ရန်ကုန် – ၂၀၂၃ မေ ၅ (မော်ကွန်း)
မိုခါမုန်တိုင်းဝင်ရောက်ခဲ့တဲ့ဒေသတွေဟာ မြေမြှုပ်မိုင်းအန္တရာယ်ရှိတဲ့ဒေသတွေဖြစ်လို့ သတိပြုဖို့ ကုလသမဂ္ဂ၊ ကလေးများဆိုင်ရာရန်ပုံငွေအဖွဲ့ (UNICEF) က ဒီနေ့မှာသတိပေးထုတ်ပြန်ခဲ့ပါတယ်။
မုန်တိုင်းဝင်ပြီးနောက်မှာ မြေမြှုပ်မိုင်းအန္တရာယ်ဟာ နောက်ထပ်စိန်ခေါ်မှုတစ်ခုဖြစ်လာပြီး ယခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ ဆိုက်ကလုန်းမုန်တိုင်းဖြတ်သန်းဝင်ရောက်ခဲ့တဲ့ဒေသတွေမှာ ဖြစ်ပွားခဲ့တာလို့ UNICEF ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ် စတဲ့ဒေသတွေကို မိုခါမုန်တိုင်းဝင်ရောက်ခဲ့ပြီး အဲဒီဒေသတွေဟာ မြေမြှုပ်မိုင်းအန္တရာယ်ရှိနေတဲ့ဒေသတွေလည်း ဖြစ်တယ်လို့ UNICEF ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ မုန်တိုင်းတိုက်ခတ်ခဲ့တဲ့ ဒေသတွေအတွင်း အပျက်အစီး၊ အမှိုက်သရိုက်တွေကို ဖယ်ရှားရှင်းလင်းမှုလုပ်ဆောင်ရာမှာ မြေမြှုပ်မိုင်းအန္တရာယ်ကို သတိထားဆောင်ရွက်ဖို့လည်း UNICEF ရဲ့ မုန်တိုင်းအန္တရာယ် အသိပညာပေးရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါအပြင် မြေမြှုပ်မိုင်းတွေနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေဟာ မိုးကြီးခြင်း၊ ရေကြီးခြင်းနဲ့ မြေပြိုမှုတွေကြောင့် နဂိုမူလနေရာကနေ အခြားနေရာတွေကို နေရာရွေ့လျားသွားနိုင်တာကြောင့် မသင်္ကာစရာပစ္စည်းတွေ့ရှိရင် တာဝန်ရှိသူတွေကိုအကြောင်းကြားပေးဖို့ တိုက်တွန်းထားပါတယ်။
“ ရခိုင်မှာလည်း ပရဟိတအဖွဲ့တွေသွားလာရာမှာ မိုင်းအန္တရာယ်သတိပြုဖို့ အချင်းချင်းသတိပေးတာရှိတယ်။ အရင်က တိုက်ပွဲဖြစ်ခဲ့တဲ့ရွာတွေမှာ မိုင်းရှိနိုင်တာဆိုတာမျိုးလောက်ပဲ သတိပေးတာပေါ့။ အမှန်တော့ မြေမြှုပ်မိုင်းကို လက်နက်ကိုင်တွေနဲ့ စနစ်တကျရှင်းလင်းဖို့လိုတာပေါ့” လို့ ကျောက်တော်မြို့နယ်က မုန်တိုင်းသင့်ရွာတွေကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ UNICEF နဲ့ ဒေသခံ စေတနာ့ဝန်ထမ်းတွေပူးပေါင်းပြီး မြေမြှုပ်မိုင်းနဲ့ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေရဲ့အန္တရာယ်ကို အသိပညာပေးမှုတွေကို အဲဒီဒေသတွေမှာ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒီနှစ် ပထမသုံးလအတွင်း တစ်နိုင်ငံလုံးမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ခံစားရသူ ၃၀၂ ဦး ရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ထိခိုက်ခံစားရသူအများဆုံးဖြစ်ခဲ့တယ်လို့ UNICEF က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။
မြေမြှုပ်မိုင်းကြောင့် ထိခိုက်ရသူအရေအတွက်စုစုပေါင်းရဲ့ ၃၆ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်း အတွင်းမှာထိခိုက်ခဲ့တာဖြစ်ပြီး ပဲခူးတိုင်းမှာ ၁၈ ရာခိုင်နှုန်း၊ မန္တလေးတိုင်းမှာ ၈ ရာခိုင်နှုန်းနဲ့ ချင်း၊ ကချင်၊ ကယား စတဲ့ဒေသတွေပါဝင်တယ်လို့ ဆိုပါတယ်။
ပုံစာ- ယူနီဆက်က ထုတ်ပြန်ခဲ့တဲ့ မုန်တိုင်းနဲ့ မြေမြှုပ်မိုင်းဆိုင်ရာ အချက်အလက်ပုံ
ဓာတ်ပုံ – UNICEF Myanmar
#Dailynews

