ရန်ကုန် – ၂၀၂၄ မတ် ၁၅ (မော်ကွန်း)
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားတဲ့ ဒေသက တရုတ်နယ်စပ်ဂိတ်တွေ ယခုရက်ပိုင်းမှာ ပြန်ဖွင့်ပေးလိုက်ပေမယ့် ပြည်မဘက်က ကုန်စည်တွေကို ဖြတ်သန်းခွင့်မပေးသေးဘူးလို့ ဒေသခံတွေနဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူတွေက ပြောပါတယ်။
ကိုးကန့်တပ်ဖွဲ့ (MNDAA) က ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလမှာ ထိန်းချုပ်သိမ်းပိုက်လိုက်နိုင်တဲ့ တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း) နယ်စပ်ဂိတ်တွေကို ယခုလ ၁၁ ရက်မှာ ပြန်ဖွင့်ပေးခဲ့တာပါ။
မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတို့ဟာ ရှမ်းမြောက်ဒေသမှာ အပစ်အခတ်ရပ်စဲဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်မှာ သဘောတူညီခဲ့ပြီးနောက် နှစ်လအကြာမှာ အခုလို နယ်စပ်ဂိတ်နှစ်ခုကို ပြန်ဖွင့်ပေးခဲ့တာပါ။
လက်ရှိမှာတော့ အဲဒီ နယ်စပ်ဂိတ်တွေမှာ ကိုးကန့်တပ် (MNDAA) ရဲ့ အသိအမှတ်ပြုလက်မှတ်၊ တရုတ်နယ်စပ်ဖြတ်ကျော်ခွင့်ကတ် (စာအုပ်အနီ) ရှိသူတွေကို ဖြတ်သန်းခွင့်ပေးနေပြီး ပြည်မဘက်က ကုန်စည်တွေကိုတော့ တက်ခွင့်မပြုသေးဘူးလို့ ပြောပါတယ်။
“လက်ရှိချင်းရွှေဟော်ဂိတ်ဟာ ကိုးကန့်ဘက်က အစမ်းဖွင့်တာပဲဖြစ်တယ်။ ကုန်တွေဖြတ်သန်းခွင့်မပေးသေးဘူး။ ဒီဘက် ပြည်မဘက်က ဘယ်ကုန်မှ သွားလို့ တက်လို့ မရသေးပါဘူး။ အခုက ကိုးကန့်ဘက်ကအသိအမှတ်ပြုထားတဲ့ လက်မှတ်ရှိတဲ့သူတွေ၊ အဲဒီဒေသက တိုင်းရင်းသားတွေနဲ့ ဒေသခံတွေလောက်ပဲ စာအုပ်အနီတွေနဲ့ သွားလာနေကြပေါ့” လို့ တရုတ်နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အဲဒီ ကုန်သွယ်ရေးဇုန်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ လက်ရှိအချိန်ထိ မရှိသေးပါဘူး။
စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့ဟာ ယခုလဆန်းပိုင်းမှာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဲဒီ ဆွေးနွေးပွဲမှာ တရုတ်နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့ ဆွေးနွေးခဲ့ပါတယ်။
မြောက်ပိုင်းတပ်တွေနဲ့ စစ်ကောင်စီတို့အကြား ဘယ်လိုသဘောတူညီချက်တွေနဲ့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်မယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ နှစ်ဖက်လုံးက ထုတ်ဖော်ပြောကြားတာတော့ မရှိသေးပါဘူး။
နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်တဲ့ ကုန်သည်တစ်ဦးကတော့ “အခုထိတော့ အဲဒီ နယ်စပ်ဂိတ်တွေမှာ မြန်မာဘက်က ဝန်ထမ်းတွေ မရှိသေးဘူးပေါ့။ အဲဒီတော့ ကျွန်တော်တို့ ကုန်စည်တွေ ပို့ခွင့်ရဖို့ ခွင့်ပြုချက်က ဘယ်မှာ ယူရမလဲ မသိသေးဘူး။ သွားလို့ရလား မရလားလည်း သေချာ မရှင်းလင်းသေးဘူး” လို့ ပြောပါတယ်။
MNDAA အဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးကာလမှာ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း) စတဲ့ ကုန်သွယ်ရေးမြို့တွေအပြင် သိန္နီ၊ ကွမ်းလုံ၊ ကွတ်ခိုင်၊ ကုန်ကြမ်းနဲ့ လောက်ကိုင်မြို့တွေကို သိမ်းပိုက်ပြီး ထိန်းချုပ်ခဲ့ပါတယ်။
အဲဒီ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ တရုတ်နယ်စပ်မှာ အဓိကျတဲ့ မူဆယ်၊ ချင်းရွှေဟော် စတဲ့နယ်စပ်လမ်းကြောင်းတွေ ပိတ်ဆို့သွားပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံဘက်ကတော့ ရွှေလီ၊ ကျယ်ဂေါင်၊ ဝမ်တိန် စတဲ့ မြို့တွေက နယ်စပ်ဂိတ်တွေကို ဖွင့်လှစ်ပေးထားပြီး မြန်မာဘက်ခြမ်းက ဖွင့်လှစ်နိုင်ခြင်းမရှိသေးတာလို့ တရုတ်နယ်စပ် မူဆယ်မြို့က ဒေသခံ တစ်ဦးက ပြောပါတယ်။
“ဟိုဘက်ကနေ အဝင်ကတော့ တောက်လျှောက်ရှိတယ်လေ။ ပြည်မဘက်ကတော့ တက်လာတဲ့ ကုန်တော့ မရှိဘူး။ လိုအပ်တဲ့ ကုန်ကိုတော့ တရုတ်က သွင်းခွင့်ပြုထားတယ်။ နယ်စပ်ဖြတ်ကျော်ခွင့်နဲ့ တရုတ်ထဲကိုလည်း ဝင်ချင်ဝင်လို့တော့ရတယ်။ ဒီဘက်က ကုန်ပစ္စည်းကတော့ တင်လို့ မရဖြစ်နေတာပေါ့” လို့ သူက ပြောပါတယ်။
တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေအနက် မူဆယ်၊ ချင်းရွှေဟော်တို့ကို မြောက်ပိုင်းသုံးဖွဲ့က သိမ်းပိုက်ထားပြီး ကချင်ပြည်နယ်က လွယ်ဂျယ်-ဗန်းမော် လမ်းကြောင်းနဲ့ မြစ်ကြီးနား-ကန်ပိုက်တီး လမ်းကြောင်းတွေမှာတော့ တိုက်ပွဲတွေဖြစ်နေလို့ သွားလာရ ခက်ခဲနေပါတယ်။
လက်ရှိ တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ-မိုင်းလား လမ်းကြောင်းကိုပဲ အဓိကထားပြီး အသုံးပြုနေကြရတာပါ။
အဆိုပါ ကျိုင်းတုံ-မိုင်းလား လမ်းကြောင်းကလည်း လမ်းကြောင်းရှည်လျားပြီး ခရီးလမ်းမှာလည်း ယာဉ်တွေများပြားတာကြောင့် ကုန်စည်ကြန့်ကြာမှုတွေ ရှိနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ပုံစာ – ချင်းရွှေဟော်နယ်စပ်ဂိတ်
ဓာတ်ပုံ – MoI

