ရန်ကုန် – ၂၀၂၄ မတ် ၂၁ (မော်ကွန်း)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့က စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာအခက်အခဲအပြင် ရေရှားပါးတဲ့ ပြဿနာကြုံတွေ့နေရတယ်လို့ ဒေသတွင်းအကူအညီပေးရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ဆီဆိုင်မြို့မှာ ပအိုဝ်းလွတ်မြောက်ရေးတပ်မတော် (PNLA) နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ မြို့အနီးနားက ကျေးရွာတွေနဲ့ တော၊ တောင်တွေထဲ စစ်ဘေးရှောင်နေကြရတာပါ။
တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ သောင်းနဲ့ချီပြီးရှိနေပြီး သူတို့အတွက် ရေရှားပါးတဲ့ ပြဿနာရှိနေတယ်လို့ ၎စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“ကျွန်တော်တို့ ဆီဆိုင်မှာ အရှေ့ဘက်၊ အနောက်ဘက်တွေမှာ ရေရှားတဲ့ရွာတွေရှိတယ်။ အဲဒီမှာ စစ်ဘေးရှောင်တွေသွားပြုံနေတယ်၊ ရေရှားတဲ့ရွာတွေမှာ တိုက်ပွဲတော့မဖြစ်ပေမယ့် ရေရဖို့က တော်တော်ခက်တယ်။ ရေရှိရင်တောင် သွားသယ်ဖို့က လမ်းတွေမရှိဘူး” လို့ ၎င်း စစ်ဘေးရှောင်အကူအညီပေးရေး လုပ်ကိုင်နေသူက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းက တောင်ကြီး၊ ဖယ်ခုံမြို့တို့အပါအဝင် ကရင်နီဒေသနဲ့လည်း ထိစပ်နေတဲ့ ဆီဆိုင်မြို့မှာ ယခုနှစ် ဇန်နဝါရီလပိုင်းကစပြီး PNLA ပူးပေါင်းတပ်တွေ နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။
PNLA ပူးပေါင်းတပ်တွေဟာ ဆီဆိုင်မြို့ထဲ ဝင်ရောက်တိုက်ခိုက်နေသလို စစ်ကောင်စီကလည်း မြို့ကို ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မြို့လုံးကျွတ်နီးပါးဟာ နီးစပ်ရာတောတောင်တွေ၊ ကျေးရွာတွေအပြင်၊ တောင်ကြီး၊ ညောင်ရွှေစတဲ့ မြို့တွေထိ စစ်ဘေးရှောင်နေကြရတာ နှစ်လကျော်ထိ ရှိလာပြီဖြစ်ပါတယ်။
လက်ရှိမှာ ဒေသတွင်း မလုံခြုံမှုအခြေအနေတွေကြောင့် စစ်ဘေးရှောင်တွေကို ထောက်ပံ့တဲ့ အလှူရှင် မရှိသလောက်ရှားနေပြီး စားနပ်ရိက္ခာအခက်အခဲ၊ ဆေးဝါးအခက်အခဲတွေလည်းရှိတယ်လို့ စစ်ဘေးရှောင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“စပြီး စစ်ရှောင်တုန်းကတော့ လှူတဲ့သူတွေ ရှိတယ်။ ကူတဲ့သူလည်း များတယ်ပေါ့။ အခုက အလှူရှင်အရမ်းရှားသွားပြီ။ တချို့နေရာတွေ အလှူရှင်လည်းမသွားရဲဘူး။ ပစ္စည်းတွေလည်း သယ်ပို့ဖို့ လမ်းတွေလည်းမရှိဘူး။ တချို့ရွာတွေဆို စစ်ရှောင်တာ နှစ်လကျော်ပြီ၊ တစ်ခါမှ အလှူရှင်မရသေးတဲ့ ရွာတွေရှိတယ်” လို့ ၎င်းကပြောပါတယ်။
ဇန်နဝါရီလ ၂၅ ရက်မှာ PNLA ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဆီဆိုင်မြို့ထဲက စစ်ကောင်စီစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။
ဆီဆိုင်မြို့ဒေသခံတစ်ဦးကတော့ “မြို့ပေါ်ကတော့ ပြန်လို့မရသေးဘူး။ ဟိုနေ့ကလည်း လေယာဉ်နဲ့ တောက်လျှောက်(ဗုံး)ကြဲတာ။ ဆီဆိုင်က အုပ်ချုပ်ရေးယန္တရားပျက်သွားပြီ။ အခုနောက်ပိုင်း မီးလောင်ဗုံးတွေ ချတာများတယ်။ ရပ်ကွက်လည်းတော်တော်လောင်သွားတယ်။ စာသင်ကျောင်းတွေ၊ ဈေးတွေ မီးလောင်ကုန်တယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ဆီဆိုင်မြို့အပါအဝင် ဟိုပုံး၊ ပင်လောင်း စတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်တွေအထိ တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်လာပြီး စစ်ဘေးရှောင်အရေအတွက်ဟာ တစ်သိန်းကျော်ထိရှိလာပြီလို့ ဒေသတွင်းကူညီနေတဲ့ ပအိုဝ်းလူငယ်အစည်းအရုံးက ယခုလ ၁၈ ရက်က ထုတ်ပြန်ထားပါတယ်။
ပုံစာ – ဆီဆိုင်မြို့အနီး တောတောင်တွေထဲမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်များ
ဓာတ်ပုံ – ပေးပို့

