စစ်ကိုင်းတိုင်း – ၂၀၂၂ ဖေဖော်ဝါရီ ၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးရှောင်နေရတဲ့ကျေးရွာတွေက နေအိမ်တွေကို အုပ်စုဖွဲ ဝင်ရောက် ဖောက်ထွင်းခိုးယူမှုတွေ ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သတင်းရရှိပါတယ်။
စစ်ကိုင်းတိုင်းထဲက ကျေးရွာတချို့ဟာ အာဏာသိမ်းစစ်တပ်ရဲ့ ဝင်ရောက် ပစ်ခတ်မီးရှို့မှုတွေ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေး ပုန်းရှောင်နေကြရပါတယ်။
အသက်အန္တရာယ်ကင်းအောင် အာဏာသိမ်းစစ်တပ်နဲ့ဝေးရာ ဒီလို ထွက်ပြေးနေရပေမယ့်လည်း ရွာမှာကျန်ခဲ့တဲ့ အိုးအိမ်စည်းစိမ်တွေကို အုပ်စုဖွဲ့ခိုးယူမှုတွေ ထပ်မံရင်ဆိုင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြိုနယ်မှာ စစ်ဘေးအန္တရာယ်ရှောင်ရှားနေကြရတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်ပြီးအုပ်စုဖွဲခိုးယူနေတယ်လို့ ဒေသခံကပြောပါတယ်။
ဒီအဖွဲ့တွေရဲ့အကြောင်းနဲ့ ခိုးရာပါပစ္စည်းတွေကို လက်ခံဝယ်ယူနေတဲ့သူတွေကို သိရှိထားပြီးပြီဖြစ်လို့ အရေးယူဖို့ လုပ်ဆောင်နေကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ (ပင်လည်ဘူးမြိုနယ်)က သတိပေးပါတယ်။
အုပ်စုဖွဲခိုးယူသူတွေဟာ အကြမ်းဖက် အာဏာသိမ်းစစ်တပ်လက်အောက်ခံအဖွဲ့တွေနဲ့ ပတ်သက်ဆက်နွယ်နေပြီး ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ(ပင်လည်ဘူးမြို့နယ်)က သတိပေးထားပါတယ်။
တန့်ဆည်မြိုနယ်မှာလည်း မြိုပေါ်စျေးဆိုင်တွေ နေ့စဥ်နီးပါးဖောက်ထွင်းခံနေရကြောင်း ဒေသခံက ပြောပါတယ်။
“သုဿန်က ရေစက်ကအစ အခိုးခံရတယ်။ စစ်တပ်နဲ့ပျူတွေကတမျိုး သူတို့ရန်ကတမျိုး ရင်ဆိုင်နေရတယ်”လို့ တန့်ဆည်ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်၊ ကနီ၊ ကလေး၊ အရာတော်၊ ဒီပဲယင်း အစရှိတဲ့နယ်တွေက စစ်ဘေးရှောင်ကျေးရွာတွေမှာလည်း ခိုးယူခံရမှုတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
#Dailynews

