စစ်ကိုင်းတိုင်း – ၂၀၂၂ ဖေဖော်ဝါရီ ၅ (မော်ကွန်း)
စစ်ကိုင်း၊ မြင်းမူနဲ့ ဝက်လက်မြို့နယ်တွေမှာ အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီလ ၃ ရက်နေ့တစ်ရက်တည်းမှာပဲ ပြည်သူ ၁၀ ဦးကို မီးရှို့သတ်ဖြတ်ခြင်း၊ ခေါင်းဖြတ်သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာနေ ကိုသူရထွန်း၊ ဦးဇော်မင်းထွန်း၊ ကိုကိုလင်းမောင်၊ ကိုသဲထွန်းအောင်၊ ဦးမြင့်အောင်နဲ့ ကိုမင်းမင်းထွန်းတို့အား အာဏာသိမ်းစစ်ကောင်စီက စစ်ရာဇဝတ်မှု ကျူးလွန်ကာ မီးရှိူ့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
သစ်ဆိမ့်ကျေးရွာက ဒီအမျိုးသား ခြောက်ဦးကို အဆိုပါကျေးရွာ၊ တုမရဘုရားအနောက်ဘက်မှာ လက်နောက်ပြန်ကြိုးတုတ်ပြီး အရှင်လက်လက်မီးရှို့သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရုပ်အလောင်းတွေကို မနေ့က ဖေဖော်ဝါရီ ၄ ရက်နေ့မှာတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။
ဒါ့အပြင် သစ်ဆိမ့်ရွာနဲ့ ကူကြီးရွာ အနောက်ဘက်က တောင်သူ လုပ်တဲ့ ယာတဲ ၁၀လုံးလောက်ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံက ဆိုပါတယ်။
စစ်ကောင်စီရဲ့ လူမဆန်၊ ရက်ရက်စက်စက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ အကြမ်းဖက်လုပ်ရပ်မတွေအပေါ် ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(တပ်ရင်း၁)က ကန့်ကွက်ရှူံ့ချကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၃ ရက်နေ့မှာပဲ မြင်းမူမြို့နယ်၊ နဘဲကြူးကျေးရွာ၊ မကျီးကန်ကျေးရွာနဲ့ မဓုရကျေးရွာများကိုဝင်ရောက်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ဟာ မဓုရကျေးရွာက အသက် ၂၀ နှစ်အရွယ် မောင်ဇော်မျိုးအောင်၊ ညောင်ပင်ဝန်းကျေးရွာက ညီအစ်ကိုသုံးဦးဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် မောင်ကျော်မင်းနိုင်၊ အသက် ၂၀ နှစ်အရွယ် မောင်တက်ပု၊ အသက် ၂၅ နှစ်အရွယ် မောင်ကျော်သူအောင်တို့ကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြတယ်လို့ စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့ မြင်းမူ၊ ဝက်လက်၊ စစ်ကိုင်းမြို့နယ်တွေက ကျေးရွာတွေမှာ ပြည်သူပေါင်းထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Dailynews

