ရန်ကုန်-၂၀၂၃၊ ဩဂုတ် ၄ (မော်ကွန်း)
ရခိုင်ပြည်နယ်ကို မိုခါမုန်တိုင်းဝင်ရောက်ခဲ့တာသုံးလနီးပါးရှိလာတဲ့အချိန်မှာ နေရေးထက် စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
“အမိုးအကာတွေကသူတို့လုပ်အားရယ်အလှူရှင်တွေထောက်ပံ့ပေးတာတွေနဲ့တော့အဆင်ပြေနေကြပြီ။ ကျွန်တော်တို့ဘက်(ပုဏ္ဏားကျွန်းမြို့နယ်)မှာက စားဝတ်နေရေးအဆင်မပြေတာတွေကအများကြီးရှိနေတာ။
အခုမိုးရာသီမှာလယ်မထွန်ရသေးတဲ့နေရာတွေ အများကြီးရှိတယ်။ သူတို့မှာနွားတွေလည်း အကုန်ဆုံးသွားတယ်။ စက်တွေလည်းပျက်သွားကြတယ်။ အခုချိန်မှာတော့နေရေးထက် စားရေးပိုခက်နေကြတယ်” လို့ပုဏ္ဏားကျွန်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်း (PDYO) ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
မိုခါမုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးခံခဲ့ရတဲ့မြို့နယ်တွေဟာ ပုဏ္ဏားကျွန်း၊စစ်တွေ၊ရသေ့တောင်၊ဘူးသီးတောင်၊ပေါက်တော၊ကျောက်တော်နဲ့မြောက်ဦးမြို့နယ်တွေဖြစ်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ ULA ကထုတ်ပြန်ခဲ့ပါတယ်။
ရွာပေါင်းသုံးရာနီးပါးရှိတဲ့ပုဏ္ဏားကျွန်းမြို့နယ်မှာမိုခါမုန်တိုင်းအလွန် အကူအညီထောက်ပံ့ပေးရေးလုပ်ငန်းတွေကို ခန့်မှန်းခြေ ၇၀ ရာခိုင်နှုန်းလောက်လုပ်ထားနိုင်တယ်လို့ PDYO ထံမှသိရပါတယ်။ အခုချိန်ဟာ မိုးရာသီလည်းဖြစ်တာကြောင့်သွေးလွန်တုပ်ကွေးရောဂါတွေလည်း အဖြစ်များနေပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ PDYO မှဆေးရုံကိုပို့ဆောင်ပေးခဲ့ရတဲ့ သွေးလွန်တုပ်ကွေးလူနာဟာ ခန့်မှန်းခြေအယောက် ၈၀ လောက်ရှိပြီးသေဆုံးသူတွေလည်းရှိတယ်လို့ PDYO ရဲ့တာဝန်ရှိသူကပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်လိုပဲ မိုခါမုန်တိုင်းဒဏ်ကိုအလူးအလဲခံခဲ့ရတဲ့မြောက်ဦးမြို့နယ်က စစ်ရှောင်ပြည်သူ သုံးထောင်နီးပါးရှိတဲ့တိမ်ညိုစစ်ရှောင်စခန်းမှာဆိုရင်လည်း စားရေးသောက်ရေးအခက်အခဲတွေကြုံနေရတယ်လို့ တိမ်ညိုစစ်ရှောင်စခန်းတာဝန်ရှိသူကပြောပါတယ်။
“လက်ရှိမှာ စားဝတ်နေရေးကတော်တော်ကိုအဆင်မပြေဘူး။ နေရေးထိုင်ရေး၊ အမိုးအကာလုံခြုံမှုအပိုင်းကတော့ အဆင်ပြေပါတယ်။ စားသောက်ရေးကဏ္ဏကတော့ တော်တော်လေးအကူအညီလိုအပ်နေတယ်။ အခုကဆန်ဈေးတွေလည်းထိုးတက်နေလို့ ကျွန်တော်တို့စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအတွက် တောင်တွေကမ်းတွေမှာ ရှာစားနေရတဲ့အခြေအနေဖြစ်နေတယ်။ဒီမှာငှက်ဖျားရောဂါတွေ၊ သွေးလွန်တုပ်ကွေးရောဂါတွေဖြစ်နေတဲ့ကြားကနေရှာစားနေရတာ။”လို့သူကပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်းက တိမ်ညိုစစ်ရှောင်စခန်းမှာ စစ်ရှောင်ပြည်သူ တစ်ရာနီးပါးဟာသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွါးခဲ့တယ်လို့စခန်းတာဝန်ရှိသူကပြောပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) က တိမ်ညိုစစ်ရှောင်စခန်းအတွက်၂၀၁၃ ဇန်နဝါရီလကတည်းက လစဉ်မိသားစုတစ်စုကို နှစ်သောင်းခွဲနှုန်းထောက်ပံ့ပေးတာတော့ရှိတယ်လို့သူကပြောပါတယ်။
ပေါက်တောမြို့နယ်က လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကြိမ်ခွေမော်ရွာမှာ မိုခါမုန်တိုင်းကြောင့်စိုက်ပျိုးသီးနှံတွေ၊ သိုလှောင်ထားတဲ့စပါးကျီတွေလည်းပျက်စီးသွားလို့ ဒေသခံတွေဟာ စားဝတ်နေရေးအတွက် ငွေကြေးချေးငှါးပြီး တောင်ယာလုပ်ငန်းတွေလုပ်နေရတယ်လို့ ကြိမ်ခွေမော်ဆရာတော်ကမိန့်ပါတယ်။
“ဒီကလူတွေက မိုးသခွါးတို့ ရုံးပတီတို့ စိုက်ကြတယ်။ အပင်ကထွက်နေပြီ၊ အဲဒီ့အချိန်မှာမုန်တိုင်းကြောင့်အကုန်ပျက်စီးကုန်တာ။ ဒီရွာမှာကတောင်သူ ၈၅ ယောက်လောက်ရှိမယ်။ အကုန်လုံးကဟိုကချေး၊ ဒီကချေးပြီးအကြွေးတွေနဲ့ မိုးစပါးစိုက်နေကြတာ။ မတတ်နိုင်ဘူးလေ။ ဒါမလုပ်ရင်သူတို့ဘာနဲ့သွားစားမလဲ။”လို့ ဆရာတော်ကမိန့်ပါတယ်။
WFPကတော့ ရခိုင်ပြည်နယ်အပါအဝင် မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရတဲ့ တစ်နိုင်ငံလုံးက ပြည်သူ ရှစ်သိန်းအတွက် သုံးလစာအရေးပေါ်စားနပ်ရိက္ခာနဲ့ငွေကြေးထောက်ပံ့ပေးဖို့ကြိုးစားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
တစ်ဆက်တည်းမှာပဲ စစ်ကောင်စီဟာဇွန် ၈ ရက်တည်းကရပ်ဆိုင်းထားတဲ့ ရခိုင်ပြည်နယ်အတွင်းခရီးသွားလာခွင့်ကို အခုချိန်ထိပိတ်ထားဆဲပါ။
အင်အားပြင်းမိုခါမုန်တိုင်းဝင်ရောက်ခဲ့တာသုံးလနီးပါးကြာလာတာနဲ့အမျှ ခရီးသွားလာခွင့်ပိတ်ထားတဲ့ရခိုင်ပြည်နယ်မှာ စစ်ကောင်စီအနေနဲ့မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူတွေကိုမျက်နှာမူပြီး နိုင်ငံတကာအကူအညီတွေကို ခွင့်ပြုပေးသင့်ပြီလို့ဒေသအခြေစိုက်အရပ်ဖက်အဖွဲ့အစည်းတွေကတိုက်တွန်းထားကြပါတယ်။
ပုံစာ-မိုခါမုန်တိုင်းအပြီးစစ်တွေမြို့နယ်၊ဒါးပိုင်ကျေးရွာရဲ့အပျက်အစီးမြင်ကွင်း
Photo- Reuben Lim Wende/UNHCR
#Dailynews

