ရန်ကုန် – ၂၀၂၃ ဧပြီ ၂၇ (မော်ကွန်း)
စစ်ကောင်စီလက်ထက်မှာ စီးပွားရေးလုပ်ငန်းတွေရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် မူပိုင်ခွင့်မှတ်ပုံတင်ခြင်းလုပ်ငန်းကို မနေ့က ပထမဆုံးစတင်လက်ခံခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်တွေဟာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်တွေကို ဦးရာလူစနစ်တွေနဲ့ တင်သွင်းနေကြတယ်လို့ မှတ်ပုံတင်ဆောင်ရွက်ခဲ့သူတွေဆီက သိရပါတယ်။
မနေ့က ဧပြီ ၂၆ ရက်ဟာ ကမ္ဘာ့မူပိုင်ခွင့်နေ့ အခမ်းအနားဖြစ်ပြီး အဲ့ဒီနေ့မှာ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဌာနအောက်က မူပိုင်ခွင့်ရုံးခွဲတွေမှာ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်မှုကို စတင်လက်ခံဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီမူပိုင်ခွင့်ရုံးတွေဟာ ကုန်ပစ္စည်းမှတ်ပုံတင်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေဆီက ကြိုတင်စာရင်းကောက်ယူထားခဲ့ပြီး ကြိုတင်စာရင်းပေးထားတဲ့ ကုန်အမှတ်တံဆိပ်ပေါင်း သုံးသောင်းကျော်ကိုလည်းရရှိထားတယ်လို့ စစ်ကောင်စီ မူပိုင်ခွင့်ရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ဧပြီလ ၁ ရက်တည်းက ကြိုတင်စာရင်းပေးတာ ကြိုကောက်ထားတာပေါ့၊ အခုကတော့ တရားဝင် လာတင်နိုင်ပြီး မူပိုင်ခွင့်တွေ ချပေးသွားမှာပေါ့၊ ဥပဒေကလည်း အတည်ဖြစ်သွားတဲ့သဘောလေ။ လက်ရှိကတော့ ကြိုတင်စာရင်းပေးထားတဲ့ ကုန်အမှတ်တံဆိပ်ပေါင်း သုံးသောင်းကျော် ရရှိထားတယ်လို့သိရတယ်” လို့ သူက ပြောပါတယ်။
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်တင်တဲ့အခါမှာ စစ်ကောင်စီရဲ့ မှတ်ပုံတင်ဌာနကို အခကြေးငွေအနေနဲ့ အနည်းဆုံး ကျပ်သုံးသိန်းကနေ စတင်သွင်းရပြီး အမည်နဲ့ကုန်အမှတ်တံဆိပ်တွေကို ဦးရာလူစနစ်နဲ့ တင်သွင်းနေတယ်လို့ ဧရာဝတီတိုင်းဒေသထွက်ကုန်တွေကိုရောင်းချတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“လက်ဦးသူတင်ပဲဆိုပြီး အလုအယက်တင်နေကြတာတော့တွေ့ရတယ်။ မတင်ရင်လည်း ကိုယ့် ကုန်အမှတ်တံဆိပ်ကို သူများအရင်ယူတင်သွားရင် ကိုယ်ဆုံးရှုံးမှုဖြစ်မယ်လေ။ အဲ့ဒါကြောင့်ပဲ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်သူတွေ များနေတာ၊ ကုန်ပစ္စည်းတစ်ခုကို အနည်းဆုံး သုံးသိန်းကစတင်ရတယ်။ မတင်တတ်ရင်လည်း အကျိုးဆောင်တွေလည်းရှိတယ်၊ တင်တဲ့သူတွေတော့ တော်တော်များလိမ့်မယ်” လို့ သူက ပြောပါတယ်။
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေဟာ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်က ဥပဒေကြမ်းအဖြစ် ပြည်ထောင်စုလွှတ်တော်မှာ စတင်ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကြမ်းဖြစ်ပါတယ်။
အဲ့ဒီဥပဒေကို ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးအတည်ပြုပြဋ္ဌာန်းခဲ့တာပါ။
လက်ရှိပြဋ္ဌာန်းလိုက်တဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေဟာ မှတ်ပုံတင်ထားတဲ့ တံဆိပ်တွေကို အကာအကွယ်ပေးထားမှာဖြစ်ပြီး မှတ်ပုံတင်ထားတဲ့ တံဆိပ်နဲ့ ဆင်တူးယိုးမှားဖြစ်ခြင်းတွေအတွက် အရေးယူဆောင်ရွက်နိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
အဲ့ဒီလို ကုန်ပစ္စည်း အမှတ်တံဆိပ် အတုပြုလုပ်ခြင်းတွေ၊ အမှတ်တံဆိပ်အတုတွေကို အသုံးပြုတာတွေ၊ အမှတ်တံဆိပ်အတုပြုလုပ်တဲ့ ကိရိယာ (သို့) ပစ္စည်းတွေ လက်ဝယ်ရှိခြင်းတွေအတွက် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ ဒဏ်ငွေ ကျပ်သိန်း ၅၀ ဖြစ်စေ၊ ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။
ဥပဒေအရ မှတ်ပုံမတင်ထားဘဲ ဈေးကွက်ထဲမှာ အမှန်တကယ်အသုံးပြုနေတဲ့ ကုန်အမှတ်တံဆိပ်တွေကိုလည်း မူပိုင်ခွင့်ဌာနကို ပြန်လည်လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။
မှတ်ပုံတင်ထားတဲ့ ကုန်အမှတ်တံဆိပ်ရဲ့ မှတ်ပုံတင်သက်တမ်းဟာ မှတ်ပုံတင်လျှောက်ထားချက်တင်သွင်းတဲ့နေ့ကစပြီး ၁၀ နှစ်ဖြစ်ပြီး သက်တမ်းကုန်ပါက တစ်ကြမ်ကို ၁၀ နှစ်စီ သက်တမ်းတိုးနိုင်တယ်လို့ သိရပါတယ်။
#Dailynews

