မိုးကုတ် – ၂၀၂၅ စက်တင်ဘာ ၁၆ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ အုန်းကိုင်းရပ်ကွက်က လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီး လူနေအိမ်တွေရှိရာနေရာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ မနက် မနက် ၇း၀၀ နာရီအချိန်ခန့်မှာ လေကြောင်းဗုံးကြဲခဲ့ပေမယ့် နေထိုင်နေသူအချို့ကြိုတင်တိမ်းရှောင်နေကြတာကြောင့် အမျိုးသမီးတစ်ဦးပဲ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
” အိမ်ကတော့ ဘာမှမကျန်ဘူး၊ လူမနေလို့တော်သေးတယ်၊ လူသာနေရင် အလောင်းတောင်ရှာရမှာမဟုတ်ဘူး၊ ထပ်ဆောက်ဖို့ဆိုတာကအခုကာလနဲ့လည်းမလွယ်ဘူး၊ အိမ်ကလူတွေကပထမတစ်ခါကြဲ ပြီးကတည်းက တခြားမှာရှောင်နေကြလို့ လူမထိတာ”လို့ ဗုံးကြဲခံရတဲ့နေအိမ်ကမိသားစုဝင်တစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က အုန်းကိုင်းရပ်ကွက်၊ လင်းရောင်ခြည်ဘုန်းကြီးကျောင်းအောက်ကို ပေါင် ၂၅၀ ဗုံး နှစ်လုံး လာရောက်ကြဲခဲ့တာကြောင့် ပြည်သူတစ်ဦး မစိုးရိမ်ရထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ငါးလုံးထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။
” ဗုံးကြဲခံရတဲ့နားမှာ “ဝ” လုပ်ငန်းရှင်တွေရဲ့ကျောက်တွင်းရှိတယ်၊ ပထမတခါကြဲတုံးက ဘုန်းကြီးကျောင်း အပေါ်ဘက်ကျတာ၊ ခုကအောက်ဘက်ကျတာ၊ တွင်းကိုကြဲချင်တာထင်တယ်”လို့ လင်းရောင်ခြည် ဘုန်းကြီး ကျောင်းအနီးနေထိုင်သူတစ်ဦးကပြောပါတယ်။
မိုးကုတ်မြို့မှာ လေကြောင်းကာကွယ်ရေးအတွက် အာဏာသိမ်းစစ်တပ်ရဲ့ ဂျက်ဖိုက်တာနဲ့လေယာဥ်တွေ မိုးကုတ်ဘက်ကိုဦးတည်လာရင် မြို့တွင်းကလူတွေကိုသတိပေးဖို့ လော်စပီကာတွေနဲ့ ကြိုတင်သတိပေးတဲ့စနစ်ကိုအသုံးပြုနေတယ်လိို့မြို့ခံတွေကပြောပါတယ်။
မိုးကုတ်မြို့ လင်းရောင်ခြည် ဘုန်းကြီးကျောင်းအနီး နဲ့ ငါးပတ်တောင်ကို အာဏာသိမ်းစစ်တပ်က သြဂုတ် ၁၄ရက်၊ ညပိုင်းမှာလေကြောင်းဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၂၂ ဦးထိခိုက်သေဆုံးခဲ့ရပါတယ်။
မိုးကုတ်မြို့ကို အာဏာသိမ်းစစ်တပ်က ဇူလိုင်နဲ့ သြဂုတ်အတွင်း ဗုံးရှစ်ကြိမ်ကြဲချခဲ့တာကြောင့် ပြည်သူ ၆၀ ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ရပါတယ်။

ပုံစာ- မိုးကုတ်လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးကို အာဏာသိမ်းစစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့်ထိခိုက်ပျက်စီးမှုများ
ပုံ TNLA

