(မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ သမိုင်းအမွေအနှစ်၊ ရှေးဟောင်း စေတီပုထိုးမြောက်များစွာရှိသော ပုဂံဒေသ တွင်ဖြစ်ပေါ်နေသည့် အဂါရဝဆန်သည့် အပြုအမူများ၊ ရှေးဟောင်းစေတီများ အပိုင်သိမ်း ခံနေရသည့် ကိစ္စများ၊ လုပ်ငန်းရှင်အချို့၏ ဥပဒေမဲ့လုပ်ဆောင်မှုများအား တာဝန် ရှိသူများသိရှိပြီး အရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်ရန် မော်ကွန်းက စုံစမ်းဖော်ထုတ်ထားပါသည်။)
ဧပြီ ၂၀၁၅ (ပုဂံ)
အမိန့်အောက်တွင် သေဆုံးရသော ဥပဒေ
အဆောက်အအုံအသစ်ထပ်မံဆောက်လုပ်ခြင်းသည် မည် သည့်အတွက်ကြောင့် တရားမဝင်ဖြစ်ခြင်းဖြစ်သည်ကို အောက် ပါ အချက်များနှင့် ချိန်ထိုး၍ စဉ်းစားကြည့်နိုင်သည်။
၁၉၉၈ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီအစိုးရလက်ထက်၌ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဥပဒေအရ ပုဂံဒေသကို ဇုန်သုံးဇုန် အဖြစ်ခွဲခြား၍ ကာကွယ်စောင့် ရှောက်ခဲ့သည်။
ပုဂံမြို့ဟောင်းမှစ၍ မြို့သစ်ပတ်ဝန်းကျင်အထိနှင့် ညောင်ဦးမြို့အနီးအနားအထိသည် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာဇုန် (Ancient Monumental Zone – AMZ) ဖြစ်သည်။ ကျန်ပုဂံဒေသများကိုလည်း ရှေးဟောင်းနေ ရာတည်ရှိရာဇုန်(Ancient Site Zone – AZ) နှင့် ကာကွယ် ထိန်းသိမ်းထားသောဇုန် (Protected and Preserved Zone – PZ) အဖြစ် သတ်မှတ်ထားသည်။
ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံတည်ရှိရာ (PZ) ဇုန်ဆိုသည်မှာ ရှေးဟောင်းအမွေအနှစ်များ၊ ဘုရားပုထိုးများ ကို မြေပေါ်မြေအောက်တွင် တွေ့ရှိနေရသောနေရာကို ဆို လိုခြင်းဖြစ်သည်။
ရှေးဟောင်းနေရာတည်ရှိရာဇုန် (PZ)နှင့် ကာကွယ်ထိန်း သိမ်းထားသောဇုန် (PZ) များအတွင်း တွင်တော့ မြေပေါ်တွင် ရှေးဟောင်းအမွေအနှစ်အချို့နှင့် မြေအောက်တွင်လည်း ရှေး ဟောင်းအမွေအနှစ်များ ကျန်ရှိနေသည်ဟု ပညာရှင်များ ယူဆ ထားသည့်နေရာများဖြစ်သည်။
၁၉၉၈ ဥပဒေအရမူ မည်သည့်နေရာတွင်မဆို အဆောက် အအုံတည်ဆောက်ပါက ရှေးဟောင်းသုတေသနဦးစီးဌာန သို့ ကြိုတင်ခွင့်ပြုချက်တောင်းခံရန်လိုသည်။
ရှေးဟောင်းသုတေသနဦးစီးဌာနအနေဖြင့်လည်း ယဉ် ကျေးမှုအမွေအနှစ်ဒေသ၏ မြင်ကွင်းကို ထိခိုက်ခြင်းရှိ၊ မရှိ၊ ရှေးဟောင်းနေရာတို့နှင့် လွတ်ကင်းခြင်းရှိ၊ မရှိ၊ ပတ်ဝန်းကျင် သဘာဝမြင်ကွင်းကို အနှောင့်အယှက်ဖြစ်ခြင်း ရှိ၊ မရှိ၊ ရှေး ဟောင်းအဆောက်အအုံ၏ ခန့်ညားထည်ဝါမှုကို ထိခိုက်မှုရှိ၊ မရှိ၊ ယဉ်ကျေးမှုအမွေအနှစ်များ၏ လုံခြုံမှုကို ထိခိုက်စေနိုင်ခြင်းရှိ၊ မရှိ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်စေနိုင်ခြင်းရှိ၊ မရှိ ဟူသော အချက်ခြောက်ချက်ဖြင့် စိစစ်ရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
မြေပေါ်မြေအောက်ယဉ်ကျေးမှုအမွေအနှစ်များပြည့်နှက်နေသည့် ပုဂံမြို့ဟောင်းအတွင်းတွင် ယင်းသို့အဆောက်အအုံများ ရှိနေ၊ ဆောက်လုပ်နေသည်မှာ မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများ အရ သာမက ရှေးဟောင်းသုတေသနဆိုင်ရာပညာရှင်များ၏ အမြင်တွင်ပါ လက်သင့်ခံနိုင်စရာကိစ္စတော့ မဟုတ်သော်လည်း တပ်မတော်အစိုးရ၏ တစ်သွေးတစ်သံ၊ တစ်မိန့်အောက်တွင် ပညာရှင်များ၏အသံသည် လေထဲတွင်ပင် ကွယ်ပျောက်ခဲ့ရသည်။
“မြို့ရိုးထဲမှာရှိတဲ့ဟာ(ဟိုတယ်)တွေက ရှေးဟောင်းသု တေသနဦးစီးဌာနက ခွင့်မပြုပါဘူး”ဟု ညောင်ဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြိုင်က ပြောသည်။
ဦးအောင်ကြိုင်သည် ရှေးဟောင်းသုတေသနပညာရှင် လည်းဖြစ်သလို ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ရှေးဟောင်း သုတေသနဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်တာဝန်ကိုပါ ထမ်းဆောင်ခဲ့သူဖြစ်သည်။ ပုဂံတွင် ဇုန်ခွဲခြင်းလုပ်ငန်းကို ၎င်းင်းတာဝန်ယူစဉ်ကာလက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံတည်ရှိရာ ဇုန်(Zone)ထဲတွင် ဟိုတယ်ဇုန် (၁)၊ ဇုန် (၂)၊ ဇုန် (၃) ချထားပေးစဉ် တုန်းက သူသည်တာဝန်ထမ်းဆောင်ဆဲကာလဖြစ်သည်။ သူ့ အနေနှင့်ကတော့ ထိုသို့ဟိုတယ်ဇုန်တွေ ချထားပေးခြင်းကို သဘောမကျပေ။ သို့သော် ယင်းသို့ချထားပေးခြင်းသည် စစ်ဗိုလ် ချုပ်ကြီးများ၏ သဘောဖြစ်၍ ပြန်၍ စောဒကမတက်နိုင်ခဲ့ ကြောင်း ပြောပြသည်။
“လူကြီးတွေဆိုတော့လည်း မပြောရဲကြဘူးဗျ”ဟု ဦးအောင်ကြိုင်က ပြောသည်။
ဦးအောင်ကြိုင်သဘောတူထောက်ခံခဲ့သည်က ယင်းဇုန် သုံးဇုန်အပြင်ဘက်တွင် တည်ဆောက်မည့် ဟိုတယ်ဇုန် (၄) သာ ဖြစ်သည်ဟုဆိုသည်။
သရပါဂိတ်ဟိုတယ်တည်ဆောက်စဉ်ကာလကလည်း ၎င်းင်း အနေဖြင့် တားမြစ်ခဲ့ဖူးလေသည်။ ယင်းအချိန်တွင် ယဉ်ကျေးမှု ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးဝင်းစိန်ပင်လျှင် “အေးဗျာ…တားတာမှန်တယ်”ဟုပြောခဲ့သည်။ သို့သော် ဟို တယ်ခရီးဝန်ကြီး ဦးစောလွင်နှင့် ဦးဝင်းစိန်တို့တွေ့ပြီးသည့် နောက်တွင် ယင်းအဖြေသည် ပြောင်းပြန်ဖြစ်သွားခဲ့သည်ဟု ပြောသည်။
ယင်းဟိုတယ်တည်ဆောက်မှုကို တားရသည့်အကြောင်းရင်းကိုလည်း ဦးအောင်ကြိုင်က ယခုကဲ့သို့ ရှင်းပြသည်။
“သရပါဂိတ်ဟိုတယ်ဆို သရပါတံခါးကြီးနဲ့နီးတာကိုး။ သရပါတံခါးကြီးဆိုတာ ပုဂံရဲ့အထိမ်းအမှတ်ကြီးလေ။ အထိမ်း အမှတ်ကြီးနားမှာ ဒီဟိုတယ်ကြီးက ရှိနေတော့ မလုပ်သင့်ဘူးလေ”ဟုဆိုသည်။
သို့သော်လည်း နောက်ပိုင်းတွင်တော့ မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်က ဖုန်းဆက်ပြီး “မတားနဲ့တော့”ဟုပြောသဖြင့် ခွင့် ပြုခဲ့ရကြောင်း အတိတ်ကို ပြန်ပြောင်းပြောပြသည်။
ဤသို့ဖြင့် ပုဂံဒေသ၏မြေနေရာများသည် ဟိုတယ်များ၏ ဝါးမျိုသိမ်းပိုက်ခြင်းကို ခံလိုက်ကြရသည်။
၂၀၁၅ ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်းအမှတ်(၂၂)၊မှမျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။
သန်းထိုက် ရေးသည်။