ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ကျွန်းလှမြို့နယ်တွေမှာ ပြီးခဲ့တဲ့ဩဂုတ်လအတွင်း မြွေဆိုးကိုက်ခံရတဲ့ စစ်ဘေးရှောင်ပြည်သူ ၁၁ ဦးရှိပြီး အဲဒီထဲက နှစ်ဦးသေဆုံးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
မြွေဆိုးကိုက်ခံရလို့ သေဆုံးသူနှစ်ဦးဟာ အသက် ၁၄ နှစ်အရွယ် ပုဏ္ဏားကြီးရွာက မောင်ပိုင်ဘုန်းခန့်နဲ့ အသက် ၂၆ နှစ်အရွယ် ပင့်သာကြီးရွာသား မောင်ရန်လှိုင်တို့ဖြစ်တယ်လို့ သူကပြောပါတယ်။
“၁၄ နှစ်အရွယ်ကလေးက စစ်ရှောင်ထဲကနေ နွားကျောင်းသွားရင်း မြွေဆိုးကိုက်ခံလိုက်ရတာ။ ညနေခင်းသူ့ကိုရှာမတွေ့လို့ လိုက်ရှာမှ အလောင်းကိုတွေ့ရတာ။ အဲဒီကျမှ မြွေဆိုးကိုက်ခံလိုက်ရတယ်ဆိုတာ သိရတာ။ သူကဆေးကုသမှုကို မခံလိုက်ရဘူး။ နောက်တစ်ယောက်ကတော့ စစ်ရှောင်ရင်း လယ်လုပ်သွားတာ။ လယ်ထဲမှာပဲကိုက်ခံရတာ။ သူကတော့ ဆေးကုသမှုရတယ်။ ဘယ်လိုကြောင့်ဆုံးသွားတာလဲဆိုတာတော့ နားမလည်ဘူး” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။
အဲဒီ မြွေဆိုးကိုက်ခံရသူ ၁၁ ဦးဟာ ကိုးတောင်ဘို့တိုက်နယ်က လေးဦး၊ ချပ်သင်းတိုက်နယ်က လေးဦးနဲ့ ကျွန်းလှမြို့နယ်က သုံးဦး ဖြစ်ပါတယ်။
ကန့်ဘလူ၊ ကျွန်းလှနယ်အတွင်းမှာ အဆိပ်ပြင်းမြွေအမျိုးအစားတွေဖြစ်တဲ့ မြွေပွေးနဲ့ မြွေဟောက်ပေါများပြီး ကိုက်ခံရတဲ့ စစ်ရှောင်တွေများတာကြောင့် မြွေဆိပ်ဖြေဆေးလိုအပ်ချက်တွေလည်းရှိနေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူက ဆက်ပြောပါတယ်။
“အမှန်တိုင်းပြောရင် မြွေဆိပ်ဖြေဆေးကတော့ လောက်တယ်လို့ကိုမရှိတာ။ အဲဒီတော့ကျ ဒီမြေပြင်မှာ မြွေဆိပ်ဖြေဆေး လိုအပ်ချက်ကတော့ မြင့်တယ်။ လှူနိုင်တာက မြေပြင်ကလိုအပ်ချက်အတိုင်းဘယ်လှူနိုင်မလဲ။ တက်နိုင်သလောက်လှူကြရတာမျိုးပေါ့” လို့ ဆိုပါတယ်။
ကန့်ဘလူနယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်နဲ့ဇူလိုင် နှစ်လအတွင်းမှာ မြွေဆိုးကိုက်ခံရတဲ့ စစ်ရှောင်ပြည်သူ ၂၀ ကျော်အထိရှိခဲ့ပြီး ဇူလိုင်လထဲမှာတော့ မြွေကိုက်ခံရတဲ့ စစ်ရှောင်တစ်ဦး အချိန်မီဆေးကုသခွင့်မရလို့ အသက်သေဆုံးခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်တွေဟာ ကန့်ဘလူ၊ ကျွန်းလှနယ်ထဲကို မကြာခဏစစ်ကြောင်းထိုးတာကြောင့် ကျေးရွာတွေက ဒေသခံအများအပြားဟာ နီးစပ်ရာတောတွေထဲ စစ်ရှောင်ရင်း မကြာခဏဆိုသလို မြွေဆိုးကိုက်ခံရတာ ဖြစ်ပါတယ်။
ဒီနေ့မှာလည်း စစ်ကောင်စီတပ်တွေဟာ ကန့်ဘလူမြို့နယ်အတွင်းက လေးလှရွာကို မီးရှို့ဖျက်ဆီးပြီး အနီးက မြိုင်သာယာရွာကို ဝင်ရောက်စီးနင်းနေတာကြောင့် ဒေသခံသောင်းချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပုံစာ-စစ်ရှောင်ရင်း မြွေဆိုးကိုက်ခံရတဲ့ ကန့်ဘလူ၊ကျွန်းလှနယ်က စစ်ဘေးရှောင်များ
ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
#Dailynews

