နှစ်ပေါင်း ၂၀ ကျော်ကြာ ငြိမ်းချမ်းရေးယူထားတဲ့ KNSO အဖွဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်သွားမယ်လို့ကြေညာ

ရန်ကုန်-၂၀၂၄ ဧပြီ ၁၀ (မော်ကွန်း)

နအဖ အစိုးရလက်ထက်ကတည်းက နှစ်ပေါင်း ၂၀ ကျော်ကြာ ငြိမ်းချမ်းရေးယူထားတဲ့ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ KNSO က အာဏာသိမ်းစစ်ကောင်စီတပ်တွေကို တော်လှန်တိုက်ခိုက်သွားမယ်လို့ ဒီနေ့ကြေညာပါတယ်။

KNSO ဌာနချုပ်အခြေစိုက်ရာ ခဲမဖြူရွာတွင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာ၊ မော်ချီးမြို့နယ်တွင်းက ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို ရှော့တိုက်ဒုံးတွေနဲ့တိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီဟာ ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်ပြီလို့ KNSO အဖွဲ့က ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို ကရင်နီပြည်နယ်အတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့အတူပူးပေါင်းပြီး စစ်အာဏာရှင်ကျဆုံးရေးနဲ့ အာဏာဟူသမျှချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအထိ ပါဝင်တော်လှန်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ KNSOရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စစ်တပ်က နည်းအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချတာ၊ နှိပ်စက်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လက်နက်အားကိုး အင်အားသုံးတိုက်ခိုက်လာတာတွေကြောင့် ကရင်နီပြည်တွင်းက ပြည်သူတွေသာမက တစ်နိုင်ငံလုံးကပြည်သူတွေ အသက်တွေဆုံးရှုံးခဲ့ရတဲ့အပြင် လူငယ်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးခဲ့တာတွေကို KNSOအနေနဲ့ ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။

ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ KNSO(ခေါ်) ကြယ်ဖြူပြည်သူ့စစ်အဖွဲ့ ဟာ မော်ချီးဒေသမှာ အခြေစိုက်တဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၀၂ မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကနေ ခွဲထွက်ပြီးနောက် အဲဒီ့နှစ် နိုဝင်ဘာ ၉ ရက်မှာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူကာ ပြည်သူ့စစ်အသွင်ပြောင်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

KNSO အဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်နဲ့ပက်သက်ပြီး အသေးစိတ်ထပ်မံသိရဖို့ မော်ကွန်းအနေနဲ့ KNSO အဖွဲ့ကို ဆက်သွယ်နေဆဲဖြစ်ပါတယ်။

ကရင်နီပြည်နယ်ထဲက စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းထားတဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)အဖွဲ့ကလည်း မနှစ်က ဇွန်လတုန်းကစတင်ပြီး ကရင်နီတပ်မတော် KA, ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းကာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပါတယ်။

ပုံစာ – ၂၀၁၇ က KNSO ၁၅ နှစ်ပြည့်အခမ်းအနားကျင်းပစဉ် ထိုအချိန်က ကယားပြည်နယ်ဝန်ကြီးချုပ်နှင့်အတူတွေ့ရသော KNSO ခေါင်းဆောင်များ
ဓာတ်ပုံ – ကယားပြည်နယ်အစိုးရ

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."