ရန်ကုန်- ၂၀၂၅ ဇန်နဝါရီ ၁ (မော်ကွန်း)
ပုံမှန်နေ့တွေဆိုရင် ပုရွက်ဆိတ်တွေအလား လှုပ်ရှားရုန်းကန် အသက်မွေးနေကြရတဲ့ ရန်ကုန်မြို့တစ်ဖက်ကမ်းက ဒလ မြို့ သားတွေအဖို့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကြောင့် ဒီနေ့တစ်ရက်တော့ အနားရ ခဲ့ကြပါတယ်။
ကိုလိုနီခေတ်ကတည်းကရှိနေခဲ့တဲ့ နာမည်ကျော် ဒလသင်္ဘောကျင်းရဲ့ နှစ်ပတ်လည်အခမ်းအနားကို ဒီနေ့ သူတက်ရောက်မှာမို့ သူ့နောက်လိုက်စစ်ကောင်စီတပ်သားတွေက တစ်မြို့လုံးကို ပိတ်ဆို့ လုံခြုံရေးယူလိုက်တာကြောင့်ပါ။
ဘယ်လောက်ပိတ်ဆို့လိုက်သလဲဆိုရင် ဒလ- ရန်ကုန် ဆက်သွယ်ရာမှာ အဓိကကျတဲ့ ချယ်ရီကူးတို့သင်္ဘောအပါအဝင် ကားကူးတဲ့ဇက်သင်္ဘောတွေ၊ မြို့သူမြို့သားတွေ အားထားရာ စက်လှေကူးတို့တွေ၊ ဧရာဝတီတိုင်းနဲ့ ဒလပြေးဆွဲတဲ့ယာဉ်လိုင်းတွေအပါအဝင် မြို့တွင်းရဲ့ အဓိကလမ်းမကြီးပေါ်ကို ယာဉ်တက်ခွင့် ပိတ်တဲ့အထိ တားမြစ်ထားတာကို တွေ့ရပါတယ်။
မနေ့ကညနေပိုင်းကတည်းက စတင်ပိတ်ဆို့မှုတွေကို လုပ်ခဲ့ရာမှာ ဒီမနက်မှာတော့ မြို့ဟာ လုံးဝ ရပ်တန့်နေပါပြီ။ ပြီးခဲတဲ့ ရက်တွေမှာတော့ ဧည့်စာရင်းစစ်ကာ လူဖမ်းပွဲတွေ ဒလမှာ စစ်ကောင်စီတပ်သားတွေက ကျင်းပခဲ့ပါသေးတယ်။
ဒလသင်္ဘောကျင်းနဲ့ နီးတဲ့ ရပ်ကွက်တွေမှာ စစ်သားတွေက လမ်းတွေကို ဒီမနက်ပိတ်ဆို့ထားသလို အလှမ်းကွာတဲ့ ရပ်ကွက်တွေမှာတော့ ရဲ၊ မီးသတ်၊ ယာဉ်ထိန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေက ပိတ်ဆို့ထားတာကို တွေ့ရပါတယ်။
” လှုပ်ရှားမှုလည်း ဟုတ်တိပတ်တိမရှိဘူး။ တချို့တွေက ဒလံမြို့လို့တောင် လှောင်ပြောင်နေတဲ့ နေရာကိုလာတာ ဒီလောက်ကြောက်နေရသလား” လို့ လုံခြုံရေး ယူထားတဲ့အပေါ် ဒလမြို့ခံတစ်ဦးက ပြောပါတယ်။
ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့မှာ နေထိုင်သူအများစုဟာ ရန်ကုန်မြို့ဘက်ကိုကူးပြီး ကျပန်း ရှာဖွေစားသောက်သူ တွေပါ။ ရန်ကုန်မြို့ရဲ့ အခြေခံကျတဲ့ အလုပ်အများစုကို ဒလမြို့မှာ နေသူတွေက လုပ်ကိုင်ကြပါတယ်။
ရန်ကုန်-မြစ်ဝကျွန်းပေါ်သင်္ဘောဆိပ်မှာ ကုန်ထမ်းလုပ်သားတွေ လုပ်ကြသလို သံဈေး၊ သိမ်ကြီးဈေးနဲ့ ညောင်ပင်လေးဈေးလို နေရာတွေရဲ့ အခြေခံလုပ်သားတွေအဖြစ် အသက်မွေး ကြပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပါအဝင် ဒီမြို့က အစိုးရဆေးရုံအများစုရဲ့ အောက်ခြေဝန်ထမ်းတွေဟာ ဒလမြို့ကပါ။
ဒါအပြင် ရန်ကုန်တိုင်းအတွင်းက ကော့မှူး၊ တွံတေး၊ ကွမ်းခြံကုန်းနဲ့ ဧရာဝတီတိုင်းထဲက မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲ၊ ဘိုကလေးနဲ့ မော်ကျွန်းလို့ မြို့တွေမှာ နေထိုင်သူတွေဟာလည်း ဒလမြို့ကတစ်ဆင့် ကူးသန်းသွားလာကြတာပါ။
နေ့စဉ် ရာပေါင်းများစွာသော စက်လှေကူးတို့တွေအပါအဝင် ချယ်ရီ သင်္ဘောနှစ်စီးက သိန်းနဲ့ချီတဲ့ မြို့ခံနဲ့ ခရီးသွားတွေကို ဝန်ဆောင်မှု ပေးနေတဲ့မြို့ပါ။
အခုတော့ စစ်ကောင်စီ ခေါင်းဆောင်ရဲ့ အခမ်းအနားတစ်ခု တက်မယ့်အရေးကြောင့် ဒလမြို့ရဲ့ လုပ်ငန်းဆောင်တာတွေ ရပ်တန့်ခဲ့ရပါပြီ။
” ဒီနေ့တော့ ဘာအလုပ်မှမရှိဘူးပေါ့။ မနေ့ကတည်းက ပိတ်မယ်ဆို့မယ်ကြားကတည်းက လန့်နေတာ။ ရပ်ကွက်တွေထဲမှာလည်း စစ်သားတွေချည်းပဲ။ အိမ်စရိတ်ကတော့ ထုံးစံအတိုင်း သူများဆီက ချေးရဦးမှာပေါ့ဗျာ ” လို့ ဒလမြို့ပေါ် ရပ်ကွက်မှာနေတဲ့ ကျပန်းအလုပ်သမား တစ်ဦးက ပြောပါတယ်။
ဒလမြို့ရဲ့ ဈေးတွေမှာ ရောင်းချတဲ့ အသားငါးနဲ့ အခြေခံစားကုန်အများစုကို ရန်ကုန်ဘက်ခြမ်း က သယ်ယူ ရောင်းချကြတာကြောင့် အခုလို မြစ်ကြောင်းကူးသန်းခွင့် ပိတ်ဆို့ခံရတဲ့အခါ ဈေးတွေမှာ ကုန်စည်ပြတ်လပ်သွားတာ ကိုတွေ့ခဲ့ရပါတယ်။
ဒလမြို့ရဲ့ အကြီးဆုံးဈေးရုံဖြစ်တဲ့ ကမာကဆစ်ဈေး (နာရီစင်ဈေး)မှာဆိုရင် ဝက်သား၊ အမဲသား၊ ဆိတ်သားဆိုင်တွေ ပိတ်ထားတာကို တွေ့ရသလို ငါး၊ ပုစွန်ရောင်းသူ အချို့သာ ရှိပါတယ်။
တွံတေး၊ ကော့မှူးအပါအဝင် ဒလကျေးလက်က တက်ရောင်းချတဲ့ ကုန်စိမ်းသည်တွေဟာ ဒီနေ့ ဒလကို ဝင်ခွင့်မရကြပါဘူး။
” မြင်တဲ့အတိုင်းပဲ၊ ဘာကုန်မှ ကူးလို့မရဘူး။ ဟိုကောင်(ဗီုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) လာမှာမို့ အကုန်ပိတ်ထားတယ်လေ။ လက်ကျန်လေး ရောင်းနေတာ ” လို့ ကမာကဆစ်ဈေးက ကုန်စိမ်းသည်တစ်ဦးက ဒီမနက်တုန်းက ပြောပါတယ်။
နိုင်ငံတစ်ဝန်း စစ်ရှုံးနေပြီး အဓိက တိုင်းစစ်ဌာနချုပ်နှစ်ခု တော်လှန်ရေးအဖွဲ့တွေထံ လက်လွှတ်ခဲ့ရပေမယ့် စစ်ကောင်စီ ခေါင်းဆောင်ဟာ ပွဲလမ်းသဘင်တွေ သွားမြဲ ဖြစ်တာကို တွေ့ရပြီး ဒီဇင်ဘာနှောင်းပိုင်းမှာ ခရစ္စမတ်ပွဲတော်၊ ရေတပ်မွေးနေ့ စတဲ့ အခမ်းအနားတွေကို ရန်ကုန်မှာ လာရောက်ကျင်းပခဲ့သလို့ အခုတော့ မြစ်ကူးပြီး ဒလဘက်အထိ အခမ်းအနားလာလုပ်နေတာ ဖြစ်ပါတယ်။
သူမသိတာက အခု သူ့ကို ပြသဖို့ ဒလသင်္ဘောကျင်းထဲက ရေလုံသင်္ဘောကျင်းမှာ ဒေါက်တင်ထားတဲ့ ချယ်ရီကူးတို့ (အမှတ်-၁) ဟာ ဒီဇင်ဘာ လဝက်လောက်အထိ ပုံမှန်ပြေးဆွဲနေတဲ့ သင်္ဘောဖြစ်ပြီး သူ့ခရီးစဉ်ကြောင့် အနားရသွားတယ်ဆိုတာပါပဲ။

ပုံစာ- ဒီနေ့မနက် ပိတ်ဆို့ခံထားရတဲ့ ဒလမြို့ မြင်ကွင်းနှင့် စက်လှေကူးတို့၊ ကားကူးကူးတို့၊ ချယ်ရီသင်္ဘောနှင့် ပန်းဆိုးတန်း-ဒလ ကူးတို့ဆိပ်မြင်ကွင်း
ဓါတ်ပုံ- မော်ကွန်း

