘုံရိပ်သာ အဖြစ် သဘောထားကြတာကလား။ တချို့ ဆံပင်ညှပ်ဆိုင်တွေက သတင်းပလင်းဖလှယ်ရာ အင်ဖော်မေးရှင်းစင်တာပေါ့။ တော် လှန်သော ကာလတွေမှာတော့ တော်လှန်ရေးရဲ့ ဘူမိနက်သန် နေ ရာမှန်တွေအဖြစ် အသုံးတော်ခံခဲ့ကြတယ်။

ဆံသဆိုင်တွေကို လူငယ်တွေ သဘောကျတာ အကြောင်း မဲ့တော့ မဟုတ်ဘူး။ နစ္စဂီတဝါဒိတဘက်မှာ ဝါသနာပါသူတွေ အတွက် ဆိုင်ထောင့်က တိုင်မှာ ချိတ်ထားတဲ့ မယ်ဒလင်ကို ဖြုတ် ပြီး ဒေါင်ဒေါင်ဒင်ဒင် လက်ရည်စမ်းနိုင်တယ်။ စစ်တုရင် ဝါသနာ ပါရင် စစ်တုရင်ထိုးလို့ရသေးတယ်။ စာဖတ်ဝါသနာပါသူတွေ အတွက် လကျော်မဂ္ဂဇင်းအဟောင်းတွေ ဖတ်လို့ရတယ်။ သိပ္ပံ မဂ္ဂဇင်းအဟောင်းတွေ၊ သုတပဒေသာမဂ္ဂဇင်းအဟောင်းတွေ ဆံသဆိုင်မှာ အခမဲ့ဖတ်လို့ရတယ်လေ။ အဲဒီတုန်းက စာစောင် ခေတ် မဟုတ်သေးတော့ ရုပ်ရှင်အစည်းအရုံးက ထုတ်တဲ့ ဖလင် စတားဆိုတဲ့ စာစောင်ရယ်၊ တံခွန်အားကစားဂျာနယ်ရယ်ပဲ ရှိ တာ အမှတ်ရမိတယ်။ ဖလင်စတားစာစောင်ထဲမှာ လေးလုံးစပ် ကဗျာလေးတွေ ပါတယ်။ မင်းသား၊ မင်းသမီးတွေ ဘာကားတွေ ရိုက်နေတယ်ဆိုတဲ့ သတင်းအတိုအစလေးတွေ ပါတယ်။ တံခွန် ကတော့ အားကစားဂျာနယ်ပီပီ အားကစားသတင်းတွေ ဝေဝေ ဆာဆာနဲ့ ထုတ်ပြီး တံခွန်ထူခဲ့တဲ့ ကာလများ ဆိုပါတော့။ မောင် ဗမာတွေ၊ မောင်မြန်မာတွေ ကာယဗလ ညှစ်နေတဲ့ပုံတွေ ကာဗာ တင်ပြီး ထုတ်ခဲ့ကြတယ်။ အပြေးချန်ပီယံ (ဒေါ်မာမာမင်းနဲ့ ဒေါ်ခင်ခင်ထွေး)တွေ ရွှေရောင်တောက်ပခဲ့တဲ့ နှစ်ကာလများပါပဲ။ အားကစားဂျာနယ်ပီပီ အားကစားသတင်းတွေ စုံစုံလင်လင် ဖတ် ခဲ့ကြရတယ်။ အခုတော့ အားကစားဂျာနယ်တွေလည်း ဘောလုံး နဲ့ပဲ လုံးချာလိုက်နေကြတော့တယ်။ ဘောလုံးတောင်မှ ပရီးမီး ယားလိဂ် အသင်းတွေကိုသာ ပုံစံအမျိုးမျိုးနဲ့ တခုတ်တရ ဖော်ပြ နေတာတွေချည်း အပတ်စဉ် တွေ့နေရတယ်။ ပြည်တွင်းဘောလုံး အကြောင်း၊ အာဆီယံဘောလုံးအကြောင်း၊ အာရှဘောလုံး အကြောင်း ဂဃနဏ သိရဖို့ မလွယ်ဘူး။ လောင်းကစားဆန်ဆန် ဘောလုံးပွဲကြို ခန့်မှန်းသုံးသပ်ချက်တွေက မမြင်ချင်မှ အဆုံး။

ဆံပင်ညှပ်ဆိုင်အတွင်းမှာ သူ့ခေတ်သူ့အခါက ထင်ရှား ကျော်ကြားတဲ့ ပိုစတာမင်းသမီးတွေလည်း ချိတ်ဆွဲထားသေးတာ ပေါ့။ ဖိုဘီကိတ်တို့၊ မိုမိုကိုတို့က ဆံပင်ညှပ်ဆိုင်နံရံမှာ ချိတ်ဆွဲထား လို့ မြင်ခဲ့ရတဲ့ မင်းသမီးတွေ၊ သူတို့ ဘယ်ဇာတ်ကားမှာ သရုပ် ဆောင်ထားမှန်းတောင် မသိပါဘူး။ ဘရွတ်ခ်ရှီးလ်က ဂျင်း ဘောင်းဘီဒူးပြဲလေးနဲ့ ကပိုကရိုထိုင်နေတဲ့ ပုံကလည်း ဆံပင်ညှပ် ဆိုင်တိုင်း ချိတ်ဆွဲရတဲ့ ပိုစတာ ဖြစ်မှန်းမသိ ဖြစ်ခဲ့ရတယ်။ သင်္ဘောသားတွေ၊ လေယာဉ်မောင်တွေနဲ့ အဆက်အဆံရှိတဲ့ ဆိုင်ရှင်တွေကတော့ သူများဆိုင်တွေထက် နှာတစ်ဖျားသာတယ်။  အဲဒီဆိုင်တွေမှာ နိုင်ငံခြားမင်းသမီးတွေရဲ့ ရေကူးဝတ်စုံနဲ့ ကုန် ပစ္စည်းကြော်ငြာပြက္ခဒိန်ကို ဆံပင်ညှပ်ရင်း ရှုစားနိုင်တယ်။ ပြက္ခဒိန်ရဲ့ သဘောသဘာဝက တစ်နှစ်သက်တမ်းသာ ခံပေမယ့်  Swimming Suit နဲ့ ပြက္ခဒိန်တွေကိုတော့ ဆိုင်ရှင်တွေက လေး၊ ငါး၊ ခြောက်နှစ် ဟောင်းနွမ်းတဲ့အထိ ချိတ်ဆွဲလေ့ရှိကြ တယ်။ အဲဒီတုန်းကတော့ နောက်ထပ်လည်း ဒီလို ပြက္ခဒိန်တွေ ရဖို့က လွယ်မှ မလွယ်ဘဲကိုး။ အခုခေတ်မှာတော့ အဲဒီလို ဖုံးဖုံးဖိဖိ  ပြက္ခဒိန်လောက်အတွက် ပြည်ပအားကိုး ပုဆိန်ရိုးလုပ်စရာ မလို တော့ဘူး။ ပြည်တွင်းမှာတင် ကြည်တောက်ရှင်း အစက်အပျောက် ကင်း ပြက္ခဒိန်မျိုးစုံ (လူမထပ်စေရဘဲ) ရနေပါပြီ။ ခေတ်က ပွင့် လင်းမြင်သာတဲ့ ခေတ်လို့ ဆိုထားသကိုး။

ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ ပထမဦးဆုံး ဆံပင်ညှပ်ဆိုင် ရောက်ဖူးတာကတော့ အမေခေါ်သွားလို့ပါ။ ဆံပင်ညှပ်ဆိုင်ကို ကျွန်တော်တို့ ရွေးချယ်ခွင့်မရှိဘူး။ အမေခေါ်ရာနောက်ကိုသာ တရွတ်တိုက် ပါသွားရတဲ့ အရွယ်။ ကျွန်တော်တို့ခေတ်မှာ သား ရေလက်ဆွဲအိတ်တစ်လုံး လက်က ဆွဲပြီး အရပ်တကာလှည့် ဆံပင်ညှပ်ပေးတဲ့သူ ရှိပေမယ့် အမေက ကျွန်တော့်ကို ဆံပင်ညှပ် ဆိုင်မှာ ညှပ်စေတယ်။ သူ့သား ကျွန်တော့်ကို လှတပတ ဖြစ်စေ ချင်တဲ့ စေတနာ အမေ့မှာ အပြည့်ရှိတယ်။ ရပ်ကွက်ထဲက ကျွန် တော်နဲ့ ရွယ်တူတန်းတူတွေ အရပ်ထဲ လည်ညှပ်တဲ့ ဦးလေးကြီးဆီ မှာ ညှပ်ကြပေမယ့် အမေက အဲဒီ ဦးလေးကြီးကို စိတ်တိုင်း သိပ် မကျဘူး။ အမေ့စိတ်ထဲမှာ ဆိုင်နဲ့ ကန္နားနဲ့ ကျကျနနညှပ်တဲ့သူက ပိုကျွမ်းကျင်လိမ့်မယ်လို့ သဘောရိုးနဲ့ ယုံမှတ်တာလည်း ပါနိုင်ပါတယ်။

ကျွန်တော် ဆံပင်ညှပ်တဲ့ ဦးလေးကြီးရဲ့ အမည်က ဦးလှဝင်း တဲ့။ သူ့ဆိုင်ကိုတော့ ‘ဝင်းလူငယ်’လို့ အမည်ပေးထားတာ မှတ်မိ တယ်။ လမ်းဆုံလမ်းခွမှာ ဆံပင်ညှပ်ဆိုင် အကျအနဆောက်ပြီး ဆံပင်ညှပ်ဆိုင် ဖွင့်ထားတာပါ။ ကျွန်းဆက်တီခုံလေးလည်း ဆံပင်ညှပ်ဆိုင်အလယ်မှာ ချထားတာ အမှတ်ရမိတယ်။ ဆက်တီ ခုံပေါ်မှာ လုပ်သားသတင်း စာတွေ တင်ထားလေ့ရှိတယ်။ နောက် ကြည့်မှန်ကြီးတွေကို ပြောင်နေအောင် သုတ်ထားပြီး အတွင်း တိုင်မှာ သားရေပြားတစ်လံလောက် ချိတ်ထားသေးတာ။ အဲဒီ သားရေပြားနဲ့ပဲ သင်တုန်းဓားတွေကို တရွှမ်းရွှမ်းမြည်အောင် သွေးတော့တာကလား။ ဆံပင်ညှပ်နေရင်း သင်တုန်းဓားသွေးသံ တရွှမ်းရွှမ်းကြားရတဲ့အခါ ခြုံထည်အောက်ကနေ ဇက်ပိုးတွေ ယားလာတော့တာပဲ။ ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ် တုန်းက ဆံပင်ညှပ်ဆိုင်တွေမှာ တစ်ခါသုံး ဘရိတ်ဓားတွေ မသုံး ကြသေးဘူး။ သင်တုန်းဓားတွေနဲ့ပဲ သုံးခဲ့ကြတယ်။ ရောဂါပိုး တွေလည်း အခုခေတ်လောက် မများသေးဘူး ထင်တာပဲ။

ဆံပင်ညှပ်ဆိုင်မှာ ခေါင်းလျှော်ဖို့ဆိုတာ အထက်တန်း ကျောင်းသားဘဝ ရောက်ပါမှ ရခဲ့တဲ့ အခွင့်အရေး။ ဆံပင်ညှပ် ဆိုင်မှာ ခေါင်းလျှော်တော့မယ်ဆိုရင် ချွေးသံရဲရဲဖြစ်အောင် ဆော့ကြသေးတာကလား။ ကြေး(ဂျီး) အထပ်ထပ်နဲ့ သွားလျှော် မှ တန်တယ်လို့ ထင်ခဲ့ကြသေးတာကိုး။ ဆံပင်ညှပ်ဆိုင်ရှေ့က ကြွေကန်မှာ ခေါင်းထိုးပေးတဲ့အခါ ဆံပင်ညှပ်ဆရာက သူ့လက် သည်းရှည်ကြီးတွေနဲ့ ကြေးညှော်ကင်းစင်အောင် တဗျင်းဗျင်း ကုတ်တော့တာပဲ။ ကြွေကန်မှာ ခေါင်းငုံ့ထားရတာ ဖြစ်လို့ ခေါင်း လျှော်ရည်တွေ မျက်လုံးထဲ စီးဝင်တဲ့အခါလည်း ရှိတယ်။ ဒါလည်း စပ်ဖျင်းဖျင်းဒဏ် ကြိတ်မှိတ်ခံကြရတယ်။ အခုခေတ်လို ခေါင်း လျှော်ရည်တံဆိပ်တွေက မျိုးစုံနေတာ မဟုတ်ဘူး။ ဂါလန်ပုံး ခေါင်းလျှော်ရှည်နဲ့ လျှော်ကြရတာ။ တစ်ခါတလေတော့ အမိုးနီး ယားဆိုတာတွေ ထည့်လျှော်တဲ့အခါတွေလည်း ရှိခဲ့တာပဲ။ ဆံပင် ညှပ်ဆရာကတော့ အမိုးနီးယားက ဗောက်ပျောက်၊ သန်းသေ တယ်လို့ ပြောတာပဲ။ ကျွန်တော်တို့ကလည်း ဆံပင်ညှပ်ဆရာ ပြောတဲ့ စကားဆိုတော့ ဟုတ်လောက်ကောင်းရဲ့ဆိုပြီး ယုံကြည် ခဲ့ကြတယ်။

ကျွန်တော်တို့လူမျိုးက ဆံပင်နဲ့ ပတ်သက်ရင် အစွဲအလမ်းက သိပ်ကြီးကြ တာ။ ဆံပင်ညှပ်တဲ့ကိစ္စကို လက်လွတ် စပယ်မလုပ်ကြဘူး။ ယောကျ်ားတို့ဘုန်း လက်ရုံး၊ မိန်းမတို့ ဘုန်း ဆံထုံးဆိုတဲ့ နီတိလို လို ဘာလိုလိုတွေ ကလည်း ရှိ ဆို တော့ ဆံပင်နဲ့ ပတ်သက်ရင် အရေးတယူ ရှိ ကြတယ်။ မွေးနေ့ သောကြာ တနင်္လာ ကေသာ ဆံဖြတ် မပြုအပ်။

ကရင်သားမွေး ခေါင်းမဆေးနဲ့ဆိုပြီး (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ ကြာသပတေးနေ့တွေမှာ) ခေါင်းမလျှော်ဖို့ ဗေဒင် ဆရာတွေက ပြောကြတာလည်း ရှိရဲ့။ အိုးစည်တီးပြီးအောင် လျှော်တဲ့။ တနင်္ဂနွေ၊ အင်္ဂါနဲ့ စနေနေ့တွေမှာ ခေါင်းလျှော်ဖို့ ပြောတာပါ။ မင်္ဂလာ ၁၂ ပါးမှာ ခေါင်းဆေးမင်္ဂလာကို ထည့် သွင်းထားတာ ကြည့်ရင် ဆံပင်နဲ့ ပတ်သက်ရင် အထွတ်အမြတ် ထားတယ်ဆိုတာ သိသာတယ်။

ဆရာနေဝင်းမြင့်က သူ့ဟောပြောပွဲတွေမှာ သူတို့ငယ်ငယ် က ဆံပင်ညှပ်ဆိုင်တွေအကြောင်း အခါအခွင့်သင့်တိုင်း ထည့် ဟောလေ့ရှိတယ်။ သူတို့ကို ညှပ်ခဲ့တဲ့ ဆံပင်ညှပ်ဆရာကြီးနာမည် က ဦးလေးသန်းတဲ့။ စိတ်လိုလက်ရရှိတဲ့အခါ ဟွန်းတယောကြီး  ထထိုးတတ်တယ်။ ဟွန်းတယော ထိုးချင်စိတ်ပေါ်လာရင် ဆံပင် ညှပ်ခံမယ့်သူ ရှိလည်း စောင့်ပေတော့။ ဟွန်းတယောမထိုးခင် လက်ဖက်ရည်တစ်ကျိုက် ကောက်မော့လိုက်သေးတာကလား။ မီးသေနေတဲ့ သနပ်ဖက်ဆေးလိပ်ကို ခါးကြားထဲ လိမ်ထားတဲ့ ဓာတ်မီးခြစ်နဲ့ မီးညှိ၊ မီးခိုးချောင်းချောင်း ထွက်အောင် ဖွာပြီးမှ တယောကို မေးဖျားနဲ့ အသာညှပ်ပြီး ချွဲချွဲပျစ်ပျစ် ထိုးတော့တာ ကလား။ ခင်မောင်ရင်သီဆိုတဲ့ စြင်္ကာသိုက်သီချင်းက ဦးလေး သန်းရဲ့ ဖေးဘရိတ်သီချင်း။

ကလေးဘဝ(ဆရာ)နေဝင်းမြင့်က ဆံပင်ညှပ်ခံဖို့ သွားတော့ ဦးလေးသန်းက အတွင်းက ခုံရှည်မှာ ထိုင်ခိုင်းထားတယ်။ သ့ူလို ထိုင်နေတဲ့ ရွယ်တူလေး တွေက လေး၊ ငါး၊ ခြောက်ယောက်ရှိ တယ်။ ဦးလေးသန်းက ဘယ်သူ့ကိုမှ ညှပ်မပေးသေးဘူး။ ဆံပင်ညှပ်ခံဖို့ လာတဲ့ ကလေးအားလုံး တစ်ခြမ်းပြောင်အောင် ရိတ်ပေးပြီး ထိုင်ခိုင်းထားပြီး သူက ဟွန်း တယောနဲ့ လက်ရည်စမ်းနေတာ။ မောင် နေဝင်းမြင့်လည်း ဆံပင်ညှပ်ဆိုင် ရောက်ရောက်ချင်း ဘယ်ဘက် တစ်ခြမ်း ပြောင်အောင်ရိတ် ပေးပြီး ထိုင်ခိုင်းထားတာ။ အမေတွေက သားတွေ ဆံပင် ညှပ်သွားတာကြာလှချည့်ဆိုပြီး လိုက်လာကြ တယ်။ အဲဒီတော့မှ ကောင်လေး လာထိုင်ဆိုပြီး ညှပ်တော့တာပါပဲ။ ညှပ်တာကလည်း အခု ခေတ်လို ထွေလီကာလီ မများလှဘူး။ ရှေ့ တစ် လက်မနောက်ပြောင်ဆိုတဲ့ ဘိုကေတွေ ချည်းပဲ။

ဦးလေးသန်းဆိုင်မှာ ဆံပင် ညှပ်ခံမယ့်သူတွေအားလုံး ကြေးမုံတွေ ဟိုတစ်စ ဒီတစ်စ ကွာ ကျနေတဲ ကြေးမုံမှန်ရှေ့က သစ်ငုတ်တိုအပိုင်းပြတ်ပေါ်မှာ ထိုင် ကြရသတဲ့။ အခုခေတ်လို လိုရာလှည့်နိုင်တဲ့ ဆုံလည်ကုလားထိုင် မဟုတ်ဘူး။ ဦးလေးသန်း ပြောတဲ့အတိုင်း လူက လိုက်လှည့် ပေးရတဲ့ လူလည်ကုလားထိုင်။  ကောင်လေး ရာဟုထောင့် လှည့်စမ်းဆို တောင်တောင်အီအီ စဉ်းစားနေချိန်မရဘူး။ အမြန် လှည့်လိုက်ရတာ။ လှည့်တဲ့အရပ်မျက်နှာမှားရင် ဦးလေးသန်းက ခေါင်းကို ဂေါက်ခနဲနေအောင် ခေါက်သေးတာ။ ပါးစပ်ကလည်း ရာဟုထောင့် မသိရကောင်းလားဆိုပြီး လက်ချာတွေ ရိုက်နေ သေးတာ။

 

ဆရာနေဝင်းမြင့်က သူ့ရဲ့ ငယ်ဘဝ ဆံပင်ညှပ်တဲ့ အတွေ့ အကြုံ ရိုးရိုးရှင်းရှင်း ပြောသွားပေမယ့် နားကြားရတဲ့ ကျွန်တော့် မှာ မရိုးရှင်းနိုင်ဖြစ်ရတယ်။ ဦးလေးသန်းရဲ့ ဆံပင်ညှပ်ဆိုင်လေးက ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလကြီးနဲ့ တူတူပါပဲ။ ပိုက်ဆံလည်း ပေးရတယ်။ သူက လှည့်ဆို လှည့်ရပြန်တယ်။ သူ က ငုံ့ထားဆို ငုံ့ရပြန်တယ်။ ဆံပင်ပုံစံတွေကလည်း ထူးပြီးကောင်း မွန်တာ မဟုတ်ပေမယ့် ဦးလေးသန်းက လွဲရင် အခြားရွေးချယ် စရာမရှိတဲ့ အခြေအနေ။ ဆံပင်ညှပ်ဖို့ လာတာဖြစ်ပေမယ့် စြင်္ကာ သိုက်သီချင်း နားမထောင်ချင်လည်း အောင့်အည်းသည်းခံပြီး နားထောင်ကြရသေးတယ်။ ဘေးတစ်ခြမ်းပြောင်နဲ့ ထိုင်ခုံမှာ ငုတ်တုတ်ထိုင်ပြီး သူညှပ်ပေးမယ့် အချိန်ကို ဆံပင်မွေးတွေနဲ့ ယားကျိကျိ ဖြစ်နေသည့်တိုင် သူ ညှပ်ပေးမယ့်အချိန်ကို စိတ်ရှည် လက်ရှည် စောင့်ဆိုင်းရသေးတယ်။ အဆိုးဆုံးက ရာဟုထောင့် မသိရုံနဲ့ ခေါင်းခေါက်ခံရတာပဲ။ ဆံပင်ညှပ်ဆိုင်ကို ရွေးချယ်တာက  ကျွန်တော်တို့ အလုပ်။ ဆံပင်ကောင်းကောင်းညှပ်ပေးဖို့က ဦး လေးသန်းအလုပ်ပဲ မဟုတ်လား။ ဒါပေမဲ့ တန်ရာတန်ကြေးပေးပြီး ညှပ်သည့်တိုင် ရာဟုထောင့် မသိရကောင်းလားဆိုပြီး ဘာမဆိုင် ညာမဆိုင် ကျွန်တော်တို့ခေါင်းတွေကို အသားလွတ်ခေါက်သွားတဲ့ ခေတ်တစ်ခေတ် ရှိခဲ့ဖူးတယ်။

 

အခုခေတ်မှာတော့ ဆံပင်ညှပ်ဆိုင်စီးပွားရေးက အကြီး ကြီးဖြစ်နေပြီ။ ဆံပင်ညှပ်ဆိုင်ဆိုပေမယ့် ဆံပင်တစ်ခုတည်း ညှပ် တာ မဟုတ်တော့ဘူး။ လက်သည်းခြေသည်း အလှပြင်ပေးတာ ရှိတယ်။ ခြေထောက်လေးတွေ သီးသန့်နှိပ်နယ်ပေးတဲ့ Foot Massage ဆိုတာ ရှိတယ်။ မျက်နှာပေါင်းတင် ရွှေသွင်းတာတွေ လုပ်ပေးကြတယ်။ တချို့က မိတ်ကပ်ပါ ပြင်ပေးပြီး မိတ်ကပ်ဆံပင် အလှပြင်ကြတယ်။ ခေတ်က အလှအပကို ဦးစားပေးတဲ့ ခေတ်မို့ လား။ ဆံပင်ကောက်တဲ့သူက ဖြောင့်ချင်ကြတယ်။ ဖြောင့်နေတဲ့ သူက ကောက်ချင်ပြန်ရော။ ဆံပင်တိုသူတွေက အရေးပေါ် ပြန် ရှည်ချင်တဲ့အခါ ဆံပင်ဆက်ကြသတဲ့။ ဆံပင်ညှပ်ဆိုင်တွေကို ဗြူ တီဆလွန်း၊ ဗြူတီပါလာလို့ ခေါ်ကြတာသာ ကြည့်ပေတော့။

 

ဆံပင်ညှပ်၊ အလှပြင်ကြတယ်ဆိုတာ ကောင်းရောင်း ကောင်းဝယ်ဝန်ဆောင်မှု စီးပွားရေးတစ်ခုပဲ။ နာမည်ကျော်ရင် အချိန်တိုအတွင်း သူဌေးဖြစ်နိုင်တဲ့ စီးပွားရေးလုပ်ငန်း။ ဒါပေမဲ့ ဆံပင်ညှပ်ဆိုင် အမည်ခံပြီး မကောင်းမှုဒုစရိုက် လုပ်နေကြသူ အချို့ ရှိနေတယ်။ အထူးသဖြင့် မြို့ကြီးပြကြီးတွေမှာ ဆံပင်ညှပ် ဆိုင်အမည်ခံပြီး အနှိပ်ခန်းဖွင့်တာ၊ ပြည့်တန်ဆာ မွေးမြူကြသူ တွေကြောင့် ရိုးရိုးသားသား စီးပွားရှာနေကြသူတွေခမျာ နစ်နာ ရတယ်။

 

ကျွန်တော်တို့ခေတ်မတိုင်မီ အစ်ကိုတွေ၊ ဦးလေးတွေ ခေတ်ကတည်းက ဆံပင်ရှည်ထားတယ်ဆိုတဲ့ ဓလေ့က ပေါ်နေပြီ။ ကျွန်တော့်ကိုတော့ အိမ်က ဆံပင်ရှည်ထားဖို့ ခွင့်မပြုဘူး။ ကျွန် တော်ကိုယ်တိုင်ကလည်း ဆံပင်အရှည်ကြီးနဲ့ မနေချင်ဘူး။ ကျွန် တော်မကြိုက်လို့ ဆံပင်ရှည်မထားတာ ဖြစ်ပေမယ့် ဝါသနာပါလို့ ဆံပင်ရှည်ထားကြသူတွေကို ကန့်ကွက်စရာ အကြောင်းမရှိပါ ဘူး။ လူဆိုတာ သူ့အကြောင်းနဲ့သူ၊ ကိုယ့်အကြောင်းနဲ့ ကိုယ် မဟုတ်လား။ ကျွန်တော်လက်ကိုင်ထားတဲ့မူကိုက ပတ်ဝန်းကျင် ကို မထိခိုက်ရင် ကြိုက်တာလုပ်ကြ။ ဆံပင်ရှည်ထားချင်ရင်လည်း ထားပေါ့။ ကျွန်တော်ကိုယ်တိုင်ကတော့ ဆံပင်လေးနည်းနည်း ရှည်လာရင် စိတ်ထဲ အိုက်စပ်စပ် ဖြစ်လာတော့တာပဲ။ ‘ဆံပင် ရှည်ထားတိုင်း လမ်းသရဲမထင်နဲ့’ ဆိုတဲ့ သီချင်းလည်း ရှိတာပဲလေ။

 

ခေတ်ကာလအလျောက် ဆံပင်ပုံစံတွေကတော့ အမျိုးမျိုး ပြောင်းလဲနေတာပါပဲ။ ဦးလေးတွေ၊ ဦးကြီးတွေ ခေတ်က ဘာကေ တွေ ခေတ်စားတယ် မသိပေမယ့် ကျွန်တော်တို့ခေတ်မှာ တူးတူး ကေက ခေတ်စားတယ်။ နောက်တော့ ဒွေးကေတို့၊ အာနိုးကေတို့ လည်း ဆံပင်ညှပ်ဆိုင်တွေ လက်မလည်အောင် ညှပ်လိုက်ကြရ သေးတယ်။ အဆိုတော်လေးဖြူနဲ့ ထောင်ဖောက်မင်းသား မိုက် ကယ်စကိုးလ်ဖီးတို့က ခေါင်းတုံးဆံတောက်နဲ့ ညှပ်ပြလိုက်တော့ လည်း ကာလသားတွေ လိုက်ညှပ်ကြတာပဲ မဟုတ်လား။ နောက် ပိုင်းကာလတွေမှာ အော်လ်တာ၊ ပန့်၊ ဝမ်းဝေးတွေ ခေတ်စားလာ တယ်။ အမျိုးသမီး အလှပြင်လောကမှာဆို ဆံပင်ပုံစံတွေက နေ့ စဉ်နဲ့အမျှ ပြောင်းနေတာဆိုတော့ နေ့စဉ် အလုပ်ဖြစ်နေတာပါပဲ။ မိန်းကလေးအများစုက လူကြီးသူမစကား နားထောင်ဖို့ သိပ် မသေချာပေမယ့် ဓာတ်ပုံဆရာနဲ့ အလှဖန်တီးရှင်တွေရဲ့ စကား တော့ မြေဝယ်မကျ နားထောင်ကြသတဲ့။ ကျွန်တော့်သူငယ်ချင်း  တစ်ယောက်ကတော့ အဲဒီလို မှတ်ချက်ပေးဖူးတယ်။ သူပြောတာ မလွန်ဘူးထင်တာပဲ။

 

ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ရန်ကုန်မြို့ရဲ့ စကော့ဈေး နားက နာမည်ကြီး ဆံပင်ညှပ်ဆိုင်မှာ မောင်ဥယျာဉ် ညှပ်ခဲ့ဖူးပါ သော်ကော။ တောသားမြို့ရောက် ဖာလူဒါသောက်၊ ဆံပင်ညှပ်ဆို တဲ့ ဆိုရိုးကလည်း ရှိတယ်မဟုတ်လား။ ဆံပင်ညှပ်ခရှင်းတော့ လေအေးပေးစက် ဖွင့်ထားတဲ့ ဆိုင်ထဲမှာ ဇောချွေးတွေ ပြန်ခဲ့ဖူး တယ်။ ဆံပင်ညှပ်ခ ကျပ် ၈,ဝဝဝ ပေးခဲ့ရသဗျာ။ အဲဒီဆိုင်မှာ ရိုး ရိုးဆံပင်ညှပ်တာပါပဲ။ ဘာမှ မဘာရပါဘဲ တစ်သက်နဲ့ တစ်ကိုယ် ဆံပင်တစ်ခါညှပ် ကျပ် ၈,ဝဝဝ တိတိ ပေးခဲ့ရတာ ဒီတစ်သက် မေ့ နိုင်တော့မည် မထင်။

 

ဘာပဲဖြစ်ဖြစ် ဒီတစ်ခါ ဆံပင်ညှပ်ဖို့ အကြောင်းဖန်လာရင် ဦးလှဝင်းရဲ့ ‘ဝင်းလူငယ်’မှာ ဆံပင်ညှပ်ပါဦးမယ်။ ကျွန်တော်ကိုယ် တိုင်က ဘယ်လိုပုံညှပ်ပါလို့ မပြောဘဲ သူစိတ်တိုင်းကျ ညှပ်တဲ့ပုံ ကို ကျေကျေနပ်နပ် ခံယူမယ်။ ကျွန်တော် ရူပါလန်းနေရင် ‘ဝင်း လူငယ်’မှာ ညှပ်ခဲ့တယ်လို့ မှတ်လိုက်ကြပါ။        ။

 

၂၀၁၇-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၃)မှ အမေ့ခံ ဖြစ်ပါသည်။

 

မောင်ဥယျာဉ် ရေးသည်။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."