ရန်ကုန်-၂၀၂၅ ဩဂုတ် ၁ (မော်ကွန်း)
အာဇာနည်ပုဂ္ဂိုလ်ကြီးတချို့ မြုပ်နှံထားတဲ့ သမိုင်းဝင် တာမွေအစ္စလာမ်သင်္ချိုင်းကို အလှူရှင်ရဲ့ မြေး၊ မြစ်ဆိုသူတွေနဲ့ လုပ်ငန်းရှင်တချို့ပေါင်းပြီး လုယူဖို့ ကြိုးပမ်းနေတဲ့အတွက် အသည်းအသန်ကာကွယ်နေရတယ်လို့ အဲဒီသင်္ချိုင်းရဲ့ ဂေါပကအဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ဦးရာဇက်နဲ့ ရဲဘော်ကိုထွေးလို အာဇာနည်ပုဂ္ဂိုလ်တွေအပြင် ကျားဘညိမ်းလို ထင်ရှားတဲ့လက်ဝှေ့အကျော်အမော်တွေကိုမြုပ်နှံထားတဲ့ ဒီသင်္ချိုင်းရဲ့ အကျယ်အဝန်းက ၁၇ ဧကကျော်ရှိပြီး ဒီအထဲက ကိုးဧကခန့်ကိုဖဲ့ထုတ်ယူဖို့ သင်္ချိုင်းအလှူရှင်ရဲ့ မြေး၊ မြစ်ဆိုသူတစ်စုက ကြိုးပမ်းနေတာလို့ သူကပြောပါတယ်။
“ သင်္ချိုင်းကိုလှူခဲ့တဲ့အလှူရှင်တွေရဲ့ မြေး၊ မြစ်တွေက သောင်းကျန်းနေတာ။ ဒီကောင်တွေက ၁၉၂၁ ခုနှစ်ကတည်းက လှူဒါန်းခဲ့တဲ့သင်္ချိုင်းမြေကွက်ကြီးကို ကျွန်တော်တို့ ဂေါပကအဖွဲ့မသိအောင် တရားရုံးမှာ ဒီဂရီယူသွားတယ်” လို့ ဂေါပကအဖွဲ့ဝင်က ပြောပါတယ်။
ရွှေဂုံတိုင်လမ်းနဲ့ ဗညားဒလလမ်းဆုံအနီး ယခုအိုးရှင်းဈေးဝယ်စင်တာအနောက်ဘက်မှာတည်ရှိတဲ့၊ ကိုလိုနီခေတ်ကတည်းက လှူဒါန်းခဲ့ပြီး နှစ်တစ်ရာကျော်သက်တမ်းရှိပြီဖြစ်တဲ့ ဒီသင်္ချိုင်းကို ဒေါ်မြင့်မြင့်အေးပါ ၁၇ ဦးက ဒီဂရီ ရယူသွားတာဖြစ်ပြီး ထိုသူတွေကို ဂေါပကအဖွဲ့က တရားပြန်စွဲထားတယ်လို့လည်း ဆိုပါတယ်။
“ဂေါပကအဖွဲ့က တရားလိုလုပ်ပြီး ဒီမြေလုယူကျူးကျော်မှုကို တရားစွဲထားတာ။ သူတို့က သင်္ချိုင်းအလှူရှင်ရဲ့မြေးမြစ်တွေဆိုပြီးတော့ ဒီဂရီယူလိုက်ကြတာ။ လိမ်လည်ရယူလိုက်တာပေါ့ဗျာ” လို့ သူက ပြောပါတယ်။
တရားရုံးတွေရဲ့ကြားနာစစ်ဆေးမှု မပြီးပြတ်သေးခင်မှာပဲ မြေလာလုနေသူတွေဟာ ဌာနဆိုင်ရာတာဝန်ရှိသူတချို့နဲ့ ပေါင်းပြီး လူမိုက်တချို့ အစောင့်အရှောက်ယူကာ သင်္ချိုင်းဝန်းကျင်ကို စတင်ဖျက်ဆီးနေကြတယ်လို့ သူကပြောပါတယ်။
“ကာထားတဲ့သွပ်ပြားတွေကို ဖောက်ပြီးတော့ သူတို့ ဒီဂရီရထားတယ်ဆိုတဲ့ မြေကွက်ထဲကို သွားဖို့အတွက် သင်္ချိုင်းထဲက အုတ်ဂူတွေကို ခြေနင်းပြီးတော့ဗျာ၊ ကြိတ်ချေပြီးတော့ လမ်းဖောက်မယ်ဆိုပြီး လာလုပ်နေတယ်။ တော်တော့ကို ဥပဒေမဲ့ ရုတ်ဆိုး အကျည်းတန်စေတယ်ဗျာ” လို့ အထက်ပါ ဂေါပကအဖွဲ့ဝင်က ပြောပါတယ်။
၁၇ ဧကကျော် ကျယ်တဲ့ ဒီသင်္ချိုင်းကို ၄၂၉၊ ၄၂၉-အေ နဲ့ ၄၈၂ ဆိုတဲ့မြေကွက်အမှတ်တွေနဲ့ ဖွဲ့စည်းထားပြီး မြေကွက်အမှတ် ၄၂၈ ကို တရားရုံး ဒီဂရီယူပြီး လာလုနေတာလို့ ဆိုပါတယ်။
ဒီမြေကွက်အားလုံးကို အလှူရှင်ဖြစ်သူဟာ ၁၉၂၁ ကတည်းက သင်္ချိုင်းမြေအဖြစ် စာချုပ်တစ်ခုထဲ လှူဒါန်းထားတာဖြစ်ပြီး ရန်ကုန်စည်ပင်သာယာမှာ အမည်ပေါက်နေတဲ့ အဘိုးဖြစ်သူအမည်ကို အသုံးချပြီး လုယူဖို့ကြိုးစားနေကြတာလို့ သူကပြောပါတယ်။
တာမွေသင်္ချိုင်းမြေကို လာလုနေသူတွေကို လုပ်ငန်းရှင်အမျိုးသမီးတစ်ဦး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့က အဆင့်မြင့်အရာရှိ ကြီးတစ်ဦးနဲ့ ဗဟန်းမြို့နယ်အာဏာပိုင်တစ်ချို့က ကူညီနေပေမယ့် သူတို့လက်ထဲ ပါမသွားစေဖို့ ဂေါပကအဖွဲ့က ကာကွယ်နေတယ်လို့ဆိုပါတယ်။
အလှူရှင်ရဲ့ မြေး၊ မြစ်ဆိုသူတွေက ၂၀၁၃ ထဲမှာ ဂေါပကအဖွဲ့ကိုအသိမပေးဘဲ တရားရုံး ဒီဂရီအမိန့်ကို ရယူသွားတာဖြစ်ပြီး မြေအမည်ပြောင်းလျှောက်ချိန် စည်ပင်သာယာကြေညာချက်တွေ့မှ သိခဲ့ရတာလို့ သူကဆိုပါတယ်။
ဒါကြောင့် ၂၀၁၄ မှာ ကန့်ကွက်လွှာတင်၊ ထိုသူတွေကို တစ်ဖန်တရားပြန်စွဲခဲ့သလို အမှုကြားနာနေတာ ဆယ်စုနှစ်ချီကြာနေပြီး ဒီနေ့အထိ ဖြေရှင်းနေဆဲအမှုလို့ သူကပြောပါတယ်။
ဂေါပကအဖွဲ့ဝင်ရဲ့ ပြောကြားချက်နဲ့ပတ်သက်ပြီး မော်ကွန်းအနေနဲ့ အလှူရှင်ရဲ့ မြေး၊ မြစ်ဆိုသူတွေကို ဆက်သွယ်ဖို့ ကြိုးစားနေပေမယ့် အခုအထိ အဆက်အသွယ်မရသေးပါဘူး။
ပုံစာ- တာမွေသင်္ချိုင်းမှာ မြုပ်နှံထားတဲ့ အာဇာနည်ပုဂ္ဂိုလ် ဦးရာဇတ်နဲ့ ရဲဘော်ကိုထွေးကို လာရောက်ဂါဝရပြုနေသူတချို့ကို ပြီးခဲ့တဲ့နှစ် အာဇာနည်နေ့က တွေ့ရစဉ်
ဓါတ်ပုံ- RFA

