ရန်ကုန်-၂၀၂၃ ဩဂုတ် ၁၁ (မော်ကွန်း)
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်မြို့ကနေ ပဲခူးမြို့ကို ရေဘေးကယ်ဆယ်ရေးသွားတဲ့ ရွှေကျင်မောင်မယ် လူမှုကူညီရေးအသင်းယာဉ်နှစ်စီး ဒီနေ့မနက်ပိုင်းက ရွှေကျင်မြို့အထွက်လမ်းမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး အသင်းသားတစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ အသင်းတာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“ကျွန်တော်တို့က ကားနှစ်စီးထွက်လာတာ၊ ရှေ့ကကားပေါ်မှာ မိန်းကလေးသုံးယောက်နဲ့ ယောက်ျားလေးနှစ်ယောက်ပါတယ်။ နောက်ကားမှာက ကျွန်တော်တို့ယောက်ျားလေးခြောက်ယောက်ပါတယ်။ ပထမ စပစ်တယ်မထင်ဘူး။ နောက်တစ်ချက်ကျမှသေနတ်နဲ့ပစ်တယ်၊ သေနတ်နဲ့ပစ်တယ်။
မြန်မြန်မောင်းဆိုပြီးတော့မောင်းချိန် နောက်တစ်ချက်မှာ ကားကိုထိတာ။ ကားကိုထိတော့ ကားဘောင်ပေါ်ကမှန်ကွဲသွားတယ်။ အသင်းသားတစ်ယောက်တော့ မှန်စထိသွားတယ်” လို့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သေနတ်ပစ်ခံရပြီး ကားကိုဘေးကင်းတဲ့နေရာအထိကားဆက်မောင်းကာ ဒဏ်ရာရတဲ့ အသင်းသားကို ဆေးကုသပေးထားပြီး မစိုးရိမ်ရဘူးလို့ သူကပြောပါတယ်။
အသင်းရဲ့လူနာတင်ကားတစ်စီးဟာ သေနတ်မှန်တာကြောင့် ဘေးမှန်ကွဲပြီး အမိုးနားမှာ ကျည်ဖောက်ဝင်ရာတစ်ချက်ရခဲ့တယ်လို့ သိရပါတယ်။
အဲဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ လက်ရှိအချိန်အထိတော့ မသိရသေးပါဘူး။
ပုံစာ-သေနတ်နဲ့ပစ်ခံရတဲ့ ရွှေကျင်မောင်မယ်လူမှုကူညီရေးအသင်း၏ယာဉ်
ဓာတ်ပုံ-ရွှေကျင်မောင်မယ်လူမှုကူညီရေးအသင်း
#Dailynews

