ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၂၈ (မော်ကွန်း)
ထိုင်းနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်(Low Pressure Cell) က မြန်မာနိုင်ငံထဲကို စတင်ဝင်ရောက်နေပြီး ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးအဆက်မပြတ်ရွာသွန်းမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။
“လေဖိအားနည်းဆဲလ်က မြန်မာနိုင်ငံကိုဖြတ်နေတဲ့အတွက်ကြောင့်မလို့ မိုးကအဆက်မပြတ်ရွာနေတာပါ။ လာမယ့် အောက်တိုဘာ ၂ ရက်အထိ မိုးကဆက်ရွာနေဦးမှာပါ” လို့ သူကပြောပါတယ်။
လက်ရှိမှာ အဲဒီ့လေဖိအားနည်းဆဲလ်ဟာ မြစ်ဝကျွန်းပေါ်ဒေသတွေကိုဖြတ်သန်းနေပြီး လာမယ့်အောက်တိုဘာ ပထမအပတ်မှာ ရခိုင်ပြည်နယ်ကနေ အိန္ဒိယနိုင်ငံကိုဆုတ်ခွါမယ်လို့ မိုးဇလကခန့်မှန်းထားပါတယ်။
လေဖိအားနည်းဆဲလ်ဆိုတာဟာ လေထုသိတ်သည်းဆနည်းတဲ့ ဖြစ်စဉ်ကိုဆိုလိုတာဖြစ်ပြီး၊ လေဖိအားနည်းဆဲလ်တွေ တစ်ခုထက်ပိုဖြစ်လာတဲ့အခါ လေဖိအားနည်းရပ်ဝန်းကြီးတစ်ခုဖြစ်လာတယ်လို့ မိုးလေဝသပညာရှင်တွေကပြောပါတယ်။
ဒီလိုမျိုး လေဖိအားနည်းဆဲလ်မြန်မာနိုင်ငံကိုဖြတ်တဲ့အခါ ရန်ကုန်အပါအဝင် ပဲခူး၊ ကရင်၊ မွန်၊ တနင်္သာရီ နဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ မိုးသက်လေပြင်းကျရောက်မယ်လို့ မိုးဇလကခန့်မှန်းထားပါတယ်။
ရန်ကုန်မြို့နေရာအနှံ့အပြားမှာလည်း မနေ့ညကတည်းက ဒီနေ့အထိ မိုးအဆက်မပြတ်ရွာသွန်းနေတယ်လို့ မြို့ခံတွေကပြောပါတယ်။
မြစ်ရေကြီးမှု နှစ်ကြိမ်ကြုံခဲ့ရတဲ့ပဲခူးမြို့မှာလည်း မိုးအဆက်မပြတ်ရွာသွန်းနေတယ်လို့ ပဲခူးမြို့ခံတွေကပြောပါတယ်။
“ ညကတည်းက အခုထိ မိုးရွာနေတာ။ မရပ်သေးဘူး။ ရေကြီးရေလျှံတာတွေတော့ လောလောဆယ်မတွေ့ရသေးဘူး” လို့ ပဲခူးမြို့ခံတစ်ဦးပြောပါတယ်။
ဩဂုတ်လအတွင်း မိုးအဆက်မပြတ်ရွာပြီး မြစ်ရေကြီးခဲ့တာကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေက လူဦးရေ ၈၀,၀၀၀ ကျော် ဟာ ရေဘေးတိမ်းရှောင်ခဲ့ရပြီး အများစုဟာ အခုချိန်ထိနေအိမ်မပြန်နိုင်ကြသေးဘူးလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။
ပုံစာ- ဒီကနေ့ ရန်ကုန်မြို့မိုးရွာသွန်းမှုမြင်ကွင်း
ဓာတ်ပုံ – Mawkun
#Dailynews

