ဥပေက္ခာပြုရသူများ

ဥပေက္ခာပြုရသူများ

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ အက်ဆေးဖြစ်ပါသည်

ကျော်ဇေယျာထွန်းရေးသည်

အန်တီဖြူအကြောင်းကို ဗိုလ်ချုပ်ဆိုတဲ့ နာမည်ကနေ စသိခဲ့ရတာပါ။ ကျွန်တေ့ာဇနီးက ‘ဗိုလ်ချုပ်’၊ ‘ဗိုလ်ချုပ်’ ဆိုပြီး စကားထဲ ထည့်ပြောနေသံကြားလို့ ‘ဘာဗိုလ်ချုပ်လဲ’ လို့ မေးကြည့်တဲ့အခါ သူနဲ့အမျိုးတစ်စတော်တဲ့ အဒေါ်တစ်ယောက်ဖြစ်ကြောင်း၊ အဲဒီအဒေါ်ဟာ စိတ်မကျန်းမမာဖြစ်ပြီး သူ့ကိုယ်သူ ဗိုလ်ချုပ်ဟုဆိုနေခြင်းကြောင့် သူ့ကိုဗိုလ်ချုပ်ဟု ခေါ်နေကြခြင်းဖြစ်ကြောင်းနဲ့ တကယ်တော့ သူ့နာမည်ကို အန်တီဖြူလို့ ခေါ်ကြကြောင်း ရှင်းပြပါတယ်။

သူ့မှာ အိမ်ထောင်ကျနေတဲ့ သမီးတစ်ယောက်နဲ့ ၁၃ နှစ် အရွယ်သားတစ်ယောက်ရှိပါတယ်။ သားသမီးတွေရဲ့ အဖေ၊ အန်တီဖြူရဲ့ ခင်ပွန်းကတော့ ဆုံးသွားပါပြီ။ ဒါကြောင့် အန်တီဖြူဟာ နောက်အိမ်ထောင်ထပ်ပြုပါတယ်။ ဒါပေမဲ့ အဲဒီအိမ်ထောင်နဲ့ကွဲပြီး သူဟာ ထမင်းဆိုင်တွေ၊ မုန့်ရောင်းတဲ့ဆိုင်တွေမှာ အလုပ်လုပ်ပါတယ်။ ပြီးတော့ သူဟာ သားသမီးတွေနဲ့လည်း သင့်သင့်မြတ်မြတ် မရှိတဲ့အကြောင်း ကျွန်တေ့ာဇနီးက ပြောပြပါတယ်။

ကျွန်တေ့ာဇနီးကိုယ်တိုင်လည်း အန်တီဖြူတို့မိသားစုနဲ့ အဆက်အသွယ်မရတာကြာပြီဖြစ်လို့ နောက်ပိုင်းအကြောင်းအရာတွေကို မသိတော့ပါဘူး။ အခု သူ့သတင်းကို ပြန်ရတဲ့အခါမှာ သူဟာ စိတ်မကျန်းမာသူတစ်ယောက်အဖြစ် ပြန်တွေ့ရတာပါပဲ။

ပထမတော့ အန်တီဖြူဟာ အမျိုးတွေအိမ် လှည့်ပတ်သွားရင်း သူစိတ်ထင်ရာတွေလျှောက်ပြောတတ်တယ်။ သူ့ကိုယ်သူ ဗိုလ်ချုပ်(ဗိုလ်ချုပ်အောင်ဆန်း)ဝင်စားတယ်လို့လည်းဆိုတယ်။ ဆွေမျိုးတွေက ချော့မော့ပြီး သူတို့အိမ်မှာ နေဖို့ပြောပေမယ့် အန်တီဖြူဟာ ဘယ်သူ့အိမ်မှာမှမနေဘူး။ ကျွန်တေ့ာဇနီးက ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံကို ပို့ဖို့ပြောပေမယ့် သူ့မိသားစုဝင်တွေက သိပ်စိတ်မဝင်စားကြဘူး။

နောက်ပိုင်းတော့ အန်တီဖြူဟာ အဝတ်အစားမပါဘဲ ကားလမ်းမတစ်လျှောက်မှာ ဟိုလူ့ကိုအော်၊ ဒီလူ့ကို ဆဲလုပ်နေလို့ ဆွေမျိုးတွေက ဖျောင်းဖျ၊ အိမ်ကိုခေါ်ပြီး ဆေးရုံပို့ကြဖို့ စီစဉ်ပါတော့တယ်။

ဒီလိုနဲ့သူဟာ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံကို ရောက်လာပါတယ်။ သူ့ကိုလာပို့တဲ့ မောင်တော်စပ်သူက အန်တီဖြူကို ဆေးရုံပို့ပြီးတာနဲ့ ညနေကားနဲ့ တစ်ခါတည်း ရွာပြန်သွားခဲ့ပါတယ်။ ဒါကြောင့်ကျွန်တော်နဲ့ ကျွန်တေ့ာဇနီးဟာ အန်တီဖြူ ဆေးရုံမှာလိုအပ်မယ့်ပစ္စည်းနဲ့ စားစရာလေးတွေ ဝယ်ခြမ်းပေးရင်း သူ့ကို သွားတွေ့ကြပါတယ်။

ကျွန်တေ့ာဇနီးနဲ့ သူနဲ့တွေ့တဲ့အခါ သူတို့ လွတ်လွတ်လပ်လပ် စကားပြောလို့ရအောင်ဆိုပြီး ကျွန်တော်က ၁၅ ပေလောက်အကွာက ထိုင်ပါတယ်။ သူ့ကို မတွေ့ရသေးခင်က နယ်ကတက်လာတဲ့ စိတ်မကျန်းမာတဲ့သူဆိုတော့ အသားအရေ မွဲမွဲခြောက်ခြောက်၊ ပိန်ကပ်ကပ်ပုံစံဖြစ်နေမလား၊ ပြီးတော့ ကိုယ်တွေကို ရန်များရှာလေမလားလို့ တွေးပူမိတယ်။ ဒါပေမဲ့ အန်တီဖြူဟာ အသားဖြူဖြူ၊ ခန္ဓာကိုယ် ခပ်ပြည့်ပြည့်ပါ။ အသက်က ၆၀ ဝန်းကျင်လောက်ရှိပါတယ်။ စိတ်မကျန်းမာဘူးဆိုပေမယ့် သူ့ကိုကြည့်ရတာဟာ လူကောင်းတစ်ယောက်လိုပါပဲ။

သူ့မျက်နှာမှာ ကြောက်ခြင်း၊ ရွံ့ခြင်း၊ အားတောင့်အားနာ ဖြစ်ခြင်းစတဲ့ အမူအရာတွေ မတွေ့ရပါဘူး။ ကျွန်တေ့ာကို တစ်ချက်လှည့်ကြည့်ပြုံးပြပြီး ကျွန်တေ့ာအမျိုးသမီးနဲ့ စကားပြောကြတယ်။ သူ့ကို ဆရာမတွေရဲ့စကား နားထောင်ဖို့၊ ဆေးမှန်မှန်သောက်ဖို့၊ ကျန်းမာအောင်နေဖို့ ကျွန်တေ့ာဇနီးကမှာတယ်။ ခဏနေတော့ ကျွန်တော်တို့ပြန်လာကြတယ်။

ကြားထဲမှာ ကျွန်တော်တို့ အန်တီဖြူဆီကို မရောက်ဖြစ်ကြပါဘူး။ ရွာမှာရှိတဲ့ သူ့မောင်နဲ့ ဖုန်းအဆက်အသွယ်ရတဲ့အခါ အန်တီဖြူဆီသွားကြည့်ဖို့ပြောပေမယ့် သူတို့လည်း ခရီးဝေးလို့ မလာနိုင်ကြောင်းနဲ့ ကျွန်တော်တို့ကိုသာ သွားကြည့်ပေးဖို့ အကူအညီတောင်းပါတယ်။ တစ်လကြာတဲ့နောက်မှာတော့ အန်တီဖြူ ကျန်းမာရေးကောင်းနေပြီဖြစ်လို့ လာခေါ်ဖို့ ဆေးရုံက ဖုန်းဆက်လာပါတယ်။

အဲဒါနဲ့ ကျွန်တော်တို့လင်မယားနှစ်ယောက် ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံကိုသွားပြီး အန်တီဖြူနဲ့ သွားတွေ့ပါ တယ်။ သူဟာပိန်သွားတယ်။ တွေ့တုန်းကလို အသားအရေ စိုစိုပြည်ပြည်မဟုတ်တော့ဘဲ လက်တွေ၊ ခြေထောက်တွေမှာ ခြင်ကိုက်ထားတဲ့ အဖုတွေလို ယားနာအဖုတွေ ပေါက်နေတယ်။သူ့မျက်နှာမှာ အားငယ်တဲ့ အငွေ့အသက်တွေ လွှမ်းနေတယ်။ကျွန်တေ့ာဇနီးနဲ့ စကားပြောတဲ့အခါ သူဒီမှာနေရတာ အဆင်မပြေကြောင်း၊ အိမ်ပြန်ချင်ပြီဖြစ်ကြောင်း၊ သူ့ကျန်းမာရေးလည်း ပြန်ကောင်းသွားပြီဖြစ်ကြောင်း၊ နောင်လည်း ကျန်းမာအောင်နေမည်ဖြစ်ကြောင်း၊ ဒီနေရာကို ဘယ်တော့မှ မလာချင်တော့ကြောင်း နှစ်ကိုယ်ကြားရုံအသံနဲ့ ကျွန်တေ့ာဇနီးကို ပြောပြပါတယ်။

ပြီးတော့ ဆရာဝန်၊ ဆရာမတွေနဲ့တွေ့၊ အိမ်ပြန်ရောက်တဲ့အခါ ဆက်သောက်ရမယ့်ဆေးတွေယူပြီး ကျွန်တော်တို့ ပြန်လာခဲ့ကြပါတယ်။ ကျန်းမာအောင်နေမည်ဖြစ်ကြောင်း၊ ပေးလိုက်တဲ့ဆေးတွေလည်း ပုံမှန်သောက်မည့်အကြောင်းနဲ့ ဒီဆေးရုံကိုတော့ ပြန်မလာချင်ကြောင်းကို လမ်းတစ်လျှောက်လုံးပြောပြတယ်။ဆေးရုံအဆောင်ထဲမှာ ခြင်တွေတအားကိုက်ကြောင်း၊ အထဲတွင် ညစ်ညစ်ပတ်ပတ် နေထိုင်ကြကြောင်း၊ အစားအသောက် အဆင်မပြေကြောင်းလည်း ပြောပြပါတယ်။

သူဟာ ဆေးရုံတက်လိုက်ရလို့ ကျန်းမာတယ်၊ မကျန်းမာတယ် သေချာမသိရပေမယ့် ထိတ်လန့်သွားတယ်ဆိုတာကတော့ သူ့မျက်နှာမှာ အတိုင်းသားပေါ်နေပါတယ်။ အရင်လို ရဲရဲရင့်ရင့် မျက်နှာထားမျိုး မဟုတ်တော့ပါဘူး။

ကျွန်တော်ဟာ အန်တီဖြူနဲ့ သေချာစကားမပြောရသေးတာကြောင့် အိမ်ရောက်တဲ့အခါ သူ့အကြောင်းလေးတွေ မေးကြည့်မိတယ်။ ပြီးတော့ နယ်ပြန်ရောက်တဲ့အခါ ပုံမှန်ဆေးသောက်ဖို့၊ တစ်ယောက်တည်း လျှောက်မသွားဖို့၊ ကိုယ့်မိသားစုနဲ့ အတူနေဖို့ပြောရင်း “စိတ်ထဲမှာ ရှင်းရှင်းလင်းလင်းဖြစ်ရဲ့လား၊ အရင်လို ရှုပ်ထွေးနေတာမျိုး ခံစားရသေးလား”လို့ မေးလိုက်တယ်။

သူက “အခုကတော့ ကောင်းသွားပါပြီ၊ နယ်ပြန်ရောက်ရင်တော့ အလုပ်တစ်ခုရှာရမယ်။ အရင်လိုတော့ မနေတော့ဘူး။ ကိုယ့်စကားလည်း လူတွေကလက်မခံတဲ့ အတိုင်းအတာတွေရှိတယ်” လို့ ပြန်ဖြေပါတယ်။သူ့ရဲ့စိတ်အခြေအနေကို သိလိုတာကြောင့် ကျွန်တော်က “တချို့ဟာတွေလည်း လျှောက်ပြောမနေပါနဲ့၊ ကိုယ်က ကိုယ့်စိတ်ထဲရှိတာပြောပေမယ့် တချို့က ကိုယ့်ကိုနားလည်ချင်မှ နားလည်ပေးတာ၊ ဒါက နေရာတိုင်းမှာ ရှိပါတယ်။ အခုရော ဘာတွေခံစားနေရလို့လဲ”လို့ မေးကြည့်လိုက်ပါတယ်။

သူဟာ မေးတာကို တည့်တည့်မဖြေသေးဘဲ လူတွေကို မယုံရတဲ့အကြောင်းကိုသာ အပြစ်ဆိုပါတယ်။ ပြီးတော့ ကျွန်တော်တို့နေတဲ့ အိမ်ခေါင်မိုး မျက်နှာကြက်ကို မော့ကြည့်ပြီး မျက်လုံးတွေက တောင်ကြည့်မြောက်ကြည့် လုပ်ပြီးတာနဲ့ “ကျောက်စိမ်းနဂါးရုပ်က ရှိနေသေးတယ်။ တောထဲမှာ။ ရှာတဲ့သူတွေ မတွေ့သေးဘူး” လို့ ရုတ်တရက်ဆိုပါတယ်။ ကျောက်စိမ်းတုံးကြီးမှာ အစောင့်တွေရှိတဲ့အကြောင်း၊ ကျောက်စိမ်းကြီးဟာ တောင်ကြီးလိုဖြစ်နေပြီး တစ်ခြမ်းမှာ အစိမ်းရောင်တောက်နေကြောင်း၊ အဲဒါကြီးကို သွားယူဖို့ အခက်အခဲဖြစ်နေကြောင်း ဆက်ရှင်းပြတယ်။

ကျွန်တော်က အဲဒီကျောက်စိမ်းတုံးကြီးက ဘယ်နေရာမှာ လဲလို့ဆက်မေးတဲ့အခါ ကျိန္တလီမြို့အနားက ကျေးရွာကနေ တောထဲကိုဝင်သွားရင် အဲဒီနေရာကိုရောက်ကြောင်းနဲ့ ကျောက်စိမ်းတုံးကြီးက ကြီးလွန်းတာကြောင့် ကရိန်းကားနဲ့ သယ်ရင်တောင် မရနိုင်ကြောင်း ပြောပြပါတယ်။ သူဟာ ကျောက်စိမ်းတုံးကြီးနဲ့ ပဋ္ဌာန်းဆက်ပါလို့သာ အခုလို သိနေခြင်းဖြစ်ကြောင်းပါ ဆက်ပြောပြပါတယ်။

ကျွန်တော်က သူပြောတာတွေ နားထောင်ပြီးတော့ ဒီအကြောင်းတွေကို တခြားသူတွေကို လိုက်မပြောဖို့နဲ့ သူများတွေက ယုံကြမှာ မဟုတ်တဲ့အကြောင်း ပြောတဲ့အခါ သူဟာ တခြားသူတွေကို ပြောမှာမဟုတ်တဲ့အကြောင်း၊ ကိုယ့်ကိုနားလည်နိုင်တဲ့သူ၊ ယုံရတဲ့သူမို့ပြောပြတာဖြစ်ကြောင်း ချက်ချင်းပဲ ဖြေရှင်းချက်တွေပေးပြီး ဘာမှဆက်မပြောတော့ပါဘူး။

mk-69-essay

အန်တီဖြူရဲ့ စိတ်ကျန်းမာရေးဟာ အကင်းပျောက်သွားတာမျိုး မဟုတ်ဘဲ ဆေးရုံတက်ရမှာကြောက်လို့ နေကောင်းချင်ယောင်ဆောင်နေတာမျိုး ဖြစ်နေမလားလို့ ကျွန်တော်တွေးမိတယ်။ သူဟာ ကျွန်တော်တို့အိမ်မှာ သုံးရက်လောက်နေပြီး နယ်ပြန်သွားခဲ့ပါတယ်။ ကျွန်တော်တို့အိမ်မှာ နေလိုက နေလို့ရတဲ့ အကြောင်းပြောပြပေမယ့် နယ်ပြန်ပြီး သေချာစဉ်းစားပြီးမှ ပြန်လာခဲ့မယ်လို့ဆိုပါတယ်။

အန်တီဖြူ သူ့မောင်အိမ်ကို ပြန်ရောက်လာတယ်ဆိုတဲ့ သတင်းရပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့လည်း သူ့ကို မေ့မေ့ပျောက်ပျောက်ပဲ ဖြစ်သွားတယ်။ နောက်သုံးလအကြာမှာတော့ အန်တီဖြူ နေမကောင်းဖြစ်လို့ ဆေးရုံတက်ရတယ်လို့ သတင်းရတယ်။ နောက်ထပ် ကြားရတဲ့သတင်းကတော့ သူ့မှာ HIV ပိုး ရှိနေတယ်ဆိုတာပါပဲ။

သူ့ရဲ့စိတ်ကျန်းမာရေးဟာ အများကြီးသက်သာသွားပြီ ဖြစ်ပေမယ့် အဲဒီရောဂါ (HIV ပိုးကူးစက်ခံရတာကို သူတို့က AIDS ရောဂါလို့ ခေါ်ကြတယ်။ စကားပြောတဲ့အခါ အဲဒီနာမည် အနားရောက်ရင် အသံက တိုးသွားတတ်ကြတယ်။ ပြီးတော့ အဲဒီရောဂါကြီး၊ အဲဒါကြီးလို့ သုံးနှုန်းတတ်ကြတယ်)ဖြစ်နေလို့ အခက်တွေ့နေရတဲ့အကြောင်း အမျိုးတွေက ပြောပြပါတယ်။

ကျွန်တေ့ာဇနီးက အဲဒီရောဂါအကြောင်းရှင်းပြပြီး ဘာမှစိတ်မပူဖို့နဲ့ ဆေးပုံမှန်သောက်ရင် လူကောင်းပကတိလို နေနိုင်ကြောင်း ရှင်းပြတယ်။

ဒါပေမဲ့ အန်တီဖြူရဲ့ သမီးဟာ သူ့အမေမှာ HIV ပိုးရှိနေတယ်လို့ သိလိုက်ရတဲ့အချိန်ကတည်းကပဲ ဆေးရုံကို မလာတော့ပါဘူး။ တခြားအမျိုးတွေကလည်း အနားမကပ်ချင်တော့တာကြောင့် ဆေးရုံမှာ သူတစ်ယောက်တည်း ဖြစ်နေတယ်လို့ သတင်းထပ်ရပါတယ်။

အဲဒီအချိန်တုန်းက ကျွန်တော်တို့ဟာ ရန်ကုန်မှာပါ။ အန်တီဖြူရဲ့ အကြောင်းကိုသိချင်ရင် ကျွန်တေ့ာဇနီးရဲ့ အဒေါ်ဖြစ်သူဆီကို ဖုန်းဆက်မေးရပါတယ်။ ကိစ္စရှိလို့ သူဖုန်းဆက်တဲ့အခါမှာလည်း အန်တီဖြူရဲ့အကြောင်းတွေ ပြောပြပါတယ်။ ကျွန်တော်တို့ဆီက အန်တီဖြူပြန်သွားတဲ့နောက်ပိုင်း ဘယ်လိုနေထိုင် စားသောက်သလဲလို့ မေးကြည့်မိတယ်။

အန်တီဖြူဟာ ကျွန်တေ့ာတို့ဆီက ပြန်သွားပြီးတဲ့နောက် သူ့မောင်အိမ်မှာ နေတယ်လို့ဆိုပါတယ်။ သူ့မောင်ဟာ တောင်ယာလုပ်ကိုင်သူတစ်ဦးပါ။ စီးပွားရေးပြေလည်သူ မဟုတ်ပါဘူး။ အန်တီဖြူကို ဈေးဆိုင်မှာလုပ်ဖို့ ကျွန်တေ့ာဇနီးရဲ့ အဒေါ်က ခေါ်တဲ့အခါ မလုပ်ချင်ဘူးလို့ဆိုပါတယ်။

ဒါကြောင့်အဲဒီအဒေါ်က သူ့ကိုတရားစခန်းဝင်ဖို့ အကြံပြုပြီး တရားစခန်းဖွင့်တဲ့ ဘုန်းကြီးကျောင်းဆီ ပို့လိုက်ပါတယ်။ အန်တီဖြူဟာ တရားစခန်းဝင်နေတဲ့အချိန်မှာပဲ အဖျားဝင်တယ် လို့ဆိုပါတယ်။ အသည်းအသန်ဖျားလာလို့ သံတွဲဆေးရုံကို တင်လိုက်ကြပါတယ်။ သွေးစစ်ကြည့်တဲ့အခါ အခုလို HIV ပိုး တွေ့ခဲ့ရတာပါ။

HIV ရှိတယ်လို့သိတဲ့အခါ လူနာစောင့်ပေးနေတဲ့ အန်တီဖြူရဲ့ သမီးဟာ ဆေးရုံကိုမလာတော့ပါဘူး။ အဲဒီထက် အရေးကြီးတာက အန်တီဖြူနေကောင်းလို့ ဆေးရုံပြန်ဆင်းတဲ့အခါ သူ့ကိုလက်ခံမယ့်အိမ်ပါ။ သူ့မောင်အိမ်မှာ ပြန်နေဖို့ကိုလုပ်တဲ့အခါ မောင်ဖြစ်သူရဲ့ မိန်းမက အဲဒီရောဂါဖြစ်နေလို့ လက်မခံနိုင်ဘူးလို့ အကြောက်အကန်ငြင်းပါတယ်။

အဲဒီတော့ အိမ်မှာလက်မခံနိုင်ရင်တောင် တောင်ယာလုပ်တဲ့ နေရာမှာ တဲအိမ်လေးဆောက်ပြီးထားဖို့ ညှိနှိုင်းကြပါတယ်။ ဒီလိုနဲ့ အန်တီဖြူဟာ သူ့မောင်တောင်ယာလုပ်တဲ့ တောထဲမှာ တဲအိမ်လေးဆောက်ပြီး နေရပါတော့တယ်။ သူနေတဲ့ တောင်ယာစိုက်ခင်းနဲ့ ကျေးရွာဟာ တစ်မိုင်ကျော်လောက်ဝေးပါတယ်။

HIV ပိုးအတွက် သောက်ရတဲ့ ARV ဆေးကိုတော့ ကျွန်တေ့ာဇနီးရဲ့အဒေါ်က လိုက်ကူပေးတဲ့အတွက် ဆေးသောက်ရပါတယ်။ ဆေးပုံမှန်သောက်နိုင်ဖို့ အဲဒီအဒေါ်ကပဲ အန်တီဖြူကို နာရီတစ်လုံးဝယ်ပေးလိုက်တယ်။ ဆေးကုန်တဲ့အခါ အန်တီဖြူဟာ သံတွဲမြို့ကို သူ့ဘာသာသွားပြီး ဆေးထုတ်ရပါတယ်။ သူနေတဲ့ နေရာနဲ့ သံတွဲမြို့ဟာ ၁၄ မိုင်လောက်ဝေးပါတယ်။

အန်တီဖြူဟာ ARV ဆေးကို အချိန်မှန်မှန် မသောက်ဖြစ်ပါဘူး။ တောင်ယာထဲကိုရောက်ပြီး နှစ်လလောက်မှာ အန်တီဖြူ ပြန်ဖျားပါတယ်။ သူ့ဆေးကို သွားမယူနိုင်တော့သလို ဆေးယူပေးမယ့်သူလည်း မရှိပါဘူး။ သူ့မောင်ကတော့ သူ့ကိုပုံမှန်ထမင်းချိုင့်ပို့ပေးတယ်လို့ သိရပါတယ်။ သူ့မောင်ကလည်း တောင်ယာထဲက တဲအိမ်လေးတစ်လုံးမှာ နေပါတယ်။

ကျွန်တော်တို့လင်မယား သံတွဲမြို့ကို ပြောင်းလာတဲ့အခါ အန်တီဖြူဟာ အိပ်ရာထဲလဲနေပြီလို့ သတင်းရပါတယ်။ သူ့ရဲ့ အခြေအနေဟာ ပြန်ပြီးကျန်းမာလာဖို့ လမ်းမမြင်သလို ပြန်ပြီးကျန်းမာလာရင်တောင် အရင်လိုလျှောက်သွားနေရင် ဘယ်သူက တာဝန်ယူကြည့်ရှုပေးမလဲလို့ မိသားစုဝင်တွေက မေးခွန်းထုတ်ပါတယ်။

အဲဒီတော့ အန်တီဖြူဟာ သေဖို့တစ်လမ်းသာရှိတော့တဲ့သူ၊ သေဖို့စောင့်နေတဲ့သူပေါ့လို့ ကျွန်တော်တွေးမိတယ်။ ကိုယ်ကိုယ်တိုင်ရော သွားမကူညီနိုင်ဘူးလားလို့ တွေးကြည့်တဲ့အခါ ကိုယ့်မိသားစု၊ ကိုယ့်အလုပ်နဲ့ ကိုယ်ဝမ်းကိုယ်ကျောင်းနေရတဲ့အခါ သူရှိတဲ့ တောထဲသွားပြီး ကူညီစောင့်ရှောက်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ပဲ တွေးမိတယ်။ အဲဒီတော့ ကျွန်တော်တို့မှာ စိတ်မကောင်းဖြစ်နေရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး။

ကျွန်တော်တို့လည်း ကိုယ့်အလုပ်ကိုယ်လုပ်နေတဲ့အခါ သူ့ကိုမေ့နေတတ်တယ်။ သတိရတဲ့အခါလည်း သူ့သတင်းကို မေးကြည့်မိတယ်။ အန်တီဖြူထမင်းစားတဲ့အချိန်ဆိုရင် သူ့မောင်က ထမင်းပန်းကန်နဲ့ရေခွက်ကို သူ့အနားသွားချပေးထားတယ်။ သူဟာ အိပ်ရာထဲလှဲနေရင်းစားရ၊ သောက်ရတယ်လို့ဆိုတယ်။

အဲဒီတော့ သူ့ရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အဝတ်အစားလဲတာ၊ အလေးအပေါ့သွားတာတွေကိုရော ဘယ်သူက လုပ်ပေးသလဲလို့ မေးမိတယ်။ လုပ်ပေးမယ့်သူ မရှိဘူးပါဘူး။ အပေါ့၊ အလေးသွားတဲ့အခါ အဆင်ပြေအောင် သူ့အောက်က ကြမ်းပြင်ကို အပေါက်ဖောက်ပေးထားတယ်လို့ ဆိုပါတယ်။

မိုးသည်းတဲ့ညတွေ အိပ်ရာထဲမှာ နွေးနွေးထွေးထွေးအိပ်နေရတဲ့အချိန်ဆိုရင် အန်တီဖြူကိုသတိရမိတယ်။ သူဘယ်လိုများနေမလဲလို့ ကျွန်တော်တို့ လင်မယားနှစ်ယောက် ပြောဖြစ်ကြတယ်။ ရွာသာကြီးဆေးရုံမှာ မနေချင်လို့ ကြောက်နေတဲ့ သူ့မျက်နှာကို မြင်ယောင်မိတယ်။

နောက်တစ်ရက်မှာ ကျွန်တေ့ာဇနီးရဲ့ ဦးလေးတစ်ယောက် အိမ်ရောက်လာတယ်။ အန်တီဖြူအခြေအနေမကောင်းတော့တဲ့အကြောင်း၊ သူ့ကိုထည့်ဖို့ ပလတ်စတစ်အစ လာဝယ်တာဖြစ်ကြောင်း ပြောပြပါတယ်။ ပြီးတော့ ပလတ်စတစ်အစကို လူထည့်လို့ရအောင် အိတ်အဖြစ်ချုပ်ပေးဖို့ ကျွန်တေ့ာ ယောက္ခမကို ခိုင်းပါတယ်။ အန်တီဖြူကို ထည့်မယ့်ပလတ်စတစ်အိတ်ကိုကြည့်ပြီး ဘဝတစ်ခု ပလတ်စတစ်အိတ်ထဲမှာ နိဂုံးချုပ်ရတော့မယ့်အဖြစ်ကို ကျွန်တော်တွေးနေမိတယ်။

အားလုံးရဲ့ရင်ထဲမှာ သူကိုမြန်မြန်သေပြီး မြန်မြန်သင်္ဂြိုဟ်လိုက်ဖို့ပဲ စိတ်စောနေကြတယ်။ သူသေသွားမှာကို ဘယ်သူမှ ဝမ်းနည်းကြေကွဲမနေဘူး။သူအသက်ရှင်နေသေးတာကိုပဲ အားလုံးက ဒုက္ခလိုခံစားနေရတယ်။

နောက်နှစ်ရက်လောက်ကြာတော့ ဇနီးရဲ့ ဦးလေး ထပ်ရောက်လာတယ်။ အန်တီဖြူအသက်ငင်နေပြီဖြစ်ကြောင်း၊ သူ့ကို ဘယ်မှမသယ်တော့ဘဲ သူနေတဲ့တဲအိမ်နဲ့အတူ မီးသင်္ဂြိုဟ်တော့မယ့်အကြောင်းနဲ့ ကျွန်တော်တို့အိမ်မှာရှိတဲ့ ကားတာယာတွေကို လာသယ်တာဖြစ်ကြောင်း ပြောပြပါတယ်။

ပြီးတော့ အန်တီဖြူရဲ့လက်ကအနာတွေမှာ လောက်ကောင်တွေ ထိုးနေပြီး အသားတွေရိကျနေတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အသက်ကရှူနေပါသေးတယ်။ အသက်ရှူ၊ မရှူဆိုတာကို သူ့အနားကပ်ကြည့်တာမျိုးမဟုတ်ဘဲ ခပ်လှမ်းလှမ်းကနေ တုတ်နဲ့ထိုးပြီး နာမည်ခေါ်ကြည့်ကြတာလို့ ပြောပြပါတယ်။ ဒါကြောင့် အသက်မသေသေးဘဲ မီးသင်္ဂြိုဟ်မိတာမျိုးမဖြစ်ဖို့ကို ကျွန်တော်သတိပေးမိပါသေးတယ်။ အဲဒီညနေမှာပဲ အန်တီဖြူဆုံးသွားတာကြောင့် မူလအစီအစဉ်အတိုင်း မီးသင်္ဂြိုဟ်လိုက်ကြပါတော့တယ်။

အန်တီဖြူကို ရွာသာကြီးဆေးရုံမှာ စတွေ့တဲ့အချိန်ကနေ သူသေဆုံးတဲ့အချိန်အထိဟာ ရှစ်လ၊ ကိုးလလောက်ပဲ ကြာပါတယ်။ တကယ်၍ သူသာ ဆေးရုံကဆင်းပြီး အလုပ်တစ်ခုကိုဝင်လုပ်နေမယ်ဆိုရင်၊ HIV ပိုးရှိတယ်ဆိုဦးတော့ ARV ဆေးကို ပုံမှန်သောက်ခဲ့မယ်ဆိုရင် အခုလောက်ထိ မြန်မြန်သေမှာ မဟုတ်သလို အခုလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့ရမှာလည်း မဟုတ်ဘူးလို့ တွေးမိတယ်။

ကျွန်တော်တို့ ဘာမှဝင်မကူညီနိုင်လိုက်တဲ့အတွက် အပြစ်တစ်ခုလို ခံစားလိုက်ရတယ်။ ဇနီးရဲ့အဒေါ်ဖြစ်သူကလည်း ဒီအတိုင်းပဲ ခံစားရတယ်လို့ဆိုတယ်။ ဒါပေမဲ့ တစ်ဖက်မှာ သူ့ကိုကူညီတယ်ထားဦးတော့ အသက် ၆၀ အနားကပ်နေပြီဖြစ်တဲ့ သူကိုယ်တိုင်ကရော ကိုယ်ပြောတဲ့စကားကို နားထောင်ပြီး ကိုယ်ခိုင်းတာကို လုပ်ပါ့မလား၊ နေရာတစ်ခုမှာ ခြေငြိမ်ငြိမ်နဲ့ နေပါ့မလား၊ ARV ဆေးကို သူကိုယ်တိုင်ကရော အချိန်မှန်မှန်သောက် နိုင်ပါ့မလားစသဖြင့် တွေးမိရင် သူ့လမ်းသူရွေးခဲ့တာပဲလို့သာ ဖြေသိမ့်ကြရတယ်။

ဘာကြောင့်လဲဆိုတော့ သူကျန်းမာရေးကောင်းနေတုန်းက ကျွန်တော်တို့ရော၊ ကျွန်တေ့ာဇနီးရဲ့အဒေါ်ကရော အိမ်မှာနေဖို့၊ ဈေးဆိုင်မှာလုပ်ဖို့ ပြောခဲ့ကြပေမယ့် သူကလက်မခံခဲ့ဘူး။ ဒါကြောင့် အန်တီဖြူဟာ သူစိုက်ပျိုးခဲ့တာတွေကို သူပြန်ရိတ်သိမ်းရတဲ့သဘောလို့ပဲ ကျွန်တော်တွေးမိတယ်။

ကျွန်တေ့ာမိတ်ဆွေတစ်ယောက်ရဲ့အစ်ကိုဟာ အရက်အလွန်အကျွံသောက်ပြီး စိတ်ဖောက်သွားခဲ့တယ်။ ပြီးတော့ ကျန်းမာရေးမကောင်းဖြစ်ပြီး အိပ်ရာထဲလဲသွားခဲ့တယ်။ အဲဒီအခါ ကျွန်တေ့ာရဲ့မိတ်ဆွေက ပိုက်ဆံတွေရှာဖွေပြီး သူ့အစ်ကို ရောဂါပျောက်အောင် ကုသပေးခဲ့တယ်။ ထူထူထောင်ထောင် ပြန်ဖြစ်လာပြီး လမ်းလျှောက်လာနိုင်တဲ့အခါ သူ့အစ်ကိုဟာ အရက်ပြန်သောက်ပါတယ်။ အရက်မသောက်ဖို့ကို ဘယ်လိုပြောပြော နားမထောင်ပါဘူး။

အခုတစ်ခါ အိပ်ရာထဲ ပြန်လဲနေပြီလို့ ဆိုပါတယ်။ အဲဒီတော့ ကျွန်တေ့ာရဲ့ မိတ်ဆွေက သူ့အစ်ကိုကို ဘယ်လိုလုပ်ရမလဲဆိုပြီး ရင်လာဖွင့်ပါတယ်။ ကျွန်တော်ဘာမှတ်ချက်မှ မပေးလိုက်ပါဘူး။

အန်တီဖြူနဲ့ ကျွန်တေ့ာမိတ်ဆွေရဲ့အစ်ကိုဟာ လူအမျိုးအစား အတူတူပဲလို့ တွေးမိတယ်။ အဲဒီလို လူအမျိုးအစားတွေဟာ လောကမှာရှိကြမှာပဲ။ သူတို့ကို အခုလိုကြုံလာတဲ့အခါ ဘယ်လိုလုပ်ပေးရပါ့မလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိတယ်။ တချို့လူတွေဟာ ဥပေက္ခာပြုရမယ့်သူတွေဖြစ်ပြီး သူတို့ဟာ တစ်ချိန်မှာ သူတို့စိုက်ပျိုးခဲ့တာတွေကို သူတို့ရိတ်သိမ်းကြရမှာပဲဆိုတဲ့ အဖြေပဲထွက်လာမိတော့တယ်။

(* အန်တီဖြူနာမည်ကို အမည်လွှဲဖော်ပြထားပါတယ်။ )


#mawkun #magazine #chronicle #essay #no69


 

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."