မြင့်မြတ်သောနေရာနှင့် အယူအဆပြဿနာ

နိုဝင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၉)မှ အက်ဆေး ဖြစ်ပါသည်။

မြတ်စုမွန် ရေးသည်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးအများစုသည် ဘုရား ကျောင်းကန်သို့သွားလျှင် ကုသိုလ်ရသည်ဟု ယုံကြည်ကြသည်။

            ပြီးခဲ့သည့် ဝါခေါင်လပြည့်နေ့က ကျွန်မ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသည့် မွန်ပြည်နယ်၊ ကျိုက္ခမီရေလယ်ဘုရားသို့ ရောက်ခဲ့သည်။ ကုသိုလ်ကား မရခဲ့။ ရင်ထဲတွင် မကျေနပ်သည့် ဒေါသဆူးတစ်ချောင်းသာ ပေါက်၍ ပြန်ခဲ့သည်။

            ကျိုက္ခမီရေလယ်ဘုရားသည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ နယ်၊ ကျိုက္ခမီမြို့၊ ရေလယ်ကျောင်းတိုက်တွင် တည်ရှိသည့် သမိုင်းဝင် ဘုရားတစ်ဆူ ဖြစ်သည်။

            အဆိုပါ ဘုရား၏သမိုင်းကို ရေးသားဖော်ပြထားသည့် စာပေများအရ သက္ကရာဇ် ၂၃၇ ခုနှစ်တွင် သီဟိုဠ်ကျွန်းရှိ ပိယ တိဿမင်းကြီးသည် မြတ်ဘုရား၏ ဆံတော်မြတ်နှင့် သရီရ ဓာတ် တော်တို့ ကိန်းအောင်းနေသည့် အရပ်ဒေသသို့ အဓိဋ္ဌာန်ပြီး ပင် လယ်ပြင်သို့ မျှောချလိုက်သော ဗုဒ္ဓရုပ်ပွားတော်လေးဆူအနက်တစ်ဆူကို  ဌာပနာတိုက်အတွင်း ထည့်သွင်းပူဇော်ကာ ကိုယ်ပွား ဆင်းတုတော်ကို ထုဆစ်ပူဇော်ထားခြင်းဖြစ်ကြောင်း သိရသည်။

သီဟိုဠ်ကျွန်းမှ ပင်လယ်သို့မျှောလိုက်သော ဗုဒ္ဓရုပ်ပွားတော် လေးဆူအနက် သင်္ကန်းသားသစ်တုံးပေါ် တင်မျှောလိုက်သော ရုပ်ပွားတော်တစ်ဆူသည် ယခု ကျိုက္ခမီ ရေလယ်ကျောင်းတိုက် နှင့် အလံ ၅ဝ ခန့်တွင် ရပ်တန့်နေခဲ့ရာ မြို့သူမြို့သားများက လှေ ဖြင့်ကူး၍ ကုန်းပေါ်သို့ ကြွရောက်နိုင်ရန် ဝိုင်းဝန်း ဆွဲတင်ခဲ့ကြသည်။

            သို့သော် သင်္ကန်းတုံးမှာ ထိုနေရာမှ မရွေ့ဘဲ မူလအတိုင်း တည်နေလေရာ အကျင့်သီလနှင့် ပြည့်စုံသော အမျိုးသမီး(မုဆိုး မ) တစ်ဦးက ချည်ခင်မှ ချည်ပင်တစ်ပင်ဖြင့် သင်္ကန်းတုံးကို ရစ် ပတ်ကာ ‘သူမသည် ငါးပါးသီလကို ကျူးလွန်ပျက်ကွက်ခြင်းမရှိဘဲ စောင့်ထိန်းခဲ့သည်မှာ ကလေးဘဝမှ စတင်ကာ ယခုအချိန်အထိ ဖြစ်ကြောင်း၊ ထိုမှန်သောသစ္စာစကားကြောင့် ဗုဒ္ဓရုပ်ပွားတော် သည် ကြွလာပါစေ’ဟု အဓိဋ္ဌာန်ကာ ချည်ပင်ကို ဆွဲယူရာ ထိုရုပ် ပွားတော်သည် ယခုဝတ်ကျောင်းတော်တည်ဆောက်ထား သည့်  ကျောင်းဆောင်ပေါ်သို့ ကြွရောက်စံမြန်းနေကြောင်း ဘုရား သမိုင်းတွင် ဖော်ပြထားသည်။

            ထိုရှေးဟောင်းသမိုင်းဝင် ကျိုက္ခမီရေလယ်ဘုရားကို နာ မည်သာကြားဖူး၊ ဓာတ်ပုံသာ မြင်ဖူးနေခဲ့ရာမှ ယခု ကိုယ်တိုင် ရောက်ရှိသွားချိန်တွင် ကြားဖူး၊ မြင်ဖူးသည်ထက် ပို၍သာယာ သည်ကိုတွေ့ရသည်။ ဝါခေါင်လပြည့်နေ့ဖြစ်ရာ ရပ်နီးရပ်ဝေးမှ ဘုရားဖူးဧည့်သည်များနှင့် စည်ကားနေသည်။ ယခင်ရက်များက မိုးအဆက်မပြတ် ရွာသွန်းခဲ့သော်လည်း ယခုဝါခေါင်လပြည့်နေ့ ကား ကျိုက္ခမီရေလယ်ဘုရားတွင် သာသာယာယာ ရှိလှသည်။ သို့သော် ရေထရက် (ဒီရေတက်သောရက်) ဖြစ်ရာ မြစ်ရေလှိုင်းတို့ သည် ရေထဲတွင် တည်ဆောက်ထားသည့် ဇရပ်များ၊ ကျောင်း ဆောင်များ၊ လူသွားစြင်္ကံတို့ကို တဝုန်းဝုန်းရိုက်ခတ်နေသည်။

            ရေလယ်တွင် တည်ရှိသည့် ဝတ်ပြုကျောင်းဆောင်သို့ သွားသည့် စြင်္ကံလမ်းတလျှောက်လုံး ရေတို့ရွဲရွဲစိုနေရာ ချော်လဲ မကျစေရန် သတိပြု၍ သွားရသည်။ ဝတ်ပြုကျောင်းဆောင်အနီး သို့ အရောက်တွင် လှေကားထစ်များ ရေမြုပ်နေသဖြင့် ဘေး ဘက်သစ်သားကျောင်းဆောင်ပေါ်မှ တက်၍ သွားရသည်။ နေရာ အနှံ့ ရေများရွှဲစိုနေလေရာ လဲမကျအောင် သတိထားသွားနေရ သဖြင့် ဘေးဘီဝဲယာကိုမကြည့်မိသော ကျွန်မသည် အတူသွား သည့် အဖော်များနှင့် လူချင်းကွဲသွားလေသည်။

            တစ်နေရာ အရောက်တွင် ခြေသလုံးခန့် ရေမြုပ်နေသည့် ရင်ပြင်ကျယ်ကြီးတစ်ခုကိုတွေ့ရသည်။ အမျိုးသမီး ကြီးငယ်တို့ သည် ထိုရင်ပြင်ပေါ်တွင် တစ်ဦးနှင့် တစ်ဦး လက်တင်းတင်း ဆွဲ ကာ စမ်းတဝါးဝါး လျှောက်သွားနေကြသည်။ ကျွန်မသည် မိမိ မရောက်ဖူး၊ မကျွမ်းကျင်သည့် နေရာဖြစ်ရာ ထိုရေပြင်ကို ဖြတ် ကူးရန် မဝံ့ရဲသဖြင့် အနီးရှိ ဘုရားစောင်းတန်းပေါ်သို့ တက်သွား လိုက်သည်။ ပုတီးစိပ်၊ ဘုရားဝတ်ပြုနေသည့် အမျိုးသားများကို တွေ့ရသည်။ လူချင်းကွဲသွားသည့် အဖော်များကို ရှာဖွေကြည့်မိ လေသည်။

            ထိုစဉ် မွန်အမျိုးသား ဝတ်စုံဝတ်ဆင်ထားသည့် လူငယ် တစ်ဦးနှင့် ယူနီဖောင်းအပြည့်ဝတ်ထားသည့် ရဲတစ်ဦးတို့ ကျွန်မ အနီးသို့ အပြေးအလွှားရောက်လာကာ ကျွန်မအား စောင်းတန်း ပေါ်မှ ချက်ချင်းဆင်းရန် ခွေးမောင်းသလို မောင်းချလေတော့သည်။

            ကျွန်မသည် ရုတ်တရက်မို့ ထိုသူတို့၏ အပြုအမူကြောင့် ကြောင်အမ်းအမ်းဖြစ်သွားသည်။ ဘာမှ ပြန်လည်မတုံ့ပြန်နိုင် လောက်အောင် ကြက်သေသေနေမိလေသည်။ သူတို့က ”ဒီ အပေါ်ကို မိန်းမ မတက်ရဘူး။ ဆင်း၊ ဆင်း” ဟု ထပ်ပြောပြန်သည်။ ထိုတစ်ခဏတွင် မိမိအား မချေမငံ ဆက်ဆံခံလိုက်ရခြင်းကြောင့် ရှက်ခြင်း၊ ဒေါသထွက်ခြင်းနှင့် ဖော်မပြနိုင်သော စိတ်ခံစားမှုတို့ ဝင်ရောက်လာသည်။ ထိုစောင်းတန်းပေါ်မှ ဆင်းလာခဲ့ရာ အောက် ဘက်သို့ မည်သို့မည်ပုံ ပြန်ရောက်သွားသည်ကိုပင် ကောင်းစွာ မမှတ်မိ။

            စောင်းတန်းခြေရင်းသို့ရောက်လျှင် ဘုရားပန်းရောင်းချ နေသည့် အမျိုးသမီးတစ်ဦးက ကျွန်မအား စူးစူးရဲရဲကြည့်ကာ ”နင်ဘယ်အထိ ရောက်သွားခဲ့လဲ”ဟု ထပ်မံမေးပြန်သည်။  သူ့ အကြည့်၊ သူ့အသံနှင့် သူမေးပုံတို့မှာ ပြင်ဆင်မရနိုင်လောက်သော အမှားကြီးကိုကျူးလွန်ခဲ့သူ ရာဇဝတ်သားတစ်ယောက်ကို မေး နေသည့် ပုံမျိုးဖြစ်သည်။ ကျွန်မ ထိုအမျိုးသမီးကို ပြန်ဖြေချင်စိတ် မရှိသဖြင့် ထိုအနားမှ လှည့်ထွက်ခဲ့သည်။ ရင်ထဲတွင် မရောက်ဖူး သည့် နေရာဒေသအသစ် ရောက်ဖူးရသဖြင့် ခံစားရသည့်အပျော် များ ပျောက်ကွယ်ကုန်သည်။

            ချော်လဲမည်စိုးသဖြင့် ခြေထောက်နင်းမည့်နေရာကိုပဲ ကြည့်နေသည့်အတွက် ထိုစောင်းတန်းပေါ်သို့ တက်သွားစဉ် တုန်းက မမြင်ခဲ့သည့် ‘အမျိုးသမီးမတက်ရ’ဆိုသော ဆိုင်းဘုတ် ကို ပြန်ဆင်းလာတော့မှ မြင်လိုက်ရသည်။

            ကျွန်မတို့ဘဝတစ်လျှောက်လုံးတွင် သိတတ်စအရွယ်က တည်းက ဘာသာရေး အဆောက်အဦများတွင် မြင်ရ၊ တွေ့ရသည့် ဆိုင်းဘုတ်ဖြစ်သည်။ မြင်ရဖန်များသဖြင့် ရိုး၍ပင်နေလေရာ ထို ဆိုင်းဘုတ်၏ နောက်ဆက်တွဲ အတိမ်အနက်ကို ဆက်၍ မစဉ်းစား တော့ဘဲ ထိုတားမြစ်ချက်ကိုသာ ဘဝတစ်လျှောက်လုံး လိုက်နာ ခဲ့လေသည်။ ငယ်စဉ်က လူကြီးသူမတချို့က ပြောဖူးသည်။ မိန်းမ ဟူသည် ယုတ်ညံ့သည့် အမျိုး၊ ဘုန်းနိမ့်ကံနိမ့်အမျိုးဟူ၏။

            ဆေးပညာသဘောတရားအရ မိခင်ဝမ်းဗိုက်ထဲရှိ သန္ဓေ သားလောင်းဘဝတွင် ခရိုမိုဆုမ်းပါဝင်သည့် အခြေအနေအပေါ် မူတည်၍ ယောက်ျားလိင်အင်္ဂါ၊ မိန်းမလိင်အင်္ဂါဟူ၍ ကွဲပြားကာ မွေးဖွားလာကြခြင်းဖြစ်ရာ မည်သူက မြတ်သည်၊ မည်သူက ယုတ်ညံ့သည်ဟု ပြော၍ ရပါမည်လော။

            ကျွန်မသည် ငယ်စဉ်က ‘အမျိုးသမီးမတက်ရ’ဆိုသည့် တားမြစ်ချက်များကို မချိုးဖောက်ခဲ့ဖူးသော်လည်း လူကြီးသူမတို့ ၏ ‘ယောကျ်ားတွေက မိန်းမထက် မြတ်သည်’ဆိုသည့်စကားကို ဆန့်ကျင်ခဲ့သည်။ လူတစ်ယောက်တွင် ယောက်ျားလိင်အင်္ဂါပါရုံ ဖြင့် ဘုန်းကံမြင့်သည်ဟု မှတ်ယူသည့် ငတုံးငအများကို လွန်စွာ စိတ်ဆိုးခဲ့ဖူးသည်။ စိတ်အဆိုးဆုံးမှာ မိန်းမများကိုယ်တိုင်က မိမိ တို့ကိုယ်မိမိ ယုတ်ညံ့သူများဟု လက်ခံထားသည့် အချက်ပင် ဖြစ် လေသည်။

            မည်သည့်အချက်ကိုထောက်ရှု၍ အမျိုးသမီးများကို ဘုန်း နိမ့်သည်ဟု သတ်မှတ်ကြသနည်းဆိုသည့်မေးခွန်းကို ကိုယ့်ကိုယ် ကိုယ် ပြန်မေးမိသည်။ အမျိုးသမီးများသည် ပဋိသန္ဓေကို လွယ် ကြရသည်။ ကလေးမွေးဖွားကြရသည်။ ထိုသို့ကလေးမွေးဖွားရ ခြင်းကြောင့် ဘုန်းနိမ့်သည့်အမျိုးဟု သတ်မှတ်ကြခြင်းက အဖြေ ဆိုလျှင်၊ အမျိုးသမီးတို့ လစဉ်ဓမ္မတာပန်းပွင့်သည်ကို ယုတ်ညံ့ သည်ဟုမှတ်ယူခြင်းက အဖြေဟုဆိုလျှင် ကျွန်မတို့ လူ့အဖွဲ့ အစည်းအတွက် လွန်စွာလွဲမှားနေသော စံနှုန်းဟုဆိုရမည်။

            ကျွန်မအမြင်နှင့် အယူအဆကား အမျိုးသမီးများ ပဋိ သန္ဓေတည်ရခြင်း၊ လူသားတို့အား မွေးဖွားသန့်စင်ရခြင်း၊ မိခင် တစ်ယောက် ဖြစ်ခွင့်ရခြင်းများလောက် မြင့်မြတ်သည့်အရာမရှိ။ အမျိုးသမီးများ၏ လစဉ်ရာသီပန်းသည် မြင့်မြတ်သည့် ပဋိ သန္ဓေတည်ခြင်း၊ လူသားတို့အား မွေးဖွားသန့်စင်ခြင်းများ ပြု လုပ်ရန် ကြိုတင်ပြင်ဆင်သည့် လွန်စွာအရေးကြီးသော လုပ်ငန်း ဆောင်တာတစ်ခုသာ ဖြစ်လေသည်။  သန္ဓေသားလောင်းအတွက် အမျိုးသမီးတစ်ဦး၏ ရာသီသွေးသည် အသက်ဖြစ်သည်။ လူသား တိုင်းသည် အမျိုးသမီးတစ်ဦး၏ ရာသီသွေးဖြင့် အသက်ရှင်သန် ခဲ့ကြရခြင်းဖြစ်သည်။

            သို့ဆိုလျှင် ‘အမျိုးသမီးများသည် ယောက်ျားများထက် ယုတ်ညံ့သည်’ဆိုသည့် အချက်ကို လက်ခံနေသူများ၊ ကျင့်သုံးနေ သူများသည် ယုတ်ညံ့သောအမေမှ မွေးဖွားလာသူများသာ ဖြစ် မည်ဆိုသည့် စွပ်စွဲချက်ကိုလည်း လက်ခံရပေမည်။ သို့မှသာ အကျိုးအကြောင်း ဆီလျော်မှု ရှိပေမည်။

            ကျွန်မတို့ နိုင်ငံကဲ့သို့ပင် ဗုဒ္ဓဘာသာကိုးကွယ်သည့် သီရိ လင်္ကာနိုင်ငံတွင် အမျိုးသမီးများ လစဉ်ဓမ္မတာပေါ်ချိန်ကာလ အတွင်း မြင့်မြတ်သည့် ဘာသာရေးအဆောက်အအုံများသို့ အမျိုးသမီးများမသွားရ၊ အမျိုးသမီးတို့၏ ရာသီသွေးသည် ယုတ် နိမ့်သည်ဟူသည့် ကန့်သတ်ချက်နှင့် ယူဆချက်များရှိသည်။ အမျိုးသားနှင့် အမျိုးသမီး တန်းတူညီမျှရေး ကိစ္စရပ်များကို လေ့ လာသည့် သုတေသနအဖွဲ့တခုက ယင်းကိစ္စရပ်ကို သုတေသနပြု လုပ်ခဲ့ရာ အောက်ပါအဖြေများကို ရရှိခဲ့ကြောင်း လေ့လာမှတ် သား ဖူးသည်။

            လွန်ခဲ့သော နှစ်ပေါင်းများစွာက သီရိလင်္ကာနိုင်ငံတွင် ဘုရားကျောင်းကန်နှင့် ဘာသာရေးအဆောက်အအုံများသည် လူသူမနီးသည့် တောကြီးမျက်မည်းထဲတွင် ရှိကြသည်။ လူတို့နေ သောအရပ်နှင့်ဝေးသည့် ဆိတ်ငြိမ်ရာတွင် တည်ထားကိုးကွယ်ကြ သည်။ အမျိုးသား၊ အမျိုးသမီးများသည် ထိုကျောင်းကန်ဘုရား များသို့ သွားလိုလျှင် သားရဲတိရ္ဆာန်များ ရှိတတ်သည့် တောစဉ် တောင်တန်းများကို ဖြတ်သန်းသွားကြရသည်။

            လူတို့၏ ခန္ဓာကိုယ်ထဲမှထွက်သည့် မည်သည့်သွေးမဆို ညှီတတ်သည့် သဘာဝရှိရာ ထိုတောစဉ်တောင်တန်းများမှ ဖြတ် သန်းသွားချိန်တွင် ကျား၊ ခြင်္သေ့ကဲ့သို့ သားရိုင်းတိရစ္ဆာန်များ၏ အန္တရာယ်ပြုမူခြင်းကို ခံရနိုင်သဖြင့် အမျိုးသမီးများ ဓမ္မတာ သွေးပေါ်နေစဉ်တွင် ဘုရားကျောင်းကန်များသို့ မလိုက်ပါကြရန် စတင်တားမြစ်ခဲ့ကြခြင်းဖြစ်သည်။ ထိုစဉ်ကာလများက အမျိုး သမီးများအတွက် တစ်ကိုယ်ရေသန့်ရှင်းစေမည့် ရုပ်ဝတ္ထုများ၊  အမျိုးသမီး လစဉ်သုံးပစ္စည်းများ မပေါ်ပေါက်သေးသည့် ကာလ ဖြစ်ရာ ထိုကာလအတွင်း လုံချည်အထပ်ထပ်ဝတ်ကာ လှုပ်ရှား သွားလာခဲ့ကြရသည်။

            ထို့နောက် ကာလပြောင်းလဲလာသည်နှင့်အမျှ ဘုရား ကျောင်းကန်များသည် လူသူနီးစပ်သည့် အရပ်များတွင် ပေါ် ပေါက်လာသည်။ ယခင်ကလို တောစဉ်တောင်တန်းများကို ဖြတ် သန်းသွားစရာမလိုတော့သလို ကျားရဲတိရစ္ဆာန်များ၏ အန္တရာယ် ကိုလည်း စိုးရိမ်ရန် မလိုအပ်တော့ပေ။ အလားတူ အမျိုးသမီးများ အတွက်  လစဉ်သုံး တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများ ပေါ် ပေါက်လာသည်။

            သို့သော် အမျိုးသမီးများ လစဉ်ရာသီပန်းပွင့်နေချိန်တွင် ဘုရားကျောင်းကန်များသို့ မသွားရဆိုသည့် အယူအဆကား ပျောက်မသွားဘဲ အမျိုးသမီးတို့၏ ရာသီသွေးသည် ညစ်ညမ်း သည်၊ ဘုန်းနိမ့်သည်ဆိုသည့် အယူအဆအလွဲအမှားများက ပို၍ တိုး၍ ခိုင်မာလာခဲ့လေသည်။ လွန်ခဲ့သည့် နှစ်ပေါင်းရာထောင်ချီ က အမျိုးသမီးတို့၏ အသက်အန္တရာယ်ကို ကာကွယ်လိုသဖြင့် ကန့်သတ်ခဲ့သည့် အယူအဆတို့သည် ခေတ်ကာလနှင့်လျော်ညီစွာ ပြောင်းလဲလာခြင်းမရှိတော့ဘဲ ယနေ့ခေတ်တွင် အမျိုးသမီးတို့ အား နှိမ့်ချရန်၊ ခွဲခြားဆက်ဆံခြင်းအဖြစ်နှင့်သာ ဆက်လက်ကျင့် သုံး သတ်မှတ်နေကြလေတော့သည်။

            ဒါက သီရိလင်္ကာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် သုတေသန အဖြေတစ်ခုဖြစ်သည်။ ကျွန်မတို့ မြန်မာနိုင်ငံတွင်ကား မည်သည့် သုတေသနမျှမရှိ။ ဟိုနေရာ အမျိုးသမီးမတက်ရ၊ သည်နေရာ အမျိုးသမီးမတက်ရဆိုသည့် တားမြစ်ချက်များ မည်သို့ပေါ်ပေါက် လာသည်ကိုလည်း မည်သူမျှတိတိပပမသိကြ။

            မိန်းမတစ်ယောက်အဖြစ် မွေးဖွားလာသည့် ကျွန်မသည် သိတတ်စအရွယ်ကတည်းက ‘အမျိုးသမီးမတက်ရ’ဆိုသည့် တားမြစ်ချက်ဆိုင်းဘုတ်များကို တစ်ကြိမ်တစ်ခါမျှပင် မချိုး ဖောက်ခဲ့ဖူးပေ။ မည်သူစ၍ ဖန်တီးလိုက်မှန်း မသိသည့် ထိုအမိန့် များကို လိုက်နာခဲ့သည်မှာ ယခု လူ့သက်တမ်း ထက်ဝက်နီးပါး အထိပင်ဖြစ်သည်။ ယခုမူကား ထိုတားမြစ်ချက်ကို ရည်ရွယ်ချက် မရှိပါဘဲ ချိုးဖောက်သလို ဖြစ်ခဲ့လေသည်။

            မိမိအား ရိုက်မချရုံတမယ် နှင်ထုတ်သည့် ဘုရားစောင့် အမျိုးသားနှစ်ယောက်နှင့် စောင်းတန်းခြေရင်းတွင် ဘုရားပန်း များရောင်းချသည့် အမျိုးသမီးတို့၏ မျက်နှာအမူအရာတို့ကို ကျွန်မ တော်ရုံနှင့်မေ့ပျောက်မည်မထင်။ ထိုနေ့က ကြုံတွေ့ရ သော အဖြစ်အပျက်ကြောင့် ထိုဘုရားနှင့်ပတ်သက်သည့်သမိုင်းကို ရှာဖွေဖတ်ရှုကြည့်မိသည်။ ထိုကျိုက္ခမီရေလယ်ဘုရားနှင့် ပတ်သက်၍ ဒေသခံတို့၏ ယုံကြည်စွဲလမ်းမှုအကြောင်းကို ဒေသ ခံမိတ်ဆွေတချို့ထံ မေးမြန်းကြည့်မိသည်။

            သမိုင်းဖော်ပြချက်အချို့တွင် ကျိုက္ခမီမြို့သူ၊ မြို့သားများ ဝိုင်းဝန်းဆွဲတင်ခဲ့ကြသော်လည်း ရပ်တန့်နေရာက မရွေ့သည့် ရုပ် ပွားတော်အား အကျင့်သီလနှင့်ပြည့်စုံသည့် မုဆိုးမက အဓိဋ္ဌာန် ပြုကာ ချည်မျှင်နှင့် ဆွဲယူပင့်ဆောင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

            ထိုရုပ်ပွားတော်ကို ထားရှိရာ ကျောင်းဆောင်သည် နှစ် ကာလကြာရှည်သောအခါ ထိုကျောင်းဆောင် ပျက်စီးယိုယွင်း သဖြင့် သစ်သားကျောင်းဆောင်သစ်တစ်ခုသို့ ရွှေ့ပြောင်းထား ရှိကာ ကိုးကွယ်ခဲ့ကြသည်။ ထို့နောက် ဘုရားမီးပူဇော်ရာမှာ ထို ကျောင်းဆောင်အား ထပ်မံ၍မီးလောင်ခဲ့ပြန်ရာ အုတ်ကျောင်း ဆောင်ကို ပြန်လည် တည်ဆောက်ကာ ယင်းရုပ်ပွားတော်အား ဌာပနာခဲ့သည်။ အဆိုပါ မူလမျှောဘုရားကိုယ်စား ဉာဏ်တော် နှစ်တောင်ကျော်ရှိသော ရုပ်ပွားတော်တစ်ဆူကို ထပ်မံ ပူဇော် ခဲ့ကြသည်။

            ယခုလက်ရှိ မြင်တွေ့နိုင်သည့် ရုပ်ပွားတော်သည် မူလရုပ် ပွားတော်မဟုတ်ဘဲ ကိုယ်စားရုပ်ပွားတော်ဖြစ်သည်။ မူလရုပ်ပွား တော်သည် ‘အမျိုးသမီးမတက်ရ’ဟု တားမြစ်ထားသည့် ကျောင်းဆောင်အောက်တွင် ဌာပနာထားခြင်းဖြစ်သည်။ အကယ်၍ ထိုကျောင်းဆောင်ပေါ်သို့ အမျိုးသမီးတက်ရောက် ပါက ရုတ်တရက် မိုးသက်မုန်တိုင်းကျခြင်း၊ ရေကြီးခြင်း၊ မိုးကြိုး ပစ်ခြင်းများ ကြုံရတတ်သည်ဟု ဒေသခံတို့က ယုံကြည်စွဲလမ်းကြ လေသည်။

            ယခု ကျိုက္ခမီ ရေလယ်ဘုရားစောင်းတန်းပေါ်မှ ရင့်သီးစွာ မောင်းချခံလိုက်ရသည့်ကျွန်မသည် ဘုရားပင် ဝတ်မပြုနိုင်ခဲ့ တော့ဘဲ ရှက်ခြင်း၊ စိတ်ပျက်ခြင်း၊ မုန်းတီးခြင်း၊ ဒေါသထွက်ခြင်း စသည့် ဆူးတို့သာ ပေါက်၍ ထိုနေရာမှ လှည့်ပြန်ခဲ့သည်။ လူချင်း ကွဲသွားသည့် အဖော်များကို ထိုင်စောင့်ရန် ကားရပ်နားထားခဲ့ သည့် တောင်ကုန်းပေါ်သို့ ပြန်တက်ခဲ့သည်။

            သာယာကြည်လင်သည့် ရာသီဥတုကြောင့် တိမ်တွေ အဆုပ်လိုက်နှင့် ပြာလဲ့နေသည့် မိုးကောင်းကင်ကြီးကို ငေးမော ကြည့်နေရသော်လည်း မူလက ကြည်လင်နေသည့် ကျွန်မ၏ စိတ် ကလေးမှာမူ တစ်ခဏအတွင်း ပျောက်ချင်းမလှ ပျောက်သွား သည်။ မိမိယုံကြည်ကိုးကွယ်ရာ ဘာသာတရားတွင် ယောက်ျား ဆိုသူများ အခွင့်အထူးခံနေခြင်းကို မနှစ်မြို့သည့် စိတ်၊ ရွံရှာသည့် ခံစားချက်က တဖွားဖွားပေါ်လာသည်။

            ထို့ကြောင့် ‘အမျိုးသမီးများ မတက်ရ’ဆိုသည့် တားမြစ် ဆိုင်းဘုတ်များနေရာတွင် ‘ကံငါးပါးနှင့် မလုံသူများ မတက်ရ’၊  ‘သူတစ်ပါး ဥစ္စာပစ္စည်း ခိုးယူဖူးသူများ မတက်ရ’၊ ‘သူတစ် ပါးအသက် သတ်ဖူးသူများ မတက်ရ’၊ ‘သေရည်အရက် သောက် သုံးသူများ မတက်ရ’ ၊ ‘သူတစ်ပါး သားမယား ပြစ်မှားဖူးသူများ မတက်ရ’၊ ‘လိမ်ညာလှည့်ဖျားသူများ မတက်ရ’ဆိုသည့် ဆိုင်း ဘုတ်များကို အစားထိုးမြင်ယောင်မိသည်။

            သူတစ်ပါး ထိခိုက်နစ်နာစေမည့် လုပ်ရပ်မျိုး ဘဝတွင် တစ်ကြိမ်တစ်ခါမျှပင် မလုပ်ခဲ့ဖူးသည့် ကျွန်မသည် ဘုရားစောင်း တန်းပေါ်မှ ကျွန်မအား နှင်ချခဲ့သော ရဲဝန်ထမ်း၏ အဆီပြန်နေ သော မျက်နှာကိုသာ ပြန်မြင်ယောင်မိသည်။ ထိုသူအပါအဝင် ထိုဘုရားကျောင်းဆောင်ပေါ်သို့ လွတ်လပ်စွာ တက်ခွင့်ရသည့် ယောကျ်ားဆိုသူများသည် ကံငါးပါးနှင့်လုံခြုံပါ၏လော။ မိမိလိပ် ပြာကိုမိမိ ယုံကြည်ပါ၏လော။ မည်သူ့ကိုမျှ မပြစ်မှားခဲ့ကြောင်း၊ မည်သူ့ဥစ္စာကိုသော်မျှ မခိုးဝှက်ခဲ့ကြောင်း၊ သေရည်သေရက်ကို စိုးစဉ်းမျှပင် မသောက်ခဲ့ဖူးကြောင်း မိမိကိုယ်ကိုယ် မှတ်ကျောက် တင်ခံဝံ့ပါ၏လော။

            မြင့်မြတ်သောနေရာများသို့ အမျိုးသမီးများ မတက်ရဟူ သည့် အဓိပ္ပာယ်မဲ့သော အယူအဆများဖြင့်  အမျိုးသမီးတို့အား ဘုန်းကံနိမ့်သူအဖြစ် ခွဲခြားနှိမ်ချဆက်ဆံပြုလုပ်မည့်အစား အပြစ်ရှိသူများ၊ ကံငါးပါးနှင့် မလုံသူများ တက်ရောက်သည်ကို တားမြစ်ခြင်းကသာ ပို၍ အဓိပ္ပာယ်ရှိမည် မဟုတ်ပါလား။

            ကျွန်မ ယခုအသက်အရွယ်အထိ မြင်တွေ့ကြားသိရသည့် အချက်ကိုထောက်၍ ပြောစတမ်းဆိုလျှင်  ကံငါးပါး မလုံခြုံသူ လူ များစုမှာ အမျိုးသားများသာဖြစ်ကြရာ ဘုရားကျောင်းကန်ကဲ့သို့ မြင့်မြတ်သည့် နေရာထိုင်ခင်းများသို့ တက်ရောက်ခွင့်မရရှိမည့်သူ အများစုမှာ အမျိုးသားများသာ ဖြစ်ပေလိမ့်မည်။ ထိုသို့ တက်ရောက်ခွင့် မရှိဘဲ တက်လာသည့် ယောကျ်ားများကို ခွေးမောင်း သလို မောင်းချကြည့်ချင်စိတ်ဖြစ်မိသည်။ သို့မှသာ သူတို့ ကိုယ် ချင်းစာတတ်ပေမည်။

            သို့သော် ကျွန်မတို့ ဗုဒ္ဓဘာသာဝင်များ ယုံကြည်ကိုးကွယ် ကြသည့် ဗုဒ္ဓမြတ်စွာသည် ကံငါးပါးမလုံသူများ ဖြစ်လင့်ကစား အမေကိုပင် သတ်ရန်ကြိုးစားခဲ့သည့် လူမိုက်ကြီး အင်္ဂုလိမာလ ကိုသော်လည်းကောင်း၊ ဖခင်၏ ခြေဖဝါးကို ဓားနှင့်ခွဲကာ မီးကင် ၍ သတ်စေအမိန့်ပေးခဲ့သည် အဇာတသတ်ကိုလည်းကောင်း အကျွတ်တရားရအောင် တရားဟောပြောခဲ့သည်။ ကံငါးပါးနှင့် မလုံခြုံသူ လူမိုက်ဟုဆိုကာ ချန်လှပ်မထားခဲ့။

            အလားတူ အဝတ်ဗလာဖြင့် လမ်းတကာလျှောက်သွားနေ သည့် အရူးမပဋာစာရီကို သူ၏ရှေ့မှောက်သို့ ခေါ်ယူကာ အသိ တရားရစေရန် တရားရေအေးကို တိုက်ကျွေးခဲ့ဖူးသည်။ ဘုန်းကံ နိမ့်သော အမျိုးသမီးဟူ၍ ပစ်ပယ်ခြင်းမပြုခဲ့။

            မြတ်စွာဘုရားရှင်သည် ‘ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ’ ခွဲခြားခြင်းမပြုရန် သွန်သင်ဟောပြ ဆိုဆုံးမခဲ့ဖူးသည်။ သို့သော် ထိုဗုဒ္ဓ၏အဆုံးအမများကို ယုံကြည်ကိုးကွယ်ကြသည့် ကျွန်မတို့ မြန်မာ့လူ့အဖွဲ့အစည်းတွင် လူတို့ထည့်ပေါင်းထားသော ဘုရား ဟောတရားနှင့် မကိုက်ညီသည့် အယူအဆများကို တညီတညွတ် တည်း ကျင့်သုံးနေကြသည်ကို မြင်တွေ့နိုင်သည်။

            လွန်လေပြီးသော အတိတ်က အကျင့်သီလနှင့်ပြည့်စုံသည့် အမျိုးသမီးတစ်ဦး၏ စွမ်းရည်သတ္တိကြောင့် ယနေ့တွင် ခုနစ်ရက် သားသမီး ကိုးကွယ်ပူဇော်ခွင့် ရနေသော ကျိုက္ခမီရေလယ်ဘုရား မှ အပြန်ခရီးတွင် မုဒုံမြို့၊ ဂျုံးဂျုံးကျ ရေတံခွန်သို့ ဝင်ရောက် လည်ပတ်ကြရာ ထိုရေတံခွန်၏ ဘေးဘက်ရှိ ကမူလေးပေါ်တွင် တည်ထားသည့် စေတီငယ်တစ်ဆူ ရှိလေသည်။ ထိုစေတီဝင်း အတွင်းသို့ ဝင်လိုက်လျှင် ‘အမျိုးသမီး မတက်ရ’ ဆိုသည့် တား မြစ်ဆိုင်းဘုတ်ကို တွေ့ရပြန်ရာ ထိုနေ့သည် ကျွန်မ၏စိတ်ကို များစွာပြောင်းလဲပေးခဲ့သည့် နေ့တစ်နေ့၊ ကျွန်မကို အတွေးများ စွာ ပေါ်ခဲ့စေသည့် နေ့တစ်နေ့ ဖြစ်သည်။

            မွေးရာပါ ကွဲပြားခြားနားချက်ဖြစ်သည့် အမျိုးသမီးဖြစ် ခြင်း၊ အမျိုးသားဖြစ်ခြင်းတို့သည် ပြောင်းလဲ၍ မရသည့် အရာ များ ဖြစ်သော်လည်း ထိုသို့ ဖြစ်တည်မှုများအပေါ်  ပြင်ပပတ်ဝန်း ကျင်က ကျင့်သုံးသတ်မှတ်နေသည့် အယူအဆအလွဲများကို တစ်နေ့နေ့တွင် ပြုပြင်ပြောင်းလဲပစ်နိုင်ရမည်ဟု မိမိကိုယ်ကိုယ် ယုံကြည်မိလေသည်။

            အမျိုးသားက ဘုန်းကံမြင့်သည်၊ အမျိုးသမီးက ဘုန်းကံနိမ့် သည်ဆိုသည့် ယုတ္တိမရှိသော၊ အဓိပ္ပာယ်မဲ့သော အယူအဆများ ကို ကျွန်မတို့၏ သားမြေးမြစ်များလက်ထက်အထိ သယ်ဆောင် မသွားရန် ဆုံးဖြတ်မိလေသည်။     ။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."