ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၁၃ (မော်ကွန်း)
ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ မိုးကြီးခဲ့တာကြောင့် လာမယ့် ၂၄ နာရီအတွင်း စစ်တောင်းမြစ်ဟာ တောင်ငူမြို့မှာ စိုးရိမ်ရေအမှတ်ရောက်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။
“နေပြည်တော်မှာမိုးကြီးတာရယ်၊ ပေါင်းလောင်းမြစ်က ရေတွေဝင်လို့ စစ်တောင်းမြစ်ရေဟာ လာမယ့် ၂၄ နာရီမှာ စိုးရိမ်ရေအမှတ်ကိုရောက်မှာပါ။ မြစ်ကမ်းနားနီးတဲ့သူတွေသတိပြုရပါမယ်။” လို့ သူကပြောပါတယ်။
စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စိုးရိမ်ရေအမှတ်အောက် တစ်ပေခန့်မှာ ရှိနေပြီး မြေနိမ့်ပိုင်းတွေမှာ ရေတွေစဝင်မှာဖြစ်တယ်လို့ သူကပြောပါတယ်။
မိုးဇလက အခုလို မြစ်ရေစိုးရိမ်ရေအမှတ် သတိပေးချက်ထုတ်ပြန်တာနဲ့တစ်ပြိုင်နက် မြစ်ကမ်းအနီးနေထိုင်သူတွေဟာ ရေဘေးလွတ်ရာကိုတိမ်းရှောင်ရမှာဖြစ်တယ်လို့ ဦးလှထွန်းက ပြောပါတယ်။
စစ်တောင်းမြစ်ဟာ ရှမ်းရိုးမကနေ မြစ်ဖျားခံစီးဆင်းပြီး ရေဘေးသင့်နေတဲ့ ပဲခူးတိုင်းဒေသကြီးကိုဖြတ်သန်းကာ ဘင်္ဂလားပင်လယ်အတွင်းကိုစီးဝင်တာပါ။
ရေဘေးသင့်နေတဲ့ပဲခူးမြို့မှာတော့ လာမယ့်အောက်တိုဘာ ၂၀ ရက် အတွင်း ပဲခူးမြစ်ရေဟာ တစ်ဖြည်းဖြည်းကျဆင်းလာနေပြီး လက်ရှိရေအမှတ်အောက် ၈ ပေ အထိ ကျဆင်းမယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
စစ်တောင်းမြစ်ဖြတ်သန်းစီးဆင်းတဲ့ ပဲခူးတိုင်းဒေသကြီးမှာတော့ အောက်တိုဘာ ၇ ရက်က စံချိန်တင်မိုးရွာသွန်းပြီး ရေကြီးမှုကြုံခဲ့ရတာကြောင့် လူခြောက်ဦးသေဆုံးခဲ့သလို လူဦးရေ တစ်သောင်းကျော် ရေဘေးတိမ်းရှောင်ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။
ပုံစာ- အောက်တိုဘာ ၁၀၊ ပဲခူးမြို့မြစ်ရေကြီးမှုမြင်ကွင်း
ဓာတ်ပုံ- Htin Kyaw

