မြိုင် – ၂၀၂၂ နိုဝင်ဘာ ၂၂ (မော်ကွန်း)
မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း သရက်ကွကျေးရွာတောင်ဘက်မှာမြေပဲလာဖော်တဲ့ အာဏာသိမ်းစစ်တပ်က စစ်သားနဲ့ပျူစောထီးတွေကို ဒီကနေ့မနက်အစောမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးနှစ်ဦးသေဆုံးခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)ဆီကသိရပါတယ်။
“မြေပဲခင်းက သူတို့လာစိုက်ထားတွေလည်းဖော်တယ်၊ အခုဟာတော့သူတို့ဟာပါ၊ သူတို့ဘက်ကလက်နက်ကြီး၆၀မမတွေနဲ့လည်းပစ်တယ်၊ လက်နက်ငယ်တွေနဲ့လည်းပြန်ပစ်ပါတယ်၊ သူတို့ဘက်ကပျူစောထီးသေတာ၂ယောက်တော့မြင်ခဲ့ရတယ်”လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်) တာဝန်ရှိသူကပြောပါတယ်။
ပျူစောထီးတွေ မြေပဲလာဖော်တာကို အာဏာသိမ်းစစ်တပ်က စစ်သားဆယ်ယောက်ဝန်းကျင်က လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးလိုက်ပါလာချိန်မှာကင်းပုန်းဝပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်၊ စစ်သားတွေနဲ့ ဆယ်မိနစ်ခန့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပျူစောထီးနှစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့တယ်လို့သူကပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Ppdf)၊Middle Revolution Tesk Force (MRTF)၊ JRT၊ GOE၊Royal Sevenတပ်ဖွဲ့၊ ကိုအောင်ကြီးတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒီကနေ့ထုတ်ပြန်ထားပါတယ်။
#Dailynews

