နတ်တလင်း – ၂၀၂၃ ဖေဖော်ဝါရီ ၂၇ (မော်ကွန်း)
ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမထဲက ဒေသခံတွေကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားပါတယ်။
“တောင်ယာလုပ်ကိုင်စားသောက်ကြသူတွေပါ၊ အားလုံး ၁၄ ယောက် ယာခုတ်နေတဲ့ မိသားစုတွေလို့သိရတယ်” လို့ တော်လှန်ရေးအထောက်အကူပြုအဖွဲ့ (နတ်တလင်း) NRST တာဝန်ရှိသူကပြောပါတယ်။
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ဘက်ကနေ ပဲခူးရိုးမကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ နီးပါးရှိတဲ့ အာဏာသိမ်းစစ်တပ်ဟာ နတ်တလင်းမြို့နယ်ထဲကို ဝင်ရောက်လာပြီး ဖေဖော်ဝါရီ ၂၄ ရက်က အဆိုပါဒေသခံတွေကို ဖမ်းဆီးခဲ့တာပါ။
“PDF နဲ့ ဘာမှမဆိုင်တဲ့ သာမာန်ပြည်သူတွေပါ၊ ဒီလိုပဲသူတို့အကျင့်က မဆိုင်လည်းတွေ့တဲ့သူဖမ်း၊ နှိပ်စက်မှာပဲ” လို့ NRST တာဝန်ရှိသူကပြောပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားသူတွေကို တောင်ညိုဆည်က အာဏာသိမ်းစစ်တပ်စခန်းမှာ စစ်ဆေးနေတယ်လို့ ကြားသိရကြောင်း သူကပြောပါတယ်။
နတ်တလင်းမြို့ဟာ အာဏာသိမ်းစစ်တပ်ခန့် ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းရဲ့ မြို့ဖြစ်သလို သူဟာ အရပ်သားအစိုးရလက်ထက်မှာ ဒုရဲချုပ် ၁ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
နတ်တလင်းမြို့ပေါ်က စီးပွါးရေးလုပ်ငန်းရှင်တွေကို အာဏာသိမ်းစစ်တပ်ဘက်က ခေါ်ယူပြီး ရိုးမပေါ်က တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့တာတွေမလုပ်ဖို့နဲ့ လုပ်ခဲ့ရင် မြို့နာမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံ
တွေဆီကသိရပါတယ်။
မြို့ပေါ်မှာ တော်လှန်ရေးနဲ့ပတ်သက်လို့ ပြည်သူလူထုကိုမလှုပ်ရဲအောင် အာဏာသိမ်းစစ်တပ်ကို ထောက်တိုင်လုပ်ပေးနေသူတွေရှိတာကြောင့် အသက်မပြည့်သူတွေအပါအဝင် ပြည်သူတချို့ ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။
“ကြံ့ဖွံ့က ထွန်းဇော်လို့ခေါ်တဲ့ မြနန္ဒာဆန်စက်ပိုင်ရှင် ကိုပေါက်၊ တင့်လွင်နဲ့ ညီဆွေဝင်းတို့အဖွဲ့က အဓိကတရားခံပဲ၊ ဗိုလ်မှူးတွေဆိုတာ သူတို့ခိုင်းတာလုပ်ရတာ၊ သူတို့ဖမ်းစေချင်ရင် နောက်ကနေခိုင်းတယ်၊ အုပ်ကြီးတွေလည်းပါတယ်” လို့ NRST တာဝန်ရှိသူကပြောပါတယ်။
လတ်တလောမှာ ပဲခူးရိုးမထဲကို ပေါက်ခေါင်းဘက်က တက်လာတဲ့ အာဏာသိမ်းစစ်တပ်အင်အားနဲ့ နတ်တလင်းမှာရှိနေတဲ့ အင်အား ပူးပေါင်းပြီး စစ်ကြောင်းထိုးနေသလို ပဲခူးရိုးမအခြေစိုက် NUG တပ်ရင်းတွေနဲ့လည်း မကြာခဏတိုက်ပွဲတွေဖြစ်ပွါးနေပါတယ်။
#Dailynews

