ရန်ကုန်- ၂၀၂၃၊ မေ ၂၂ (မော်ကွန်း)
မိုခါမုန်တိုင်းအပြီးရခိုင်ပြည်နယ်မှာသွပ်ရိုက်သံဈေးတွေအဆမတန်တက်နေတာကို တန်ပြန်တိုက်ဖျက်ဖို့ ပုဏ္ဏားကျွန်းမြို့နယ်တိုးတက်ရေးလူငယ်အသင်း (PDYO) က သွပ်ရိုက်သံတွေကိုရန်ကုန်မြို့ပုံမှန်ပေါက်စျေးအတိုင်းရောင်းချပေးတဲ့အစီအစဉ်ကို ဒီနေ့စတင်လိုက်ပါတယ်။
“အဓိကကတော့ သူများတွေထမင်းတစ်လုတ်စားရဖို့ခက်ခဲနေတဲ့အချိန်မှာ သူတို့စီးပွါးဖြစ်ရင်ပြီးရော ဈေးတင်ရောင်းနေတာတွေရှိတယ်။ အဲဒီ့ဈေးကွက်ကိုထိန်းချုပ်ချင်လို့ အခုလိုလုပ်ဖြစ်တာပါ” လို့ PDYO မှတာဝန်ခံကပြောပါတယ်။
အဲဒီ့အဖွဲ့ဟာသွပ်ရိုက်သံ ပိဿာနှစ်ရာကို ရန်ကုန်ကနေမှာယူပြီးရောင်းချပေးတာပါ။ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိကျေးရွာနေပြည်သူတွေကို ဦးစားပေးစနစ်နဲ့ရောင်းချပေးသွားမှာဖြစ်ပြီး ပိုလျှံတာတွေကိုတော့ မြို့ပေါ်နေပြည်သူတွေကိုရောင်းချပေးသွားမယ်လို့ အဲဒီ့အဖွဲ့ရဲ့တာဝန်ခံကပြောပါတယ်။
လက်ရှိပုဏ္ဏားကျွန်းမြို့နယ်မှာ သွပ်ရိုက်သံ တစ်ပိဿာက်ို ၂၀,၀၀၀ ကျပ် စျေးပေါက်နေပြီး အခုအခါ တစ်ပိဿာ ၇,၀၀၀ ကျပ်နှုန်းနဲ့ရောင်းချပေးမှာဖြစ်တယ်လို့ဆိုပါတယ်။
အခုရောင်းချပေးတာဟာ ပထမအသုတ်ဖြစ်ပြီး နောက်ထပ်လည်းရောင်းချပေးဖို့ ရန်ကုန်ကနေမှာယူထားတယ်လို့သူကပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တော်တော်များများမှာ မုန်တိုင်းတိုက်ခတ်ပြီးရက်ပိုင်းအတွင်းမှာပဲ အိမ်ဆောက်ပစ္စည်းဈေးတွေအဆမတန်တက်သွားခဲ့တာပါ။
မြောက်ဦးမြို့နယ်မှာ သွပ်ရိုက်သံတစ်ပိဿာကို ရှစ်သောင်းကျပ်အထိတက်ခဲ့လို့ဒေသခံတွေအခက်ကြုံခဲ့ရပါတယ်။
မိုခါမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိကျေးရွာပေါင်း သုံးရာနီးပါးမှာ ရွာ ၁၉၀ လောက်က လုံးဝပျက်စီးသွားခဲ့တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေထံမှသိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်ကို ရခိုင်ပြည်နယ်အခြေစိုက်အရပ်ဖက်အဖွဲ့အစည်းတွေကတော့ လာရောက်ကူညီတာတွေရှိပေမယ့် လက်ရှိအချိန်ထိ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အကူအညီတွေတော့မရသေးဘူးလို့ဒေသခံတွေကပြောပါတယ်။
ပုံစာ- ပုဏ္ဏားကျွန်းဓာတ်အားပေးစက်ရုံရှေ့နှင့်ရွှေတောင်တန်းဘုန်ကြီးကျောင်းနားတွင် သွပ်ရိုက်သံရောင်းချပေးနေသည့်မြင်ကွင်း
Photo- PDYO
#Dailynews

