ရန်ကုန်-၂၀၂၄ ဖေဖော်ဝါရီ ၂၃ (မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းဥပဒေ ထုတ်ပြန်ကြေညာပြီးချိန်ကစလို့ ရန်ကုန်မြို့ပေါ်မှာ ဧည့်စာရင်းစစ်တာတွေပိုမိုလုပ်ဆောင်လာပြီး ရပ်ကွက်တစ်ခုကို တစ်ခါစစ်တိုင်း နှစ်ဦးနှုန်းဖမ်းဆီးပေးဖို့ စီမံချက်ချထားတယ်လို့ ရပ်ကွက်ရုံးဝန်ထမ်းတချို့က မော်ကွန်းကိုပြောပါတယ်။
“ပြီးခဲ့တဲ့ရက်က လာစစ်တာလမ်းထဲက အိမ်တွေအကုန်လုံး ဧည့်စာရင်းအမှန်အကန်တိုင်ထားလို့ လွတ်တယ်။ နှစ်ယောက်လောက်တော့ ရအောင်ရှာပေးရမယ်ဆိုလို့ မရလို့ ညနှစ်နာရီလောက်မှ(အိမ်)ပြန်ရတယ်။ စီမံချက်နဲ့လုပ်တဲ့ပုံစံမျိုးပဲ။ ဘာစီမံချက်လဲတော့မသိဘူး” လို့ တောင်ဥက္ကလာမြို့နယ်ထဲက ရပ်ကွက်ရုံးတစ်ခုမှာ စာရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။
အခုရက်ပိုင်းအတွင်းဧည့်စာရင်းစစ်ရာမှာလည်း အရင်ကလို မသင်္ကာတဲ့နေရာမျိုးပဲစစ်တာမဟုတ်ဘဲ ရပ်ကွက်အတွင်းက လမ်းတိုင်းနီးပါးကို စစ်ဆေးတာတွေလုပ်ဆောင်လာတယ်လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဧည့်စာရင်းစစ်ရင်း ဖမ်းခံရသူသုံးဦးနဲ့ပက်သက်ပြီး အကူအညီပေးခဲ့ရတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက ရပ်ကွက်ရုံးစာရေးတစ်ဦးကလည်း အခုလိုပြောပါတယ်။
“ဖမ်းထားတဲ့သူတွေကို ညတွင်းချင်းရဲစခန်းခေါ်သွားတယ်။ ရဲစခန်းကျရင် ရပ်ကွက်ထဲက အာမခံပေးတဲ့သူခေါ် ၊ မနက်ကျ တရားရုံးတင်တယ်။ နေ့လယ်လောက်ကျ တစ်ယောက်ကို ဒဏ်ငွေတစ်သောင်းလောက်ဆောင်ခိုင်းတယ်။ ပြီးရင်အိမ်ပြန်လို့ရပြီ။ တချို့ကျတော့လည်း ပါသွားရင်ကြောက်လန့်ပြီး ရပ်ကွက်ရုံးစာရေးတွေက ပိုက်ဆံတောင်းတော့ ပေးလိုက်တာ။ အဲဒီကျတော့ ကုန်ကော၊ တကယ်က တရားရုံးမှာ တစ်သောင်းပဲဆောင်ရတာ”
ရန်ကင်းမြို့နယ်ထဲက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကလည်း ဧည့်စာရင်းမတိုင်တဲ့သူတွေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခိုင်းတာ မှန်ကန်ကြောင်းနဲ့ ဧည့်စာရင်းရက်ကျော်လို့ ဖမ်းဆီးခံရရင် သူတို့လည်း ကူညီမပေးနိုင်ဘူးလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေဟာ ဒဂုံမြို့သစ်(တောင်၊မြောက်နဲ့ အရှေ့ပိုင်း)၊ သင်္ဃန်းကျွန်း၊ ရန်ကင်း၊ တာမွေ၊ တောင်ဥက္ကလာ၊ လှိုင်သာယာနဲ့ ရွှေပြည်သာ စတဲ့မြို့နယ်တွေမှာ ဧည့်စာရင်းပိုစစ်ဆေးတာတွေလုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ မြို့နယ်တချို့က ရပ်ကွက်ရုံးတာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဧည့်စာရင်းစစ်ရာမှာ မချေမငံပြောဆိုသူတွေနဲ့ လူငယ်တွေများတဲ့အိမ်တွေ၊ အဆောင်တွေကိုသာ အတွင်းထဲထိဝင်ရောက်စစ်ဆေးတာ၊ ဖုန်းစစ်ဆေးတာတွေလုပ်ဆောင်တယ်လို့ ရပ်ကွက်ရုံးစာရေးတွေက ပြောကြပါတယ်။
ဧည့်စာရင်းစစ်ရင်း ဖမ်းဆီးခံရတဲ့ အရေအတွက်နဲ့ ပက်သက်ပြီး မော်ကွန်းအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
ပုံစာ-ဧည့်စာရင်းစစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။
ဓာတ်ပုံ-MOI