ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၂ (မော်ကွန်း)
ရှမ်းမြောက်တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ရပ်တန့်နေတာ တစ်ပတ်ခန့်ရှိလာသလို တရုတ်နိုင်ငံကနေတင်သွင်းရောင်းချတဲ့ အဝတ်အထည်၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းတွေ ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်လာပြီလို့ တရုတ်ကုန်စည် တင်သွင်းရောင်းချသူတချို့က ပြောပါတယ်။
တရုတ်နိုင်ငံက အဝတ်အထည်နဲ့ဖက်ရှင်ပစ္စည်းတွေ တင်သွင်းရောင်းချနေတဲ့ ရန်ကုန်မြို့ကကုန်သည်တစ်ဦးက “မူဆယ်လမ်းကြောင်းက အခုထိမပွင့်သေးဘူး။ လမ်းဘယ်တော့လောက်ပြန်ပွင့်မယ်ဆိုတာလည်း မသိရသေးတော့ ကုန်ပစ္စည်းအမှာတွေ လတ်တလောရပ်ထားရတယ်။ လက်ရှိ ရှိနေတဲ့ပစ္စည်းတွေလည်း ထိန်းရောင်းနေရတယ်။ ပစ္စည်းကတော့ ရက်ပိုင်းဆိုပြတ်တော့မှာ” လို့ ပြောပါတယ်။
အောက်တိုဘာ ၂၇ ရှမ်းမြောက်တိုက်ပွဲတွေစတင်ဖြစ်ပွားတဲ့နေ့တုန်းကတော့ ရှမ်းမြောက် မူဆယ်ကနေ ကချင်ဒေသ ဗန်းမော်မြို့ဘက်ကိုတက်၊ အဲဒီကတစ်ဆင့် မန္တလေးဘက်ကိုပြန်ဝင်တဲ့လမ်းကြောင်းကိုသုံးပြီး ကုန်ပစ္စည်းတွေသယ်ဆောင်တာမျိုး လုပ်နိုင်ခဲ့သေးပေမယ့် အခုတော့ အဲဒီလမ်းကြောင်းမှာလည်း ကချင်အဖွဲ့နဲ့ စစ်ကောင်စီ တိုက်ပွဲတွေဖြစ်နေတာကြောင့် ပြတ်တောက်သွားပြီလို့ သူကပြောပါတယ်။
သီတင်းကျွတ်ကာလမှာရောင်းချဖို့ ကုန်ပစ္စည်းတွေ တရုတ်နိုင်ငံကနေ မှာယူတင်သွင်းခဲ့ပေမယ့် ပွဲတော်ကာလမတိုင်မီ နှစ်ရက်လိုမှာစဖြစ်လာတဲ့တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်က ဂိုထောင်တွေထဲမှာ ပစ္စည်းတွေ စုပုံနေတယ်လို့ အွန်လိုင်းကနေ တရုတ်နိုင်ငံထုတ်ကုန်စည်တွေရောင်းချတဲ့ Shin Shin Online Shop က ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“ ကျွန်မတို့ အွန်လိုင်းရှော့ပ်ကတော့ အဲဒီရက်တွေထဲက လုံးဝကို အရောင်းရပ်ထားတာ။ ကျွန်မတို့ ကုန်ပစ္စည်းတွေက မူဆယ်ဘက်မှာ ဂိုထောင်ထဲရောက်နေပြီ။ ဒီဘက်ကိုဆင်းလာလို့မရတော့ ကုန်တွေ ဂိုထောင်ထဲပိတ်မိနေတာ ငါးရက်ရှိပြီ။ Customer တွေကိုတော့ ဒီအခြေအနေကို နားလည်အောင်ရှင်းပြရတာပေါ့” လို့ သူက ပြောပါတယ်။
လက်ကျန်ကုန်စည်တွေကို မှေးပြီးရောင်းချပေးနေတာကြောင့် ဈေးနှုန်းတက်တာမျိုးတော့ လတ်တလော မရှိသေးဘူးလို့ တရုတ်ပစ္စည်းရောင်းချသူတချို့ ဆိုပါတယ်။
အောက်တိုဘာ ၂၇ မှာ စတင်တဲ့ “၁၀၂၇ စစ်ဆင်ရေး” အတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ထိန်းချုပ်လိုက်တဲ့ လမ်းပိုင်းတွေဟာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကကျတဲ့ လမ်းပိုင်းတွေဖြစ်ပြီး မြန်မာနိုင်ငံက လယ်ယာထွက်ကုန်နဲ့ ရေထွက်ကုန်စည်တွေတင်ပို့နေသလို တရုတ်နိုင်ငံကနေ လျှပ်စစ်ကားကအစ လူသုံးကုန်စည်အမျိုးမျိုးကို တင်သွင်းနေတဲ့ လမ်းကြောင်းတွေလည်း ဖြစ်ပါတယ်။
ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)၊ ရက္ခိုင့်တပ်(AA) တို့ ဦးဆောင်ပြီး အခြားတော်လှန်ရေးတပ်တွေ ပါဝင်တိုက်ခိုက်နေတဲ့ ရှမ်းပြည်မြောက်ပိုင်းက ‘၁၀၂၇စစ်ဆင်ရေး’ အတွင်း တရုတ်နယ်စပ်က ချင်းရွှေဟော်မြို့အပါအဝင်၊ ဖောင်းဆိုင်နဲ့ သိန္နီမြို့တွေကိုပါ မြောက်ပိုင်းမဟာမိတ်တွေက သိမ်းထားတာပါ။ ဒါ့အပြင် တိုက်ပွဲစတင်တဲ့ တစ်ပတ်လောက်အတွင်း စစ်ကောင်စီ စခန်း ၉၀ နီးပါးကို မဟာမိတ်တွေက သိမ်းထားနိုင်ပြီး သုံ့ပန်းအများအပြားကိုလည်း ဖမ်းမိထားတယ်လို့ မဟာမိတ်တွေဘက်က ထုတ်ပြန်ပါတယ်။
ကိုဗစ်ကာလတည်းက ရပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို တရုတ်အစိုးရက ယခုနှစ် ဇန်နဝါရီလပိုင်းမှာ ပြန်ဖွင့်ပေးခဲ့တာဖြစ်ပြီး နေ့စဉ် ကုန်တင်ကားအစီးရေ ၃၀၀ ကျော် ပုံမှန်ဝင်ထွက်မှုတွေ ရှိနေတာဖြစ်တယ်လို့ မူဆယ်နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူတွေက ပြောပါတယ်။
ယခုဘဏ္ဍာရေးနှစ်အတွင်းမှာ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကနေ ကုန်သွယ်မှုစုစုပေါင်း ကန်ဒေါ်လာ နှစ်ဘီလီယံကျော် ကုန်သွယ်မှုပြုလုပ်ထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုအချက်အလက်တွေမှာ ဖော်ပြပါတယ်။
ပုံစာ – တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေးဇုန်ကို တွေ့မြင်ရစဉ်
Photo – MoC

