အချိန်မီ ထိန်းသိမ်းရမည့် ကယန်းကခေါင်းများ၏ ကြေးကွင်းဝတ် ယဉ်ကျေးမှု အပိုင်း(၂)

အချိန်မီ ထိန်းသိမ်းရမည့် ကယန်းကခေါင်းများ၏ ကြေးကွင်းဝတ် ယဉ်ကျေးမှု အပိုင်း(၂)

ရွှေ့ပြောင်းခြင်းကြောင့် ရှားပါးလာ

ခေတ်ရေစီးကြောင်းအရ ရိုးရာကြေးကွင်းပတ်ခြင်း ရှားပါး လာသကဲ့သို့ ကယန်းကခေါင်းတိုင်းရင်းသားများကိုသူတို့၏  ဇာတိမြေတွင် မြင်တွေ့ရန် မလွယ်ကူတော့မည့် အခြားအကြောင်း အရာတစ်ခုလည်းရှိသေးသည်။ အကြောင်းမှာ ကယန်းကခေါင်း မျိုးနွယ်စု တော်တော်များများသည် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသောကြောင့် ဖြစ်ပါသည်။

”ကလေးတွေလည်း သွားကြတာပဲ။ ရှစ်နှစ်၊ ဆယ်နှစ် လောက်က စသွားကြတာ” ဟု ဒီမောဆိုးမြို့နယ်၊ ရွမ်းကူးကျေး ရွာမှ အသက်၆၂ အရွယ်ဦးယွမ့်က ဆိုသည်။

ဦးယွမ့်တွင် သားသမီးငါးယောက်ရှိပြီး ထိုငါးယောက်စလုံး ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည်။ ထိုင်း နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သူ များပြားလာရသည့် အချက်ထဲတွင် ကိုယ့်ရပ်ကိုယ့်ဒေသတွင် လုပ်ကိုင်စားသောက်ရ သည်မှာ အဆင်မပြေသည့်အချက်လည်း ပါဝင်ပါသည်။

အဓိကအခက်အခဲမှာ ရေရှားပါးခြင်းဖြစ်သည်ဟုဆိုသည်။ သီးနှံစိုက်ပျိုးရာတွင် ရာသီဥတုဒဏ်ကြောင့် ဖြစ်ထွန်းမှု နည်းပါး သည့်အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အတွက် ကြောင့်လည်း ဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် အခက်အခဲ များရှိသည်ဟု ဦးယွမ့်က ဆိုသည်။

ကယန်းကခေါင်းတိုင်းရင်းသားများအတွက် ထိုင်းအစိုးရမှ မယ်ဟောင်ဆောင်ခရိုင်တွင် ကျေးရွာများတည်ဆောက်ပြီး နေ ရာချ ထားပေးကာ နိုင်ငံခြားသားခရီးသွားဧည့်သည်များကို ဆွဲ ဆောင်ကြသည်ဟု ကယားပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆို ခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ဦးက ဆိုပါသည်။

လည်ပင်းရှည်တွင် ကြေးကွင်းများ ဝတ်ထားကြသော ကယန်းကခေါင်းလူမျိုးများဖြင့် နိုင်ငံခြားသားဧည့်သည်များအား ဆွဲဆောင်ခြင်းနှင့်ပတ်သက်ပြီး ဝေဖန်မှုအချို့လည်းရှိပါသည်။ လူသားလှောင်ချိုင့်လုပ်ပြီး ပြစားသည့်လုပ်ရပ်ဟု ဝေဖန်ကြသည် များလည်းရှိသည်။

နိုင်ငံခြားသားခရီးသွားဧည့်သည်များကလည်း တောင်းခံ သည့်ဝင်ကြေးပေးကာ ကယန်းတိုင်းရင်းသားများ၏ ဝတ်စား ဆင်ယင်မှုနှင့် ယဉ်ကျေးမှုဓလေ့စရိုက်တို့ကို ဝင်ရောက်လေ့လာ ကြသည်။ ရိုးရာအဝတ်အထည်များနှင့် အမှတ်တရလက်ဆောင် အရုပ်တို့ကိုလည်း ဝယ်ယူကြသည်ဟုဆိုပါသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် ကယန်းကခေါင်းတိုင်း ရင်းသားတစ်ဦး၏ တစ်နေ့တာဝင်ငွေမှာ ထိုင်းဘတ်၅ဝဝ (မြန်မာ ငွေ ၁၅,ဝဝဝ)ခန့် ရရှိကြောင်း ထိုင်းနိုင်ငံမှ ခဏတာ အလည်ပြန် လာသည့် ဒေါ်မူသားက ပြောပြသည်။

ကယန်းတိုင်းရင်းသားတချို့ကို ထိုင်းအစိုးရက ထိုင်းနိုင်ငံ သားဖြစ်ခွင့် ပေးထားသည်များပင်ရှိသည်ဟု တချို့က ဆိုကြ သည်။ ထို့ကြောင့်လည်း ၎င်းတို့ကိုနေရပ်ပြန်ခေါ်ရာတွင် အခက် အခဲအချို့ရှိသည်ဟု ဆိုပါသည်။

ဒီမော့ဆိုးမြို့နယ် ရွမ်ကူးကျေးရွာမှ ဒေါ်မူသားရိုးရာခေါင်ရည်စုပ်နေသည် ကိုတွေ့ရစဉ်။ ဓာတ်ပုံ-သက်ဦးမွန်/မော်ကွန်းမဂ္ဂဇင်း

 

စီးပွားရေးအရ သွားရောက်လုပ်ကိုင်စားသောက်နေကြ သော ကယန်းကခေါင်းမျိုးနွယ်များ နေရပ်ပြန်လာနိုင်ရေး အတွက် ဦးပေါလုချမ်းတို့အဖွဲ့က ထိုင်းအစိုးရထံ စာတင်ခဲ့ဖူးသည် ဟု ဆိုပါသည်။

”အဲဒီမှာ ထိုင်းက ဒါ သူတို့နိုင်ငံသားဆိုပြီး နိုင်ငံသားမှတ် ပုံတင်ပေးလိုက်တယ်။ ဘာမှ လုပ်လို့မရတော့ဘူး”ဟု ဦးပေါလု ချမ်းက ပြောပြသည်။

ကယားပြည်နယ်တွင်ရှိသော လူမှုအဖွဲ့အစည်းများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများကလည်း  ကယန်းကခေါင်းတိုင်း ရင်းသားများကို နေရပ်ပြန်ခေါ်ရန် ဆန္ဒရှိနေကြသည်။ တစ်ချိန် တည်းတွင် နေရပ်၌ ထိုင်းနိုင်ငံကဲ့သို့ ထိုက်သင့်သောလစာနှင့် အလုပ်အကိုင်များ ဖန်တီးပေးသင့်သည်ဟု ကယန်းခေါင်းဆောင် များက ဆိုသည်။

ကယန်းပြည်သစ်တပ်မတော်မှ ဗိုလ်မှူးကြီးအောင်မင်းကကယန်းတိုင်းရင်းသားများ နေရပ်ပြန်ဖို့ကိစ္စကို အစိုးရအနေနှင့် အရေးကြီးအခန်းကဏ္ဍအဖြစ် စဉ်းစားလုပ်ဆောင်ပေးဖို့လိုသည် ဟုဆိုသည်။ ကယန်းတိုင်းရင်းသားများ နေရပ်ပြန်ဖို့ကိစ္စတွင် အစိုးရ၌ အဓိက တာဝန်ရှိသည်ဟု ၎င်းက ဆိုသည်။

”ကျွန်တော်တို့ ကယန်းပဒေါင်လူမျိုးမှ ပြန်ခေါ်ပါလို့ ကျွန် တော်တို့ မဆိုလိုပါဘူး၊ တခြားသော တိုင်းရင်းသားတွေရော အကြောင်းအမျိုးမျိုးကြောင့် ပြည်ပမှာရောက်နေတဲ့ နိုင်ငံသား တွေအားလုံး ပြန်ခေါ်ဖို့အတွက်ဟာ တာဝန်အရှိဆုံးက နိုင်ငံတော် အစိုးရပဲ”ဟု ဗိုလ်မှူးကြီးအောင်မင်းက သူ့အမြင်ကို ပြော ပြသည်။

လက်ကမ်းကာ ကြို

တိုင်းရင်းသားရေးရာဝန်ကြီးဦးစိန်ဦးက ၎င်းတို့အနေနှင့် တိုင်းရင်းသားများအရေးအတွက် အစွမ်းကုန် ကြိုးစားနေပါသည် ဟု ဆိုပါသည်။

”ကျွန်တော်တို့တိုင်းရင်းသားတွေ အခိုးခံနေရတာ ကျွန် တော်တို့သိတယ်”ဟု သူက ဆိုသည်။

”ဒီလူမျိုးသည် ကျွန်တော်တို့လူမျိုးဖြစ်တယ်။ ကျွန်တော် တို့ တိုင်းရင်းသားတွေရဲ့ဘဝတွေကို သဘာဝအတိုင်း အရှိကို အရှိ အတိုင်းဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်”ဟု ဦးစိန်ဦးက ရှင်းပြသည်။

ပြည်နယ်အစိုးရအနေနှင့် ကယန်းကခေါင်းတိုင်းရင်းသားများပြန်လာပါက ထိုက်သင့်သောလစာနှင့် အလုပ်အကိုင်များ ဖန်တီးပေးရန် အစီအစဉ်ရေးဆွဲထားပြီး တိုင်းရင်းသားများအနေ နှင့် အချိန်မရွေး ပြန်လာနိုင်သည်ဟု ဦးစိန်ဦးက ပြောပြပါသည်။ထို့အတွက် တိုင်းရင်းသားခေါင်းဆောင်များအနေနှင့်  ပြည်နယ် အစိုးရနှင့် လာရောက်ဆွေးနွေးနိုင်ကြောင်းလည်း ဦးစိန်ဦးက ဖိတ်ခေါ်ထားသည်။

”ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာကို ဘယ်နေရာ၊ ဘယ်လောက်၊ ဘယ်အချိန်သိရရင် ပြည်နယ်အစိုးရက လုပ်ပေး မယ်။ ခေါင်းဆောင်တွေ ဝန်ကြီးချုပ်နဲ့ လာဆွေးနွေးပါ။ ချက်ချင်း ဆောင်ရွက်ပေးနိင်ဖို့ အတွက်အမြန်ဆုံးအကောင်အထည်ဖော် ချင်ပါတယ်”ဟု ဦးစိန်ဦးက ပြည်နယ်အစိုးရ၏ သဘောထားကို ရှင်းပြသည်။

ဒီမော့ဆိုးမြို့နယ် ရွမ်ကူးကျေးရွာမှ ဒေါ်မူဘုန်း ။ ဓာတ်ပုံ – သက်ဦးမွန်/မော်ကွန်းမဂ္ဂဇင်း

ဦးပေါလုချမ်းအယူအဆကတော့ ထိုင်းနိုင်ငံမှာကဲ့သို့ ဝင် ငွေကောင်းသော အလုပ်အကိုင်များကို ဖန်တီးမပေးနိုင်လျှင် တောင်မှ အတိုင်းအတာတစ်ခု အဆင်ပြေအောင် စီစဉ်ပေးနိုင် လျှင် ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်နယ်ကို ပြန်လာကြလိမ့်မည်ဟု ဆိုသည်။

လောလောဆယ်ကာလတွင်တော့ ကယားပြည်နယ်မှ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရလုပ်ငန်းများက ထိုင်း နိုင်ငံရောက် ကယန်းကခေါင်းများကို အမိမြေပြန်လာ ချင်လောက်အောင် ဆွဲဆောင်မှု မကောင်းလှသေးပါ။

”ရွာမှာနေရင် တစ်လလုံးနေလို့မှ တစ်သောင်းရဖို့ မလွယ် ဘူး”ဟု ဒေါ်မူသားက ညည်းတွားသည်။

”ဟိုမှာက ရှစ်သောင်း၊ တစ်သိန်းကတော့ ဘယ်လိုရှာရှာ ရတယ်”

ငွေရေးကြေးရေးအတွက် သွားရသည့်တိုင် ဒေါ်မူသားက ထိုင်းမှာ နေထိုင်ရခြင်းကို မပျော်မွေ့သည့်အကြောင်းကို ယခုလို ပြောပြသည်။

”ဒီမှာ အဲဒီလောက်ရရင် မသွားတော့ဘူး။ ဒီမှာ ကလေး တွေရှိတယ်။ အိမ်ရှိတယ်” ။          ။

ဇန်နဝါရီလထုတ်-၂၀၁၄၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၁) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

သက်ဦးမွန် ရေးသည်။

    အပိုင်း(၁)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."