ရန်ကုန်မြို့ကို ဘယ်သူ့လက်ထဲထည့်မလဲ

ရန်ကုန်၊ အောက်တိုဘာ ၂၀၁၄

သတိ!… ကားလမ်းရေလျှံနေသည်

ဇွန်လလယ်မိုးက သည်းကြီးမည်းကြီး ရွာနေသည်။

ရွာမကျောင်းလမ်းနှင့် အင်းစိန်းလမ်းမပေါ်တွင် မိုးရေ များက အပြည့်။

လမ်းမပေါ်တွင် မော်ဒယ်လ်မြင့် အိမ်စီးကားများ၊ တက္ကစီ များ၊ အိုဟောင်းနေသော ဘတ်စ်ကားများ ပြည့်ကျပ်နေသည့် မော်တော်ယာဉ်တန်းကြီးကလည်းရှိနေသည်။ ယင်းမြင်ကွင်းကို အပေါ်စီးမှ မြင်ရသည်မှာ အရောင်အသွေးစုံလင်သည့် ငန်းတော် ကြားမြွေကြီးတစ်ကောင် ရေပေါ်တွင် ပေါ်နေသကဲ့သို့သာရှိ  တော့သည်။

သတိ!… ကားလမ်းပိတ်နေသည်

လမ်းမပေါ်တွင် ရေများက လူကြီးတစ်ယောက်၏ ဒူးဆစ် အထိ ရောက်သည်။

လမ်းသွားလမ်းလာတို့သည် ပြည့်လျှံနေသည့် ရေထဲသို့ ဆင်းကာ ကားလမ်းမကို ဖြတ်ကူးနေကြရသည်။ တစ်နေရာတွင် လူသုံး၊ လေးယောက်သည် Light Truck ကားတစ်စီးကို ဝိုင်း တွန်းနေကြသည်။

ရန်ကုန်မြို့၌ မိုးရာသီအတွင်း ရေကြီးရေလျှံ၊ ကားလမ်း ပိတ်သည့် ပြဿနာများသည် မြို့၏ နေရာတော်တော်များများတွင် နှစ်စဉ်ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။’

သတိ!… လမ်းကျဉ်းနေသည်

ရန်ကုန်မြို့လယ်ခေါင်နေရာများတွင်လူတစ်ယောက်နှင့် တစ်ယောက် ပခုံးချင်းတိုက်ကာ လမ်းလျှောက် နေကြရသည်။

အနည်းငယ်မျှကျယ်ဝန်းသော လမ်းဘေးပလက်ဖောင်း များကို ဖဲ့ကာ ကားရပ်နားရန် နေရာများ ပြုလုပ်ပေးခြင်း၊ ကား လမ်းချဲ့ ထွင်ခြင်းဖြင့် ကားကျပ်သည့် ပြဿနာကို ဖြေရှင်းရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (မြို့တော်စည်ပင်)က ကြိုးစားနေသည်။ လမ်းချဲ့ထွင်ရာတွင် တချို့သော သစ်ပင်ကြီး များကို ရှင်းလင်းပစ်ကြသည်။

ဖဲ့ထွင်လိုက်သည့် ပလက်ဖောင်းကျဉ်းကျဉ်းလေးပေါ်တွင် လမ်းဘေးဈေးသည်များက ဈေးတက်ရောင်းကြသဖြင့် လမ်းသွား လမ်းလာများအတွက် လမ်းကျဉ်းသွားသည်။ ပိတ်ဆို့သွားသည်။

လမ်းဘေးဈေးသည်များ၏ ဆိုင်များကို ခရီးသွားပြည်သူ များက ရှောင်ဖယ်ကာ သွားနေရသည်။ ဈေးဆိုင်အား မတော် တဆတိုက်မိ၍ တစ်စုံတစ်ရာဖြစ်ခဲ့မည်ဆိုလျှင် လျော်ကြေးပေး ချင်ပေးရမည်။ အခန့်မသင့်လျှင် ဆဲဆိုကြိမ်းမောင်းခံရနိုင်သည်။

သတိ!… အပေါ်ကို ကြည့်ပြီး လမ်းလျှောက်ပါ

          ယခုအခါ ရန်ကုန်မြို့ရှိ ပလက်ဖောင်းများပေါ် လမ်း လျှောက်နေရင်း မည်သည့်အချိန် ဓာတ်ကြိုးပြုတ်ကျမလဲ ဆိုတာ ကိုပင် ပူပင်လာရသည်။

ယခုနှစ်တွင် လျှပ်စစ်မီးကြိုးပြတ်ကျ၍သေဆုံးမှု ရှစ်မှု ရှိခဲ့ ပြီး သေဆုံးသူ ၁၂ ဦးရှိခဲ့ကာ ရိုးရိုးဓာတ်လိုက်သေဆုံးသူ ၁၂၀ ခန့် ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကို ကိုးကားကာ အောက်တိုဘာ ၃ ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော် ပြထားသည်။

ဓာတ်လိုက်သေဆုံးမှုစာရင်းအရ ၂၀၁၂ခုနှစ်တွင် ၁၀၅ မှု၊ ၂၀၁၃ ခုနှစ်တွင် ၁၀၉ မှုနှင့် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ ထိ ၁၂၀ ခန့်အထိ မြင့်တက်လာခဲ့သည်ဟု အဆိုပါဂျာနယ်က ဆက်လက်ဖော်ပြထားသည်။

ထို့ထက် ပိုဆိုးသည်က အိမ်ထဲ၌နေစဉ် အဆောက်အအုံ ပြိုမကျဖို့ပင်ဖြစ်သည်။

သတိ!… ကားကျပ်နေသည်

          မနက်မိုးလင်း အိမ်မှထွက်၍ အလုပ်သို့ရောက်ရန် ကျပ် တည်းသော လိုင်းကားများကို တိုးဝှေ့ကာ စီးကြရသည်။

ယင်းသို့စီးရခြင်းအတွက် အလုပ်မလုပ်ရသေးခင် အား အင်ကုန်ခန်းနေပြီဖြစ်သည်။ စိတ်အနှောင့်အယှက်ဖြစ်စရာများ ကြုံတွေ့နေရပြီဖြစ်သည်။ ယခုလိုလမ်းမများပေါ်တွင် ကားများ ကျပ်တည်းလာခြင်းအတွက် ယင်းဒုက္ခကို ပြည်သူများ ပိုမိုခံစား လာရပြီဖြစ်သည်။

ကျွနု်ပ်တို့၏ ရန်ကုန်

အထက်ပါအဆင်မပြေမှုများ၊ အကျပ်အတည်းများဖြင့် ကျွနု်ပ်တို့ ရန်ကုန်မြို့ကြီးသည် မွန်းကျပ်ပိတ်လှောင်နေတော့ သည်။ ကျပ်တည်းကျဉ်းမြောင်းလာတော့သည်။

ရန်ကုန်မြို့သည် လာမည့် ၂၆ နှစ်အတွင်း (၂၀၄၀ ခုနှစ်ဝန်း ကျင်လောက်တွင်) လူဦးရေဆယ်သန်းနေထိုင်သည့် (Megacity) မြို့ကြီးတစ်မြို့ဖြစ်လာတော့မည်ဟု မြို့တော်စည်ပင်က ခန့်မှန်းထားသည်။

အကယ်၍သာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်မထားလျှင် အထက်ပါအခက်အခဲ၊ အကျပ်အတည်းများကို ရန်ကုန်မြို့နေ ပြည်သူများ မည်မျှခံစားကြရမည်နည်း။

သယ်ယူပို့ဆောင်ရေးအကျပ်အတည်း

အစိုးရသစ်တက်လာပြီး ၂၀၁၁ ခုနှစ်တွင် ယာဉ်အို၊ ယာဉ် ဟောင်းများကို အပ်နှံကာ ပြည်ပမှ ကားတင်ခွင့်ကို ခွင့်ပြုခဲ့သည် နှင့် ကားဈေးများကျဆင်းသွားခဲ့သည်။ ထို့နောက်တွင် ရန်ကုန်မြို့ တွင်း ကားကျပ်သည့် ပြဿနာကို နှစ်အနည်းငယ်အတွင်း ဆိုး ဆိုးရွားရွားကြုံလာခဲ့ရသည်။

လိုအပ်ချက်များစွာ ရှိနေသေးသည့် ရန်ကုန်မြို့၏အများ    ပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကြောင့် မြို့တွင်းသွားလာနေ ကြသည့် ခရီးသည်များသည် ဘတ်စ်ကားစီးရမှာ ကြောက်လာ ကြသည်။ ကားဈေးကလည်း ကျဆင်းလာခြင်းကြောင့် ငွေကြေး တတ်နိုင်သူတို့သည် ဘတ်စ်ကားကို တိုးဝှေ့စီးရမည့်အစား ကိုယ် ပိုင်ကားများ ဝယ်စီးလာကြသည်။ ကားဈေးကျသဖြင့် ကားဝယ် ကာ အငှားတက္ကစီဆွဲသူ ဦးရေများလာသည်။ ဤသို့ဖြင့် လမ်းပေါ် သို့ မော်တော်ကားများ တဖြည်းဖြည်း ရောက်လာကြသည်။

ယင်းပြဿ      နာများကို ဖြေရှင်းရန်အတွက် အဓိကသော့ ချက်မှာ အများပြည်သူသယ်ယူပို့ ဆောင်ရေးစနစ်ကို ပီပီပြင်ပြင် အကောင်အထည်ဖော်ရန်သာ ဖြစ်သည်ဟု မြို့ပြစီမံခန့်ခွဲရေး ဆိုင်ရာ ပညာရှင်များက ဆိုပါသည်။

“မြို့ပတ်ရထားကလည်း အခုအချိန်မှာ ကြိုးစားပြီးတော့ ဆောင်ရွက်နေတယ်ဆိုပေမယ့် အားကိုးရလောက်တဲ့ အနေ အထားမရောက်သေးဘူး။ များသော အားဖြင့် လူလတ်တန်းစား နဲ့ အခြေခံလူတန်းစားတွေက ဘတ်စ်ကားပဲ အသုံးပြုနေရ တယ်”ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ ဦးအောင် မြင့်က   ပြောသည်။

အစိုးရအနေဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေး စနစ်များ အဆင့်မြှင့်ပေးရန်အတွက် ဘတ်စ်ကားများအတွက် သီးသန့်လမ်းပေးထားသော ဘတ်စ်ကားအမြန် သယ်ယူပို့ဆောင် ရေးစနစ် (Bus Rapid Transit-BRT) စနစ်နှင့် ရထား စနစ်တို့ကို ချက်ချင်းအကောင်အထည် မဖော်ပေးနိုင်သည့်တိုင် စီမံချက်များ ချမှတ်လုပ်ဆောင်ပေးသင့်ကြောင်း ဦးအောင်မြင့်က ထောက်ပြသည်။

ခုံးကျော်တံတား ထိရောက်သလား

ကားတင်သွင်းခွင့်ပြုပြီးနောက် အစိုးရမှ ကားလမ်းကျပ် သည့်ပြဿ      နာများ မဖြစ်စေရန် ၂၀၁၂ခုနှစ်တွင် လှည်းတန်းခုံး ကျော်တံတား၊ ဘုရင့်နောင်ခုံးကျော်တံတားနှင့် ရွှေဂုံတိုင်ခုံး ကျော်တံတားများကို တည်ဆောက်ကာ ၂၀၁၃ ခုနှစ်တွင် ဖြတ် သန်းသွားလာခွင့်ပြုခဲ့သည်။

နောက်ထပ်များလာမည့် မော်တော်ယာဉ် အရေအတွက် နှင့်ဆိုလျှင် ထိုခုံးကျော်တံတားဆောက်လုပ်ပေးခြင်းကလည်း ကားကျပ်သည့်ပြဿ      နာကို မဖြေရှင်းနိုင်ဟု မြို့ပြစီမံခန့်ခွဲရေး ဆိုင်ရာ ကျွမ်းကျင်သူများက ဆိုသည်။ ယခုအခါ ကားလမ်းချဲ့ ထွင်ခြင်း အပါအဝင် မြေနီကုန်းခုံးကျော်တံတားတည်ဆောက် ခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ရန်ကုန်နည်းပညာတက္ကသိုလ်၊ မြို့ပြအင်ဂျင်နီယာဌာနမှ ဧည့်ဒုတိယပါမောက္ခဖြစ်သူ ဦးသန်းဝင်းကတော့ ခုံးကျော်တံ တားများ ဆောက်လုပ်ခြင်းသည် ယာဉ်ကျောကျပ်သည့် ပြဿ      နာကို ဖြေရှင်းပေးသည့် အဖြေမဟုတ်ဘဲ ယာဉ်ကျောကျပ် ခြင်းကို နေရာရွှေ့ ပေးလိုက်ခြင်းသာဖြစ်သည်ဟု သုံးသပ်သည်။

“တစ်ဆက်တည်း တံတားအရှည်ကြီးဆောက်နိုင်မယ်ဆိုရင်တော့ ပိုအဆင်ပြေနိုင်တာပေါ့။ ဒါပေမဲ့ ကုန်ကျစရိတ်က အရမ်းများတယ်”ဟု ဦးသန်းဝင်းက ဆိုသည်။

လက်ရှိ၌ ရန်ကုန်မြို့တွင်းလမ်းများပေါ်တွင် ကားများပြည့် ကျပ်နေသည်မှာ စီမံခန့်ခွဲမှုများ မလုပ်ထားသည့်အတွက်ကြောင့် သာ ကားကျပ်သည့်ပြဿ       နာ ကြုံတွေ့နေရခြင်းဖြစ်သည်ဟု ဝေဖန်သံများ ထွက်ပေါ်လျက်ရှိသည်။

အလားတူ ရန်ကုန်မြို့တွင်း လမ်းဘေးပလက်ဖောင်းများ ကို ချဲ့ထွင်ကာ ကားရပ်နားရန်နေရာများ ပြုလုပ်ပေးနေခြင်းသည် လည်း ကားကျပ်သည့်ပြဿ       နာကို ရေရှည်ဖြေရှင်းနေခြင်းမဟုတ် ဘဲ ယာယီဖြေရှင်းသည့် သဘောသာဖြစ်နေသည်ဟု ပညာရှင် များက ထောက်ပြကြသည်။

လမ်းလျှောက်ရင်း လမ်းပျောက်

လမ်းဘေးပလက်ဖောင်းများကိုချဲ့ထွင်ကာ ကားပါကင် များပြုလုပ်နေခြင်းသည် မြို့တွင်း၌ ကားများ ပိုများလာစေပြီး ကားပိုကျပ်လာနိုင်သည်ဟု ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့(Yangon Heritage Trust)မှ ဥက္ကဋ္ဌ ဒေါက်တာသန့် မြင့်ဦးက ထောက်ပြပါသည်။

လူသွားပလက်ဖောင်းလမ်းများ လုပ်ပေးမည်ဆိုပါက ပြည် သူများ လမ်းကောင်းကောင်း လျှောက်ခွင့်ရမည်ဖြစ်သောကြောင့် ကျန်းမာရေးအတွက်လည်း ကောင်းမွန်နိုင်သည်ဟု သူက အကြံ ပြုသည်။

နိုင်ငံတကာတွင်လည်း ပြည်သူများ လမ်းလျှောက်နိုင်ဖို့ကို သာ အဓိကဦးစားပေးလုပ်ကြသည်ဟု ၎င်းင်းက ဆက်လက်      ပြောသည်။

“ပလက်ဖောင်းတွေ ဖျက်လိုက်တာကို ကျွန်တော်လုံး၀ သဘောမတူဘူး။ လမ်းလျှောက်နိုင်ဖို့က အရေးကြီးတယ်။ လမ်း လျှောက်တာက လူတွေရဲ့ ကျန်းမာရေးနဲ့လည်းဆိုင်တယ်”ဟု ဒေါက်တာသန့်မြင့်ဦးက ဆိုပါသည်။

ယခင်တုန်းကနှင့်နှိုင်းယှဉ်လျှင် ရန်ကုန်မြို့ထဲတွင် အများ ပြည်သူလမ်းလျှောက်ရန် နေရာအခက်အခဲရှိသွားသလို ပလက် ဖောင်းများကို ခုတ်ဖဲ့ခြင်းသည်လည်း ယာဉ်ကြောကျပ်သည့် ပြဿ      နာကို မပြေလည်စေဘဲ ယာယီဖြေရှင်းသည့်နည်းသာ ဖြစ် သည်ဟု ၎င်းင်းကသုံးသပ်သည်။

“ရေရှည်အတွက် Solution (အဖြေ) တော့မဟုတ်ဘူး။ ရေရှည်ကတော့ Public Transport  နဲ့ စက်ဘီးတွေ၊ လူတွေ လမ်းလျှောက်နိုင်ဖို့က အရေးကြီးတယ်”ဟု ဒေါက်တာသန့်မြင့် ဦးက ဆိုသည်။

ဥရောပ၊ အမေရိကတို့တွင် အများပြည်သူ လမ်းလျှောက် နိုင်ရေး၊ စက်ဘီးစီးနိုင်ရေးကိုသာ အဓိကလုပ်ကြသည်။ စင်ကာပူ လိုနိုင်ငံမျိုးတွင်လည်း ကားများကို    မြို့တွင်းသို့ အကန့်အသတ် များဖြင့်သာ ဝင်ခွင့်ပြုသည်ဟု သူက ဆက်ပြောသည်။

ရန်ကုန်နည်းပညာတက္ကသိုလ်မှ ဧည့်ဒုတိယပါမောက္ခ ဦးသန်းဝင်းကတော့ လူသွားလူလာနည်းပြီး ကျယ်နေသည့် ပလက်ဖောင်းကိုဖျက်ကာ ကားပါကင်လုပ်သင့်သော်လည်း လူ သွားလူလာများသည့် ပလက်ဖောင်းများကို မဖျက်ဆီးသင့်ဟု ဆို ပါသည်။

“ပလက်ဖောင်းကိုဖြတ်တောက်မယ်၊ ချဲ့မယ်ဆိုလို့ရှိရင် လမ်းဖြတ်တဲ့လူအရေအတွက်ကို ကောက်ရမှာပါ။ ၁၅ မိနစ်မှာ ဘယ်နှယောက်၊ နာရီဝက်မှာ ဘယ်နှယောက်၊ တစ်နာရီမှာ ဘယ် နှယောက်ဖြတ်လဲဆိုတဲ့ အရေအတွက်ကို ကြည့်ပြီးတော့ အဲဒီ ဖြတ်သွားတဲ့လူနဲ့ ပလက်ဖောင်းနဲ့ ဘယ်လိုအခြေအနေရှိလဲ ဆို တာကို စာရင်းကောက်ယူရမှာပါ။ ပလက်ဖောင်းကို ဖြတ်တောက် လိုက်လို့ရှိရင် ထိရောက်မှု ရှိမလား၊ မရှိဘူးလားဆိုတာကို သေ ချာပေါက်စဉ်းစားရမှာပါ”ဟု ဦးသန်းဝင်းက ဆိုသည်။

ကားကျပ်သည့် လတ်တလောပြဿ      နာကို ဖြေရှင်းနိုင်ရန် အတွက် လမ်းဘေးပလက်ဖောင်းများကို ငွေကြေးအကုန်အကျ ခံပြီး ပြုလုပ်ခဲ့သည်ဟု မြို့တော်စည်ပင်မှ မြို့ပြစီမံကိန်းနှင့် မြေ စီမံခန့်ခွဲမှုဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးအောင် က ပြောသည်။

“ဒါကလည်း လက်တလော ဆေးမြီးတိုနဲ့ ကုတဲ့ သဘောပါ ပဲ။ ပလက်ဖောင်းတစ်ခုကို အသစ်က ပြန်လုပ်လိုက်ရတာက အများကြီးအကုန်ခံလိုက်ရတယ်”ဟု ဦးတိုးအောင်က ဆိုသည်။

မြို့ပတ်ရထား အားမထားကြ

ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေး စနစ်ကောင်းမွန်လာ အောင် ယခုအချိန်တွင် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး အစိုးရ၊ ပညာရှင်များ၊ လက်ရှိသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လုပ်နေသည့် အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် Japan Inerntional Cooperation Agency (JICA) တို့နှင့် ပူးပေါင်းကာ ဆွေးနွေးဆောင်ရွက်မှုများရှိနေသည်ဟု မော်တော် ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်ကြီးကြပ်မှု ဗဟိုကော်မတီ (မ.ထ.သ) ဗဟိုဥက္ကဋ္ဌ ဦးလှအောင်က ရှင်းပြသည်။

“ရန်ကုန်တိုင်းအစိုးရကလည်း JICA နဲ့ပူးပေါင်းပြီးတော့ Greater Yangon Plan ဆွဲထားပါတယ်။ အဲဒီ Plan ထဲမှာ Urban Transportion (မြို့တွင်းသယ်ယူပို့ဆောင်ရေး)အတွက် ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ကျွန်တော်တို့ အခုသုံး နေတာက Normal Bus System ကနေ BRT လို့ခေါ်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေ၊ ရထားနဲ့ ပတ်သက်ပြီးတော့လည်း အများပြည်သူ အမြန်သယ်ယူပို့ဆောင်ရေး (MRT)လို့ခေါ်တဲ့ စနစ်တွေကို ရှေ့အနာဂတ်မှာ    ပြောင်းလဲနိုင်ဖို့အတွက် ကြိုးပမ်း နေကြပါတယ်”ဟု ဦးလှအောင်က ပြောသည်။

ရန်ကုန်မြို့တွင်းတွင် လက်ရှိရိုးရိုးမြို့ပတ်ရထား၊ ပြေးဆွဲနေ သလို အထူးအဲယားကွန်း မြို့ပတ်ရထားစနစ်ကိုလည်း အဆင့်မြင့် အောင်ပြုလုပ်နေသည်ဟု ရန်ကုန်ဘူတာကြီးမှ ဒုရုံပိုင်ချုပ် ဦးရဲ လွင်က ပြောသည်။

“ဘတ်စ်ကားလည်း ဒီမြေကြီးပေါ်မှာပြေးနေတယ်။ ရထားလည်းဒီမြေကြီးပေါ်မှာ သွားနေရတယ်။ ရထားဖြတ်သွား တဲ့ အချိန်မှာ ဘတ်စကားလမ်းတွေ ပိတ်ထားတော့ ကားလမ်း ကျပ်တာတွေဖြစ်တယ်။ သူများနိုင်ငံမှာ ရထားတွေက ကောင်း ကင်မှာ သွားနေပြီ၊ မြေအောက်မှာသွားနေကြပြီ။ အခု ဒီမှာ မိုးပျံ ရထားနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးနေတာတွေ ရှိပါတယ်။ မြေ အောက်ရထားတော့ မဖြစ်နိုင်ဘူး ကုန်ကျစရိတ်တော်တော်များ တယ်”ဟု ဦးရဲလွင်က                   ဆက်လက်ပြောသည်။

ရန်ကုန်မြို့တွင်နေထိုင်သူများသည် ဘတ်စ်ကားကိုသာ အဓိကအားထား စီးနင်းကြပြီး  မြို့ပတ်ရထားကို ခရီသွားပြည်သူ များ အစီးနည်းခြင်းမှာ ဘူတာရုံသို့ လမ်းလျှောက်သည့် အလေ့ အထ မရှိသောကြောင့်ဖြစ်သည်ဟုလည်း ဦးရဲလွင်က ဆိုသည်။

“မြို့ပတ်ရထားကို စီးကြပါ။ ဒါမှလည်း ဘတ်စ်ကား တိုးစီး ရတာမျိုး မဖြစ်မှာ။ ဒီကလူတွေက အိမ်နဲ့ ဘူတာရုံလမ်းလျှောက်ရ မှာကို ပျင်းကြတယ်”ဟု သူက ဆိုသည်။

သို့သော် မြို့ပတ်ရထားစီးနင်းကြသူ အများစုကတော့ မြို့ ပတ်ရထားမစီးကြခြင်း၏ အဓိကအကြောင်းအရင်းမှာ မီးရထား အချိန်မှန်မရောက်သည့်                 အတွက်ကြောင့်သာ ဖြစ်သည်ဟုဆိုသည်။

“အရင်လို ရထားနောက်ကျလို့ “ရထားပျောက်တယ်”ဆို တာမျိုးအထိ မဖြစ်ပေမယ့် သတ်မှတ်ချိန်ထက် မိနစ် ၂၀၊ မိနစ် ၃၀ နောက်ကျတာမျိုးတော့ တွေ့နေရသေးတယ်”ဟု မြို့ပတ် ရထားပုံမှန်စီးသူတစ်ဦးက ဆိုသည်။

ကိုယ်သွားလိုသည့်နေရာသို့ တိုက်ရိုက်မရောက်နိုင်သည့် အချက်ကလည်း ရထားကို လူအသုံးပြုမှုနှုန်း နည်းစေသည်။

လက်ရှိတွင် ဆွေးနွေးနေကြသည့် BRT တွင် ဘတ်စ်ကား များအတွက် သီးသန့်လမ်းထားပေးကာ ထိုလမ်းပေါ်တွင် ကျန် သည့်ကားများ သွားလာ၍ မရပေ။ ဘတ်စ်ကား ထွက်ခွာမည့် အချိန်ကိုလည်း သတ်မှတ်ထားကာ မှတ်တိုင်များတွင် လူတင်၊ လူချသည့် အချိန်မှလွဲ၍ အချိန်အကြာကြီး ရပ်ခွင့်မရှိပေ။

““BRT စနစ်က အချိန်မှန်တဲ့အတွက် ကိုယ်သွားချင်တဲ့ အချိန်မှာ အဲဒီဘတ်စ်ကားက ရှိကို ရှိတယ်။ မြန်မယ်၊ အချိန်မှန် မယ်။ လူများများ သယ်နိုင်မယ်””ဟု  ဧည့်ဒုတိယပါမောက္ခ ဦးသန်းဝင်းက ရှင်းပြသည်။

ရန်ကုန်မြို့တွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးစ နစ် ကောင်းမွန်ရေးအတွက် စနစ်မျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် ဖော် ဆောင်ရန် ကြိုးစားဆောင်ရွက်နေကြသော်လည်း ပြည်သူလူထု အနေနှင့် ကောင်းမွန်သည့်စနစ်ကို မည်သည့်အချိန်ခံစားရမည် မှာ မရေရာလှပါ။

ထို့အတူ ထပ်မံတိုးချဲ့လာမည့် မြို့သစ်များတွင်လည်း ကောင်းမွန်သည့် မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ်များ အကောင် အထည်ဖော်နိုင်မလားဆိုသည်မှာလည်း မေးခွန်းထုတ်စရာ ဖြစ် နေပါသည်။

ပလက်ဖောင်း ဘယ်သူ့အတွက်လ

ရန်ကုန်မြို့၏ မြို့လယ်ကောင်ရှိ လမ်းမကြီးများ ဘေးတစ် လျှောက်တွင် အရောင်စုံလင်လှသည့် ထီးများ၊ အမိုးအကာများ စီတန်းနေကြသည်။ အဆိုပါအမိုးအကာများအောက်တွင် အဝတ် အထည်၊ အီလက်ထရွန်းနစ်ပစ္စည်းများ၊ မျိုးစုံသောမုန့်များ   စုံစုံ လင်လင်ရောင်းချနေကြသည်။

တချို့သောထီးနှင့် အမိုးအကာများသည် လူသွားလမ်း ပလက်ဖောင်းပေါ်အထိ ထိုးကျနေရာယူထားကြသည်။ ထိုကဲ့သို့ သော လမ်းဘေးဈေးသည်များကို ရန်ကုန်မြို့၏ မြို့လယ်ကောင် ဖြစ်သည့် ပန်းဘဲတန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ လသာမြို့ နယ်များတွင် အများဆုံးတွေ့ရပြီး အခြားသော လူစည်ကားသည့် နေရာများတွင်လည်း တွေ့ရသည်။

မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများရေးဆွဲရာတွင် လမ်း ဘေးဈေးသည်များ စနစ်တကျဈေးရောင်းချနိုင်ရန်အတွက် လည်း ကဏ္ဍတစ်ခုအနေဖြင့် ထည့်သွင်းရေးဆွဲရန်လိုအပ်ပြီး ဈေးသည်များအတွက် ဈေးရောင်းရန်နေရာ သတ်မှတ်ပေး ရမည်ဖြစ်သည်ဟု ဧည့်ဒုပါမောက္ခဦးသန်းဝင်းက ဆိုသည်။

“တကယ့်အကြောင်းအရင်းက သူတို့မှာရောင်းစရာနေရာ မရှိလို့ပေါ့။ စားသောက်ဆိုင်တွေ၊ ပျံကျဈေး သည်တွေက လမ်း ပေါ်ရောက်နေတယ်။ တခါတလေကျရင် ပလက်ဖောင်းပေါ်လည်း ရောက်တာပဲ။ ဘယ်လိုမှ စည်းကမ်းမရှိဘူး”ဟု သူကပြောသည်။

တချို့နိုင်ငံများတွင် လမ်းဘေးဈေးသည်များရှိသော်လည်း တာဝန်ရှိသူများ၏ စီမံခန့်ခွဲမှု ကောင်းမွန်သောကြောင့် စနစ် တကျရှိကြသည်။ သို့သော် ရန်ကုန်မြို့မှ လမ်းဘေးဈေးသည် များမှာ စနစ်တကျမဖြစ်သလို စည်းကမ်းမရှိသည့် ပုံစံမျိုးများ ဖြစ်နေသည်ဟု ပညာရှင်များက ပြောသည်။

ရန်ကုန်မြို့ရှိ လမ်းဘေးဈေးသည်များတွင် ဈေးရောင်းရာ မှရသော ဝင်ငွေကို အားကိုးနေရသလို စားသုံးသူများကလည်း ၎င်းင်းတို့အား အပြန်အလှန်အားကိုးနေရသည့်အတွက်  အကုန် ရှင်းလင်းရန်မှာ မဖြစ်နိုင်ဟု မြို့တော်စည်ပင်မှ ဦးတိုးအောင်က ပြောသည်။

“သူတို့ကို သီးသန့်နေရာပေးဖို့ကျတော့လည်း နေရာ အခက်အခဲက ရှိပြန်ရော။ ကားလမ်းအစပ်မှာဆိုတော့ လမ်းဘေး ဈေးသည်တွေကြောင့် လူတွေ လမ်းလျှောက်ဖို့နဲ့ ဘတ်စ်ကားတွေ ရပ်ဖို့နေရာက မရှိတော့ဘူး”ဟု ၎င်းင်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဒုဥက္ကဋ္ဌ ဦးအောင်မြင့် က မြန်မာနိုင်ငံမှ လမ်းဘေးဈေးသည်များအား သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးယူဆောင်ရွက်ရာတွင် အားနည်းချက် များရှိသလို လမ်းဘေးဈေးသည်တွေအနေနှင့်လည်း ၎င်းင်းတို့၏ ကိုယ်ပိုင်ရပိုင်ခွင့်(Right)တစ်ခုလို ထင်နေကြသည်ဟု သုံးသပ် ပြောသည်။

ကားကျပ်သည့်အတွက် ကားလမ်းမများ ချဲ့ထွင်ခဲ့သော် လည်း အဆိုပါလမ်းပေါ်တွင် ကားမမောင်းရဘဲ လမ်းဘေးဈေး သည်များကသာ နေရာယူထားကြသဖြင့် ယာဉ်ကြောကျပ်တည်း မှုသည် တကယ်တမ်း မပြေလည်ကြောင်း သူက ဆိုသည်။

“လမ်းဘေးမှာတက်ရောင်းတဲ့အတွက် စည်းကမ်းနဲ့ မညီ ဘူး။ စည်ပင်က အရေးယူတဲ့အချိန်မှာ ရှင်းသွားတယ်။ ပြီးရင်ပြန် လာတယ်။ တချို့နိုင်ငံတွေမှာ အချိန်ပိုင်းနဲ့ လမ်းတစ်လမ်းလုံး ပိတ်ပေးထားပြီး အဲဒီမှာ ဈေးထွက်ခိုင်းတယ်”ဟု ဦးအောင်မြင့် က ဆက်လက်ပြောသည်။

မိုးရွာလျှင် ရေကြီးမြဲ

ရန်ကုန်မြို့တွင် ရေစီးရေလာစနစ် ကောင်းမွန်စွာ မရှိခြင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ လတ်တလော ဆောင်ရွက်ချက် များ အားနည်းမှုရှိနေခြင်း၊ မြို့နေပြည်သူများ၏ စနစ်တကျ အမှိုက်မစွန့်ပစ်ခြင်းတို့ကြောင့် မိုးရာသီ၌ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းကျွမ်းကျင် ပညာရှင်များက သုံးသပ်ပြသည်။

ရန်ကုန်မြို့တွင် မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှု ဖြစ်ခြင်းမှာ နှစ်စဉ်လိုလိုကြုံတွေ့နေရသည့်တိုင် ယခင်စစ်အစိုးရ အုပ်ချုပ်စဉ်ကာလကတည်းက အဆိုပါပြဿ      နာကို မဖြေရှင်းပေး နိုင်ခဲ့သလို ယခုလက်ရှိ ဦးသိန်းစိန် အစိုးရတက်လာသည့် သုံးနှစ် ကျော်ကာလအတွင်းတွင်လည်း မဖြေရှင်းပေးနိုင်သေးဘဲ ယခင် လို ဖြစ်မြဲ၊ ဖြစ်နေဆဲသာဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအကြံပေး၊ မြို့ပြစီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာကျော်လတ်ကတော့ ရန်ကုန်မြို့တွင် ရေမြောင်းစီမံ ကိန်းစနစ်မရှိခြင်း၊ စီမံကိန်းရေးဆွဲရန် ကျွမ်းကျင်သည့် ပညာရှင် နည်းပါးခြင်း၊ ငွေကြေးလုံလောက်မှုမရှိခြင်းတို့ကြောင့် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီက တတ်နိုင်သလောက်သာ လုပ်နေရသည်ဟု ဆိုသည်။

“ရန်ကုန်တစ်မြို့လုံးမှာ ရေမြောင်းစီမံကိန်း မရှိဘူး။ ရန် ကုန်တစ်မြို့လုံးမှာ ရေမြောင်း Map မရှိဘူး။ ရေမြောင်းပြမြေပုံ ရှိတဲ့နေရာက ရန်ကုန်တစ်မြို့လုံးရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိ တယ်။ (စီမံကိန်းလုပ်ဖို့)ပညာရှင်တွေ အများကြီးလိုနေတယ်။ ပိုက်ဆံလည်း မရှိဘူး။ ရေမြောင်းကြီးစီမံကိန်း Master Plan ဆွဲ ဖို့လိုအပ်နေတယ်။ ဒါပေမဲ့ ဆွဲတတ်တဲ့သူ မရှိဘူး”ဟု ဒေါက်တာ ကျော်လတ်က ပြောသည်။

ရန်ကုန်မြို့တွင်ရှိနေသော ရေထုတ်သည့် ချောင်းမြောင်း များကို ရေထုတ်လွှတ်နိုင်ခြင်း ရှိ၊ မရှိ ပြန်လည်ဆန်းစစ်ရန်လိုအပ် သလို ပြည်သူများအနေနှင့်လည်း အမှိုက်ကို စနစ်တကျစွန့်ပစ် ရန် လိုအပ်သည်ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။

“ကျုံးကြီးတို့၊ ဘာတို့ ရေကိုဆွဲထုတ်တဲ့ ရေမြောင်းအနက် တွေရှိတယ်။ သူတို့ရဲ့ အနက်တွေဟာ တကယ်ပဲ ရေကိုပြန်ပြီး ထုတ်နိုင်တဲ့အနက်တွေ ရှိနေရဲ့လား။ ပြန်ဆန်းစစ်ဖို့ လိုနေပြီ”ဟု လည်း သူက ဆက်လက်ပြောသည်။

ရေလွှမ်းခံရမည့် ရန်ကုန်

ရန်ကုန်မြို့ကြီးကို ခြိမ်းခြောက်နေသော ဘေးအ္တရာယ် တစ်ခုလည်းရှိနေပါသည်။ ဖြစ်လာနိုင်သည့် ယင်းဘေးနှင့် ပတ် သက်ပြီး ပညာရှင်များက သတိပေးထား ကြပါသည်။ ယင်းမှာ ပင်လယ်ရေမြင့်တက်မှုကြောင့် ရေလွှမ်းခံရမည့်မြို့များစာရင်း တွင် ရန်ကုန်မြို့ပါဝင်နေခြင်းပင်ဖြစ်သည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (Organization for Economic Co-operation and Development–OECD) က ၂၀၀၇ ခုနှစ်တုန်းက ပြုလုပ်ခဲ့ သော လေ့လာမှုတစ်ခုအရ ၂၀၇၀ ခုနှစ်အရောက်မှာ ကမ္ဘာ့ဆိပ် ကမ်းမြို့ကြီး ၂၀ သည် ရေလွှမ်းခံရဖွယ်ရှိသည်ဟုဆိုပါသည်။

ယင်းမြို့ကြီး ၂၀ ထဲတွင် အာရှတိုက်က ၁၅ မြို့ ပါဝင်နေ သည်။ ထိုအထဲတွင် အိန္ဒိယနိုင်ငံမှ ကိုးလ်ကတ္တားနှင့် မွန်ဘိုင်း မြို့တို့ပါဝင်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော် ဒါကာ၊ တရုတ် နိုင်ငံမှ ဂေါင်ဇူးမြို့၊ ရှန်ဟိုင်းမြို့၊ ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟိုချီ မင်း၊ ထိုင်းနိုင်ငံ၏ မြို့တော်ဘန်ကောက်နှင့် မြန်မာနိုင်ငံ၏မြို့ တော်ဟောင်း ရန်ကုန်မြို့တို့ ပါဝင်နေပါသည်။

ယင်းအတွက် ကြိုတင်ပြင်ဆင်ကာ အစီအစဉ်များ ရေးဆွဲ ထားရန်လိုအပ်လာသည်ဟု ဒေါက်တာသန့်မြင့်ဦးက ထောက်ပြ သည်။ ကြိုတင်ပြင်ဆင်မှုများကို စနစ်တကျ မလုပ်ထားပါက လွန် ခဲ့သည့် နှစ်နှစ်ခန့်က ဘန်ကောက်မြို့တွင် ရေလွှမ်းခဲ့သလို ဖြစ် သွားနိုင်သည်ဟု သူက သုံးသပ်ပြသည်။

“ဘန်ကောက်လို မဖြစ်ဖို့လိုတယ်။သူတို့က Zoning Plan လည်း ဘာမှမရှိဘဲနဲ့ အကုန်လုံးကို ကွန်ကရစ်တွေ၊ ဘာတွေနဲ့ အထပ်မြင့်တွေ ဆောက်လိုက်တာ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အကုန်လုံး ရေလွှမ်းကုန်ရော”ဟု ဒေါက်တာသန့်မြင့်ဦးက ပြောသည်။

ရန်ကုန်မြို့ရှိ မော်တော်ကားလမ်းမနှင့် လူနေရပ်ကွက် တချို့သောနေရာများတွင် နှစ်စဉ်လိုလို ရေတက်ရခြင်းသည် မြို့ ပြဖွံ့ဖြိုးရေးဆိုင်ရာ စီမံခန့်ခွဲမှုကို စနစ်တကျအကောင်အထည် မဖော်ခြင်းကြောင့် ဖြစ်သလို တခြားတစ်ဖက်တွင်လည်း သဘာ၀ ပတ်ဝန်းကျင်ပြောင်းလဲလာသည့် နောက်ဆက်တွဲများနှင့်လည်း သက်ဆိုင်နေသည်ဟု ပညာရှင်များက ဆိုသည်။

သစ်တောပြုန်းတီးမှုများကြောင့် မြေဆီလွှာပျက်စီးမှုများ ဖြစ်ပြီး ယင်းမြေဆီလွှာတို့သည် ဧရာဝတီမြစ်လက်တက်များမှ တစ်ဆင့် ဧရာဝတီမြစ်အတွင်းသို့ ရောက်ရှိကာ မြစ်အောက်ပိုင်း တွင် အနည်ပို့ချကြသည်။ အနည်ပို့ချခံရသည့် မြစ်များထဲတွင် ရန်ကုန်မြစ်နှင့် ပဲခူးမြစ်တို့လည်း ပါဝင်သည်။

ယင်းဖြစ်စဉ်များကြောင့် ရန်ကုန်မြစ်နှင့် ပဲခူးမြစ်တို့ တဖြည်း ဖြည်းတိမ်ကောလာကြသည်။ ထိုသို့ မြစ်များ တိမ်ကောလာခြင်း ကလည်း ရေကြီးရေလျှံမှုဖြစ်စေခြင်း၏ အဓိကအကြောင်းအရင်း တစ်ခုဖြစ်ကြောင်း ရန်ကုန်နည်းပညာတက္ကသိုလ် ဧည့်ဒုပါမောက္ခ ဦးသန်းဝင်းက ဆိုသည်။

“အရင်တုန်းက ရန်ကုန်မြစ်နဲ့ ပဲခူးမြစ်က ရေစူးနက်တာ ပေါ့။ အခု ပဲခူးမြစ်နဲ့ ရန်ကုန်မြစ်ရဲ့ လက်ခံထားနိုင်တဲ့ ရေပမာဏ က နည်းနည်းပဲရှိတော့တယ်။ မိုးနည်းနည်းရွာလိုက်တာနဲ့ ရန် ကုန်မြစ်နဲ့ ပဲခူးမြစ်က မိုးရေတွေကို လက်မခံနိုင်တော့ဘူး”ဟု ဦးသန်းဝင်းက ဆိုပါသည်။

ရန်ကုန်မြို့၏ မြေမျက်နှာပြင်အနေအထားများကို လေ့လာ ပြီး မိုးရွာသည့်အခါ ရေလွှမ်းတတ်သည့်နေရာများကို တစ်ဆင့်ပြီး တစ်ဆင့် ရှင်းထုတ်သွားရန်လိုအပ်ပြီး ယင်းလုပ်ငန်းသည် တဖြည်းဖြည်းလုပ်သွားရမည့် အလုပ်ဖြစ်သည့်အတွက် မြို့သူမြို့ သားများအနေနှင့် အများကြီးမျှော်လင့်မထားသင့်ဟု ဦးသန်း ဝင်းက ဆက်လက်ပြောသည်။

သူက ဆက်၍ “ဒီရေက တက်လာတယ်။ ပြီးတော့ မိုးက လည်း ရွာချတယ်။ အဲဒီအချိန်က အခက်ဆုံးအချိန်ပဲ။ ဒါက အမှိုက်ပစ်တာတစ်ခုတည်းကို လုပ်ရုံနဲ့မပြီးဘူး။ မိုးရေချိန်အများ ဆုံးအချိန်၊ ဒီရေအမြင့်ဆုံးအချိန် အဲဒါတွေကိုတိုင်းတာပြီးတော့ လုပ်ရမယ်။ Master Plan နဲ့လုပ်ရမယ်”ဟုဆိုသည်။

ရန်ကုန်မြစ်၏ မြင့်တက်လာသောမြစ်ကြမ်းပြင်ကို ထိန်း သိမ်းရန်အတွက် အစိုးရမှာ ဘဏ္ဍာရေးအခက်အခဲရှိသည်ဟု မြို့တော်စည်ပင်မှ လက်ထောက်ညွှန် ကြားရေးမှူး ဦးတိုးအောင် က ပြောသည်။

ဘန်ကောက်မြို့သည် ပင်လယ်ရေမျက်နှာပြင်ထက် နိမ့် သည့်နေရာများစွာရှိပြီး ရန်ကုန်မြို့မှာ ပင်လယ်ရေမျက်နှာပြင် ထက်မြင့်သည့် နေရာများစွာကျန်နေသေးရာ ယင်းမြို့နှစ်မြို့နှိုင်းယှဉ်မှုနှင့် ပတ်သက်၍ ဦးသန်းဝင်းက “ရန်ကုန်မြို့က (ရေကြီး ရေ လျှံမှုပြဿ      နာကို) ဖြေရှင်းလို့ ပိုလွယ်ဦးမှာပါ။ နောက်မကျသေး ဘူး”ဟု နှိုင်းယှဉ်ပြောဆိုသည်။

ရန်ကုန်မြို့ကို ဘယ်လို စီမံခန့်ခွဲမလဲ

တခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အလုပ် အကိုင် အခွင့်အလမ်းနည်းပါးလာခြင်း၊ စားဝတ်နေရေး ပြေလည် မှု မရှိခြင်း၊ ပညာရေးအခွင့်အလမ်း နည်းပါးခြင်းတို့ကြောင့် အလုပ်အကိုင်၊ ပညာရေးနှင့် အခြားသော အခွင့် အလမ်းများရှိရာ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာသူဦးရေမှာ နှစ်စဉ်များပြားလျက်ရှိ ပါသည်။

ရန်ကုန်မြို့တွင်လည်း အခြေချနေထိုင်သူဦးရေ များပြား လာခြင်းကြောင့် အိမ်နှင့် တိုက်ခန်းဈေးနှုန်းများ မြင့်တက်လာ ခြင်း၊ အိမ်ငှားခများကြီးမြင့်လာခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်။ ယင်း၏ နောက်ဆက်တွဲအနေဖြင့် ကျူးကျော်နေထိုင်သူတို့သည် ရန်ကုန်မြို့အနှံ့အပြားတွင် တွေ့မြင်လာရသည်။

ထိုသို့ နှစ်စဉ်မြင့်တက်လာသော လူဦးရေအတွက် ရန်ကုန် မြို့တွင် အစိုးရမှ အိမ်ရာစီမံကိန်းများ ဖော်ဆောင်ပေးလျက်ရှိရာ တစ်နှစ်လျှင် အိမ်ခန်းပေါင်းတစ်သောင်းဝန်းကျင်တည်ဆောက်ပေးလျက်ရှိသည်ဟုဆိုပါသည်။

သို့သော် ရန်ကုန်မြို့တွင် နှစ်စဉ် အိမ်ထောင်စု  သုံးသောင်း ဝန်းကျင် (လူဦးရေနှင့်ဆိုလျှင် တစ်သိန်းကျော်) တိုးလျက်ရှိရာ အိမ်ခန်းလိုအပ်မှု၏ သုံးပုံတစ်ပုံအတွက်သာ အိမ်ခန်းဖြည့်ဆည်းပေးနိုင်သည့်အနေအထားဖြစ်နေသည်။

ထိုသို့ နှစ်စဉ် အိမ်ထောင်စု သုံးသောင်းဝန်းကျင်တိုးနေ သည့် အခြေအနေတွင် “တစ်သောင်းလောက်ပဲ ဖြည့်နိုင်မယ်ဆို ရင် ဘယ်လိုမှ လိုက်မမီနိုင်ဘူး”ဟု ဦးတိုးအောင်က ဆိုသည်။

တစ်ဖက်တွင်လည်း အိမ်ရာများဖော်ဆောင်ရန်အတွက် မြေဈေးနှုန်းများမှာ ကြီးမားနေသည်။ ရန်ကုန်မြို့လယ်တွင် အထပ်မြင့်အဆောက်အအုံဆောက်ခွင့်ကို ကန့်သတ်ထားသလို အမြင့်ဆောက်ရန် မြေနေရာများ ကျဉ်းသည့်အတွက်လည်း ဆောက်လုပ်ရန် အခက်အခဲရှိသည်ဟု ဦးတိုးအောင်က ပြောသည်။

ရန်ကုန်မြို့တွင် တိုးပွားနေသော အိမ်ထောင်စုများအတွက် အိမ်များ လုံလောက်စွာဖော်ဆောင်ပေးနိုင်လျှင် ရန်ကုန်မြို့၏ မြင့်မားနေသည့် အိမ်ဈေးကို ထိန်းချုပ်နိုင်မည်ဖြစ်သည်ဟု သူက ဆက်ပြောသည်။

မြို့ပြစီမံကိန်း ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည် ဖော်သည့်နေရာတွင် ရန်ကုန်မြို့တစ်ခုတည်းကိုသာ အဓိက မလုပ်ဘဲ ကျန်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်ရှိသည့် မြို့ကြီးများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်သင့်သည်ဟု မြို့ တော်စည်ပင် အကြံပေး ဒေါက်တာကျော်လတ်က ဆိုသည်။

သို့မှသာ ရန်ကုန်မြို့သို့ နှစ်စဉ်ပြောင်းရွှေ့လာသည့် လူဦး ရေကို လျှော့နိုင်မှာဖြစ်သလို တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အတွက်လည်း အဆင်ပြေစေနိုင်မည်ဟု ဒေါက်တာကျော်လတ် က ဆိုသည်။

“ရန်ကုန်မြို့မှာ လူဦးရေများလာတာ အိမ်ရာဖော်ဆောင် ပေးရုံ၊ အိမ်ဆောက်ပေးရုံနဲ့မပြီးဘူး။တခြားနယ်မြို့တွေကို ဖွံ့ဖြိုး တိုးတက်အောင်လုပ်နိုင်မှအားလုံးအဆင်ပြေမယ်”ဟု သူကဆို သည်။

ကားတွေအတွက် နေရာ

မြန်မာနိုင်ငံတွင် Myanmar National Building Code (မြန်မာအမျိုးသားအဆောက်အအုံဆိုင်ရာလုပ်ထုံးလုပ်နည်း ဥပဒေ)မူကြမ်းကို  မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ ရန်ကုန်မြို့ ပြ အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့၊ အစိုးရတာဝန်ရှိသူများနှင့် ပေါင်းကာ ရေးဆွဲခဲ့ပြီးဖြစ်သည်။ အဆိုပါမူကြမ်းကို လာမည့်နှစ် တွင် အတည်ပြုနိုင်မည်ဟု ဦးတိုးအောင်က ဆက်လက်ပြောသည်။

“အခုအချိန်မှာတော့ စံချိန်စံညွှန်းဆိုတာ Myanmar National Building Code ရဲ့ လမ်းညွှန်ချက် (Guidelines)  တွေနဲ့ ဆောင်ရွက်နေပါတယ်။ အရင် စံချိန်စံညွှန်းတွေကို အဓိက မထားနိုင်ခဲ့တဲ့အတွက် စံချိန်တွေ တော်တော်လေးကျခဲ့ပါတယ်။ အခုကတော့ စံချိန်စံညွှန်းကောင်းအောင်လို့ နိုင်ငံတကာ အဆင့် မီအောင်လို့ လုပ်နေကြတယ်”ဟု သူက ဆိုသည်။

ယခုနောက်ပိုင်း ဆောက်လုပ်မည့် အထပ်မြင့်အဆောက် အအုံများ၊ Super Market များ၊ လူနေအိမ်များတွင် ကားပါ ကင်ထည့်သွင်းဆောက်လုပ်ရန် ဥပဒေစည်းမျဉ်းထဲတွင် ပါသည့် အတွက် လမ်းပေါ်မှ ကားများ တိုက်ပေါ်၊ သို့မဟုတ် မြေကြီး အောက်ထဲရှိ ကားပါကင်သို့ ရောက်သွားနိုင်သည်ဟု ရန်ကုန်မြို့ ပြအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့မှ ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာ သန့်သော်ကောင်းက ပြောသည်။

“လက်ရှိ အဲဒီစနစ်က မရှိသေးတဲ့အတွက်ကြောင့် ကား တွေက လမ်းပေါ်မှာပဲ ရပ်ကြရတာကိုး။ နောက်ပိုင်းကျရင် အများ ကြီး ကောင်းလာမှာပါ”ဟု သူက ဆက်ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း ယာဉ်မရပ်ရသတ်မှတ်ထား သည့်လမ်းပေါင်း ၈၂ လမ်းရှိသော်လည်း အချိန်တော်တော်များ များမှာ ၈၂ လမ်းစလုံးတွင် ကားတွေရပ်နေသည်ဟု ရန်ကုန်နည်း ပညာတက္ကသိုလ်မှ ဦးသန်းဝင်းက ဆိုသည်။

“ဖမ်းချင်တဲ့အချိန် ထဖမ်းတယ်။ ရပ်လည်းမရပ်ရ၊ ကျန်တဲ့ နေရာလည်း ရပ်စရာနေရာမရှိဘူးဆိုရင်တော့ ဘယ်သူက ဥပဒေ ကို လိုက်နာတော့မှာလဲ။ လမ်းဘေးမဟုတ်တဲ့ တခြားရပ်နိုင်တဲ့ နေရာတွေကို ရအောင် ရှာပေးရမှာက သက်ဆိုင်သူတွေရဲ့ တာ ဝန်ပါ”ဟု ၎င်းင်းက ပြောသည်။

ရန်ကုန်မြို့တွင် မြေနေရာကျပ်သည့်နေရာများရှိသလို မြေ ကွက်လပ်များစွာလည်း ကျန်နေသေးသည်။ အဆိုပါ နေရာများ ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရန်လိုအပ်ပြီး လုပ်သည့်အခါတွင် လည်း အစိုးရတစ်ခုတည်းမဟုတ်ဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့် ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်သည်ဟု ဆောက်လုပ်ရေး      ဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဒေါ်မီမီတင်က ပြောသည်။

“အဲဒီ(မြေကွက်လပ်တွေ)မှာ အခြေခံအဆောက်အအုံတွေ (Infrastructure) သာ ရောက်သွားရင်  လမ်းတွေကောင်းလာ လိမ့်မယ်။ ရေမြောင်းတွေ၊ လျှပ်စစ်တွေရှိလာမယ်ဆိုရင် နေတဲ့သူ က သူ့ဟာသူဖြစ်လာမယ်””ဟု ဒေါ်မီမီတင်က ဆိုပါသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မြင့်က တော့ မြို့လယ်တွင် စီးပွားရေးဇုန်များ တစ်နေရာတည်းစုနေခြင်း သည် ယာဉ်ကြောကျပ်မှုကိုဖြစ်ပေါ်စေပြီး ရေရှည်အတွက် မကောင်းသောကြောင့်  ကျန်သည့်နေများသို့ ဖြန့်ထားသင့်သည် ဟုဆိုသည်။

“အစိုးရဌာနတွေ၊ ရုံးတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ၊ စီး ပွားရေးရှိတဲ့နေရာတွေကို လူတွေက စုတတ်တယ်။ တချို့ကိစ္စတွေ မှာဆို တစ်နေရာတည်းမှာမထားဘဲ ဖြန့်ပြီးထားတဲ့စနစ်ကို ဆောင်ရွက်သင့်တယ်။ နယ်မြေတွေ ခွဲပြီးတော့ ဖွံ့ဖြိုးတိုးတက် အောင် လုပ်ဖို့လိုတယ်”ဟု မြို့ပြစီမံခန့်ခွဲမှုတွင် အရေးကြီးသည့် အချက်ကို သူက ထောက်ပြသည်။

ရန်ကုန်မြို့တွင် မြေနေရာဇုန်သတ်မှတ်မှုအစီအစဉ် (Zoning Plan) ပြုလုပ်နေကြပြီး မကြာမီ ထွက်ပေါ်လာတော့ မည်ဖြစ်သည်။ ထဲတွင် Zoning Plan အဆောက်အအုံအမြင့် ဆောက်လုပ်ခွင့် မပြုသည့်နေရာများနှင့် ဆောက်လုပ်ခွင့်ပြုသည့် နေရာများနှင့် စီးပွားရေးဇုန်များ ဖော်ဆောင်ရန်အတွက်လည်း ထည့်သွင်းထားကာ ပြည်သူများထံ ချပြဆွေးနွေးသွားမည်ဟု ဒေါ်မီမီတင်က ဆက်လက် ပြော သည်။

“အခုရှိနေတဲ့ မြို့နယ်တွေထဲက တချို့ လူမနေသေးတဲ့နေ ရာတွေမှာ ဖွံ့ဖြိုးရေးတွေလုပ်ဖို့။ အခုရှိနေတဲ့နေရာတွေနဲ့ နောက် ထပ်လုပ်မယ့်နေရာတွေရဲ့ကြားမှာ Green Buffer (အစိမ်း ရောင်ကြားခံနယ်မြေ) နေရာမျိုးတွေ ထားခဲ့ဖို့လိုတယ်”ဟု သူ က ဆိုသည်။

အဆိုပါ ကိစ္စရပ်များ လက်တွေ့ဖြစ်လာဖို့အတွက်လည်း ဒေါ်မီမီတင်က အခုလို မှတ်ချက်ပြုသည်။

“အဓိက လိုအပ်တာက ဥပဒေပဲ”

ရန်ကုန်အောက်မှာ ကလိုဏ်တွေ ဖြစ်လာမလား

မြို့ပြဖွံ့ဖြိုးရေးနှင့် မြို့သစ်များ တိုးချဲ့တည်ဆောက်ခြင်း စီမံကိန်းများတွင် အရေးတကြီးထည့်သွင်းစဉ်းစားရမည့် နောက် ထပ်အချက်တစ်ခုမှာ မြို့ပြရေပေးဝေရေးစနစ်ပင်ဖြစ်သည်။

ရန်ကုန်မြို့၏ နောက်ထပ်ဆောက်လုပ်မည့် အထပ်မြင့် အဆောက်အအုံများတွင် မြို့တော်စည်ပင်မှ ရေပေးဝေခြင်း မပြု တော့သည့်အစီအစဉ်သည် ရန်ကုန်     မြို့အတွက် အလွန်တရာ အ္တနရာယ်များသည့်ကိစ္စဖြစ်သည်ဟု နည်းပညာတက္ကသိုလ်မှ ဧည့်ဒုပါမောက္ခ ဦးသန်းဝင်းက ပြောသည်။

အိမ်ရာဆောက်လုပ်သူများအနေနှင့်လည်း ရေမပေးတော့ လျှင် အဝီစိတွင်းများ တူးကြတော့မည်ဖြစ်သည်။

“မြေအောက်ရေကို အရမ်းထုတ်သုံးလိုက်ရင် မြေမျက်နှာ ပြင် နိမ့်ကျလာပြီး မြေအောက်မှာ ကလိုဏ်တွေ ခံလာတော့မှာ။ (တိုက်)ကျွံကျတာတွေ၊ ဘာတွေဖြစ်လာနိုင်တယ်။ ရေသိုလှောင် နိုင်တဲ့ နေရာတွေလုပ်ပြီး Water Supply ကို နိုင်အောင် လုပ်ရ မယ်။ ဒါ သဘာဝအတွက်အကောင်းဆုံးပဲ”ဟု သူက ဆိုပါသည်။

အကောင်အထည်ဖော်မည့် အစီအစဉ်များ

ရန်ကုန်မြို့ပြစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်ပြီး ရေရှည်အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ နှင့် JICA တို့မှ ရေးဆွဲထားသောအချက်ခုနစ်ချက်ရှိပါသည်ဟု ရန်ကုန်မြို့တော်စည်ပင် အကြံပေး ဒေါက်တာကျော်လတ်က ပြောသည်။

ယင်းတို့မှာ အခြေခံအဆောက်အအုံက(Infurastrature)  ရေပေးဝေရေးစနစ်၊ အများပြည်သူသယ်ယူပို့ဆောင်ခြင်း၊ အိမ်ရာ ကဏ္ဍများဖော်ဆောင်ခြင်း၊ စီးပွားရေးဇုန်များ ခွဲထုတ် ခြင်း၊ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းခြင်း၊ ရန်ကုန်မြို့ပတ် လမ်းနှင့် ရန်ကုန်မြို့ တိုးချဲ့ခြင်းတို့ဖြစ်သည်။

သို့သော် အဆိုပါလုပ်ငန်းများ အကောင်အထည်ဖော်ရန် အတွက်မှာ မည်သည့်အချိန်တွင် အကောင်အထည်ဖော်မည်ဆို ခြင်းနှင့်ပတ်သက်၍ အချိန်ကာလသတ်မှတ်ထားခြင်းမရှိဟု ဒေါက်တာကျော်လတ်က ပြောသည်။

“ဘယ်အချိန်လုပ်မယ်၊ ပြီးမယ်လို့တော့ သတ်မှတ်ချက်မရှိ ဘူး။ ဘာကို ဘယ်နေ့ပြီးမယ်ဆိုတာကို သတ်မှတ်လို့မရဘူး။  ရန် ကုန်မြို့တော်စည်ပင်ကလည်း သူရတဲ့ငွေကို အကုန်သုံးနေတာ”ဟု ဒေါက်တာကျော်လတ်က ဆိုသည်။

ထောင်နှင့်တူသော ရန်ကုန်

ယခုဆိုလျှင် ရန်ကုန်မြို့တွင်နေသူများသည် ရန်ကုန်မြစ် ကမ်းနားတွင် လမ်းလျှောက်ရင်း လေညင်းခံစရာ နေရာရှားပါး လာသည်။ ရန်ကုန်မြို့တွင် ပြည်သူများ အပန်းဖြေစရာ ပန်းခြံများ လည်း နည်းပါးလာသည်။

ရန်ကုန်မြစ်ကမ်းနားတွင် ပြည်သူများ သွားလာလို့ရသည့် နေရာသည် ဗိုလ်တစ်ထောင်ဆိပ်ကမ်းနှင့် နန်းသီတာဆိပ်ကမ်း အနီးရှိ နေရာကျဉ်းလေးတစ်ခုသာ ကျန်တော့သည်ဟု ရန်ကုန်မြို့ ပြ အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့မှ ဒေါက်တာသန့်သော်ကောင်း က ထောက်ပြသည်။

နိုင်ငံတကာတွင် မြစ်ကမ်းနားအလှအပ (River View)အား အများပြည်သူလမ်းလျှောက်နိုင်ရန်၊ လေညင်းခံနိုင်ရန် လုပ် ပေးကြသည်။ သို့သော် ရန်ကုန်မြို့တွင် ထိုကဲ့သို့အများပြည်သူ အပန်းဖြေနိုင်ရန်နေရာများကို စနစ်တကျ လုပ်ပေးမထားပါ။ ဗိုလ်တထောင်ဆိပ်ကမ်းတွင် ပုဂ္ဂလိကပိုင် ရေပေါ်ဟိုတယ်ကြီး တစ်ခုနေရာယူလာသောကြောင့် အများပြည်သူ အပန်းဖြေနေ ရာမှာ ပိုကျဉ်းမြောင်းလာသည်။

တချို့သောစီမံကိန်းများကို အစိုးရအနေဖြင့် သဘောတူ ပေးထားပြီးဖြစ်သောကြောင့် မည်သို့ပင် တားဆီးရန်ကြိုးစား သော်လည်း အောင်မြင်မှုမရှိကြောင်း ဒေါက်တာသန့်သော် ကောင်းက ထောက်ပြသည်။

“ရန်ကုန်မြို့သူမြို့သားတွေက ဘာနဲ့တူနေလဲဆိုတော့ ထောင်ကြီးတစ်ခုထဲမှာ နေရတာနဲ့ တူနေတယ်။ ဘာလဲဆိုတော့ မြို့ပတ်ပတ်လည်က မြစ်ကမ်းနား(River View)အလှအပတွေ ကို မတွေ့ရတော့ဘူး”ဟု သူက ဆိုသည်။

ရန်ကုန်မြို့တွင်ဖြစ်နေသော အထက်ပါပြဿ      နာတို့ကို ဖြေ ရှင်းရန်မှာ တစ်နှစ်တည်းနှင့် ဖြေရှင်း၍ မရနိုင်ဟု ပညာရှင်များ က ထောက်ပြပါသည်။ အချက်အလက်များ စနစ်တကျကောက် ယူပြီးမှ Mater Plan  များ ချမှတ်ကာ အကောင်အထည်ဖော်ရန် လိုအပ်သည်ဟုလည်း အကြံပြုကြသည်။

ထိုကဲ့သို့ Mater Plan  နှင့် စနစ်တကျမလုပ်လျှင် ရေရှည် တွင် ရန်ကုန်မြို့သည် အလွန်အန္တရာယ်များသည်ဟု ရန်ကုန်နည်း ပညာတက္ကသိုလ် ဧည့်ဒုပါမောက္ခ ဦးသန်းဝင်းက ပြောသည်။

ဦးသန်းဝင်းက ယခုလိုလည်း မှတ်ချက်ပြုသည်။

““Mater Plan  မရှိဘဲ လုပ်နေရင်တော့ ရန်ကုန်မြို့ကြီး အန္တရာယ်ကြီးပါတယ်။ ဒေါက်တာရမ်းကုလက်ထဲ အပ်လိုက်သလို ဖြစ်သွားပါမယ်”” ။        ။

၂၀၁၄-အောက်တိုဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ် (၁၇) မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။

ခင်မောင်မြင့် ရေးသည်။

သီတာဝင်း ပံ့ပိုးသည်။

 

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."