ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၁၄ (မော်ကွန်း)
စစ်ကိုင်းတိုင်းနဲ့ ချင်းတောင်တန်းအစပ်မှာရှိတဲ့ ကလေးမြို့ရဲ့တောင်ပိုင်းမှာ ဒေသတွင်းတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတချို့ဆီက သိရပါတယ်။
စစ်ကောင်စီအနေနဲ့ ဒီနေ့မနက်ပိုင်းမှာ ကလေး-ဂန့်ဂေါ ကားလမ်းပေါ်မှာရှိတဲ့ ကျေးရွာတချို့ကိုလည်း လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုမှာ နတ်ချောင်းကျေးရွာက တိုက်နယ်ဆေးရုံအပါအဝင် နေအိမ်တွေလည်း ပျက်စီးခဲ့ပြီး ဒေသခံထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဒေသခံစစ်ဘေးရှောင်တချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ သုံးရက်က ကလေး-ဂန့်ဂေါကားလမ်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အခြေစိုက်စခန်းဖြစ်တဲ့ ကမ်းပါးနီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
ဒီစခန်းဟာ စစ်ကောင်စီတပ်က တပ်ခွဲဗိုလ်မှူးအဆင့်ထိုင်ထားပြီး စစ်သားနဲ့ ပြည်သူ့စစ် အပါအဝင် အင်အား ၇၀ ခန့် အခြေပြုထားတဲ့စခန်းဖြစ်ကာ လက်နက်အင်အားနဲ့ လေကြောင်းပစ်ကူတွေပြည့်ဝပေမယ့် ခေါင်းဆောင်ပိုင်း ညံ့ဖျင်းတာကြောင့် စခန်းကိုလက်လွှတ်လိုက်ရတယ်လို့ စစ်ကောင်စီထောက်ခံသူ ကြံ့ခိုင်ရေးအမတ်ဟောင်း ဘူးလက်လှဆွေက သူ့ရဲ့ လူမှုကွန်ရက်မှာ မနေ့ကညနေပိုင်းက ရေးသားထားပါတယ်။
“တကယ်က မကျသင့်ဘူး ၊ PDF တွေက အထိအခိုက်များပြီး ရှေ့မတိုးနိုင်ဘူး ၊ ဒါပေမဲ့ ခေါင်းဆောင်လုပ်တဲ့ တပ်က ကောင်က လစ်သွားပြီ ။ဒါနဲ့ ကျန်နေတဲ့ ပြည်သူ့စစ် တွေ က မချင့်မရဲနဲ့ ဒဏ်ရာရလူနာထမ်းပြီး မဆုတ်ချင်ဘဲ ဆုတ်ခွာလာရတယ် ၊ အဲဒါအဖြစ်မှန်ပဲ” လို့ ၎င်း စခန်းကျသွားတဲ့ အခြေအနေကို ဘူးလက်လှဆွေက ရေးသားထားပါတယ်။
ဒီစခန်းကျသွားပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဟာ ကလေးမြို့ တောင်ပိုင်းက ကျေးရွာတွေကို မနေ့ကနဲ့ ဒီနေ့မနက်ပိုင်းထိ နှစ်ရက်ဆက်တိုက် ဗုံးကြဲနေတာကြောင့် ဒေသခံ ထောင်နဲ့ချီပြီး ထွက်ပြေးနေကြရတယ်လို့ ဒီစစ်ဘေးရှောင်တချို့က ပြောပါတယ်။
လက်ရှိဒီဒေသမှာ စစ်ကောင်စီတပ်ဟာ ကလေးမြို့ပေါ်ကိုပဲ ထိန်းချုပ်နိုင်တဲ့ အခြေအနေရှိပြီး ကလေးတောင်ပိုင်းနဲ့ မြောက်ပိုင်းလမ်းတွေမှာ တော်လှန်ရေးတပ်တွေ စိုးမိုးထားတယ်လို့ ဒေသခံစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
“လောလောဆယ်တွေ အသွားအလာတွေ နားလည်မှုနဲ့ သွားလို့ရပါတယ်။ အခုတော့ တိုက်ပွဲဖြစ်နေတော့ အသွားအလာတော့ သိပ်မရှိဘူး မဖြစ်မနေလောက်ပဲ သွားလာလို့ရတော့တယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ကလေးမြို့နယ်ဟာ တော်လှန်ရေးတပ်တွေ အားကောင်းတဲ့ ချင်းပြည်နယ်နဲ့လည်း ထိစပ်နေသလို တောင်ဘက်ပိုင်းမှာလည်း တော်လှန်ရေးအားကောင်းတဲ့ နယ်မြေဖြစ်တဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ကျော၊ ဆော စတဲ့ ယောဒေသနဲ့ ဆက်စပ်နေပြီး ဒေသတွင်း ကုန်စည်စီးဆင်းမှုအရလည်း အရေးပါတဲ့မြို့ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကလေး-ဂန့်ဂေါလမ်းပိုင်းအနီးက တင်သား၊ ကုက္ကိုလ်၊ မှန်တော၊ ကမ်းပါးနီ၊ ရှားတော၊ ဒိုးနွယ်၊ ဟားခါးလေးနဲ့ ကျော်ရွာတွေက ဒေသခံ ၄,၀၀၀ ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာပါ။
ပုံစာ – ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – PDF (Kalay)

