ရန်ကုန် – ၂၀၂၄ ဇွန် ၃ (မော်ကွန်း)
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA) ဟာ ရည်ညွှန်းဈေး အခေါက်ရွှေတစ်ကျပ်သားကို ၄၈ သိန်းကျော်အဖြစ် တိုးမြှင့်သတ်မှတ်လိုက်ပြီး ရွှေဆိုင်တွေကို အဲဒီဈေးတန်းမှာအရောင်းအဝယ်လုပ်ဖို့ ထုတ်ပြန်ထားပေမယ့် ရွှေဈေးကွက်အရောင်းအဝယ်ဟာ ရပ်တန့်နေဆဲဖြစ်တယ်လို့ ရွှေဈေးကွက် လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။
ရွှေဆိုင်ပိုင်ရှင်တွေကို ဖမ်းဝရမ်းထုတ်ပြန်ပြီးနောက်မှာ YGEA ရဲ့ ရည်ညွှန်းဈေးနှုန်းဟာ မနေ့ကတော့ တစ်ကျပ်သားကို ၄၁ သိန်းကျော်ပဲ သတ်မှတ်ထားရာကနေ ဒီနေ့မှာ ၄၈ သိန်းကျော်ကို တိုးမြှင့်သတ်မှတ်ပေးခဲ့ပြီး ဒီဈေးနှုန်းနဲ့ အရောင်းအဝယ်မလုပ်ရင် တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီသတ်မှတ်ချက်ဟာ ပြည်တွင်းက နိုင်ငံခြားငွေရောင်းဝယ်ခွင့်ရှိတဲ့ AD လိုင်စင်ရဘဏ်တွေအကြား အရောင်းအဝယ်လုပ်တဲ့ ဒေါ်လာဈေးအတိုင်း သတ်မှတ်တာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ အဲဒီဈေးကွက်မှာ တစ်ဒေါ်လာကို ၃,၄၀၀ ကျပ် ဝန်းကျင်မှာ သတ်မှတ်ထားပြီး ပြင်ပမှာ ပေါက်နေတဲ့ ဒေါ်လာဈေးနဲ့ ကွာဟမှုရှိနေတာပါ။
အဲဒီလို ဈေးကွာဟနေတဲ့ အခြေအနေတွေကြောင့် ရွှေဆိုင်အများစုဟာ ၁၆ ပဲရည်လို့ခေါ်တဲ့ အခေါက်ရွှေ အရောင်းအဝယ်တွေကို ရပ်ဆိုင်းထားပြီး ၁၅ ပဲရည်ရွှေတွေကိုပဲ ဆိုင်တချို့မှာ ရောင်းချနေတာရှိတယ်လို့ ရွှေဈေးကွက်လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
ဒါ့ပြင် လက်ရှိမှာ ရွှေဈေးနှုန်းဟာ သူတို့သတ်မှတ်ထားတဲ့ ဈေးနှုန်းက ၄၈ သိန်းကျော်ဖြစ်ပေမယ့် ပြင်ပဈေးကွက်မှာတော့ တစ်ကျပ်သားကို ၅၃ သိန်းဝန်းကျင်မှာရှိနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
“အပြင်ဈေးနဲ့က ကွာနေသေးတော့ ဆိုင်တွေ အရောင်းအဝယ်ကရပ်ထားတုန်းပဲ။ အဖမ်းခံရတာလည်းရှိတော့ ဘယ်သူမှ မရောင်းရဲကြဘူး။ စောင့်ကြည့်နေတုန်းပဲရှိသေးတယ်” လို့ ရွှေဈေးကွက် လေ့လာသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့မေလကုန်မှာ တစ်ကျပ်သားကို ကျပ် ၅၈ သိန်းကျော်အထိ ထိုးတက်ခဲ့တဲ့ရွှေဈေးဟာ ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီး၊ ဝရမ်းထုတ်ပြီးနောက် ကျပ် ၅၃ သိန်းအထိ ပြန်ဆင်းလာတာပါ။ ဒါပေမဲ့ ဈေးကွက်ကတော့ ရပ်ဆိုင်းသွားပြီး စစ်ကောင်စီက ဝင်ရောက်ထိန်းချုပ်ဖွယ်ရှိတယ်လို့ သုံးသပ်မှုတွေရှိနေတာပါ။
ရန်ကုန်မြို့တွင်းက ရွှေဆိုင်တချို့မှာလည်း ‘ယနေ့ ရွှေအပိုင်းအစ၊အတုံး အရောင်းအဝယ်မလုပ်ပါ’လို့ ကြေညာထားပါတယ်။
စစ်ကောင်စီက ရွှေဈေးကွက်အတွင်းက အရောင်းအဝယ်လုပ်သူ ၂၁ ဦးကို ဖမ်းဆီးလိုက်ပြီး သူတို့ရဲ့ ထွက်ဆိုချက်တွေအရ ဈေးကွက်ကိုကစားနေသူတွေအဖြစ် နာမည်ကြီးရွှေဆိုင်တွေဖြစ်တဲ့ ဇွဲထက်၊ အောင်သမာဓိ၊ အကယ်ဒမီ၊ ခရမ်းသုံးခွရွှေဆိုင်၊ ဝိန့်စိန်၊ စိန်ကျော်မိုး၊ ရွှေဇင်ဝင်းရွှေသန့်စင်လုပ်ငန်းပိုင်ရှင်တွေကို ဖမ်းဝရမ်းထုတ်ထားသလို ပွဲစားသုံးဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားတယ်လို့ မနေ့က စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြပါတယ်။
ထိုသူတွေဟာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့လည်း ဖော်ပြပြီး အရေးယူဖို့ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
ရွှေဈေးနှုန်းဟာ စစ်တပ်က အာဏာမသိမ်းခင် ၂၀၂၁ နှစ်စပိုင်းက တစ်ကျပ်သားကို ၁၃ သိန်းဝန်းကျင်ပဲရှိရာကနေ သုံးနှစ်အတွင်း ကျပ်သိန်း ၅၀ ကျော်ကို မြင့်တက်ခဲ့တာပါ။
ပုံစာ – ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရန်ကုန်မြို့လယ်က ဝိန့်စိန်ရွှေဆိုင်
ဓာတ်ပုံ – မော်ကွန်း

